iPhone မျိုးဆက်တွေ အဆင့်ဆင့် ဘယ်လိုပြောင်းလဲလာသလဲ?

date_range 17 September 2017

iPhone မျိုးဆက်တွေ အဆင့်ဆင့် ဘယ်လိုပြောင်းလဲလာသလဲ?

visibility 31560 Views

                Apple ဆိုတဲ့ ပန်းသီးတစ်ခြမ်းပဲ့လေးဟာ အခုအချိန်မှာဆိုရင် ကမ္ဘာပေါ်မှာ သြဇာကြီးမားတဲ့ နည်းပညာကုမ္ပဏီတွေထဲက တစ်ခုအနေနဲ့ နည်းပညာနယ်ပယ်မှာ နေရာယူထားပြီ ဖြစ်ပါတယ်။ Apple ကို အစပြုပေးခဲ့တာ Mac ပါ (နောက်ပိုင်း ဖုန်းဘက်ကိုပဲ ဦးစားပေးနေတော့လည်း Apple ကို နည်းနည်းတော့ချဉ်လာသည်)။ ဒါပေမယ့် Apple ကို အောင်မြင်မှုတွေ ပေးခဲ့တာက iPhone ပဲ ဖြစ်ပါတယ်။

                ကျနော်တို့အားလုံး ငယ်ငယ်တုန်းက ရောင်စုံပန်းသီးတစ်ခြမ်းပဲ့ Logo လေးနဲ့ Apple Monitor လေးတွေကို မြင်ဘူးကြမှာပါ။ အဲ့တုန်းကဆိုရင် ပန်းသီးတစ်ခြမ်းပဲ့လေးကို ကျနော်တို့ အထင်သေးခဲ့ကြပါတယ်။ ပန်းသီးတစ်ခြမ်းပဲ့ Logo လေးပါတဲ့ ပစ္စည်းတွေဆိုရင် ဘယ်သူမှ အထင်မကြီးခဲ့ကြပါဘူး။

                နောက်ပိုင်း မြန်မာနိုင်ငံမှာ ၁၅ သိန်းတန် မိုဘိုင်းဖုန်းတွေ ခေတ်ရှိလာတော့ ပန်းသီးတစ်ခြမ်းပဲ့ Logo လေး ကျောဘက်မှာကပ်ထားပြီး နှိပ်စရာ Keypad တွေ၊ ဘာတွေလည်း မပါတဲ့ ထူးထူးဆန်းဆန်း ဖုန်းတစ်လုံးကို အမေရိကန်က ပြန်လာတဲ့ ဘဲကြီးတစ်ယောက်ဆီကနေ မြင်ဘူးခဲ့ပါတယ်။ Keypad ဖုန်းနဲ့ပဲ ရင်းနှီးသား လူတစ်ယောက်အနေနဲ့ ဖုန်းကိုခိုင်းစေဖို့အတွက် Screen ကို လက်နဲ့ထိပေးရတဲ့ နည်းပညာနဲ့ တွေ့လိုက်ရာမှာတော့ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။

                “ဒါနဲ့ ဒီဖုန်းကိုထုတ်တာ ဘယ်ကုမ္ပဏီလည်းဗျ” လို့ ဘဲကြီးကိုမေးတော့ “မင်းတို့ အဲ့ကုမ္ပဏီကို သိပါတယ်ကွ။ ထုတ်တဲ့ကုမ္ပဏီက Apple လေ" တဲ့။ မှတ်မှတ်ရရ အဲ့တုန်းက မြင်ဘူးခဲ့တာ First Generation iPhone ဗျ။ Touch ကတော့ အနည်းငယ် Lag တယ်၊ အနည်းငယ်လေးတယ် ဆိုပေမယ့် မြန်မာနိုင်ငံက လူတစ်ယောက်အတွက်ကတော့ မျက်လုံးပြူးချင်စရာ ဖုန်းတစ်လုံးပါပဲ။ အဲ့ကစပြီးတော့ ပန်းသီးဆိုရင် သိပ်အထင်မသေးရဲတော့ပါဘူး။

                အဲ့ဒီနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာလည်း နည်းပညာပစ္စည်းလေးတွေ စုံစုံလင်လင်ရလာတဲ့အချိန်မှာတော့ Apple Laptop လေးတွေလည်း မြင်လာရပါတယ်။ ပထမဆုံး စသုံးကြည့်ပြီးထဲကစပြီး အခုအချိန်ထိ Mac ပဲ သုံးလာခဲ့တာ၊ Windows ဘက် လုံးဝမလှည့်ဖြစ်တော့ပါဘူး။ ဒါကတော့ တစ်ကမ္ဘာလုံးက လူတွေကိုသာမက မြန်မာနိုင်ငံက လူတစ်ယောက်ကိုပါ iPhone ကပေးခဲ့တဲ့ နည်းပညာသစ်တစ်ခု ဒါမှမဟုတ်ရင်လည်း အရှိန်အဝါတစ်ခုပေါ့။ 

                ဒီတော့ အရှိန်အဝါကြီးခဲ့တဲ့၊ အခုအချိန်ထိအောင်လည်း အရှိန်အဝါကို ထိန်းထားဆဲပဲဖြစ်တဲ့ iPhone မျိုးဆက်တွေ အဆင့်ဆင့် ဘယ်လိုများ ပြောင်းလဲလာလည်းဆိုတာကို ကြည့်လိုက်ရအောင် …

First Generation iPhone


                iPhone တွေအားလုံးရဲ့ ဖခင်လို့ ပြောလို့ရမယ့် ပထမဆုံး iPhone ကို Steve Jobs ကိုယ်တိုင် ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ မိတ်ဆက်ခဲ့ပါတယ်။ First Gen iPhone ဟာ 11.6 mm ထူပြီး 135 g အလေးချိန်ရှိခဲ့တဲ့ ထူလည်းထူသလို၊ လေးလည်းလေးတဲ့ ဖုန်းတစ်လုံးပါ။ RAM 128 MB နောက်ပြီး Storage ကလည်း 8 GB က အမြင့်ဆုံးဆိုတော့ အခုခေတ်ဖုန်းတွေနဲ့ ယှဉ်လိုက်ရင် ရယ်ချင်စရာကြီးပါ။


                Third-Party Apps တွေလည်း သုံးလို့မရခဲ့ပါဘူး။ Camera ကလည်း 2 MP ပဲ ရှိခဲ့သလို ဗီဒီယိုရိုက်ကူးလို့ မရပါဘူး။ GPS လည်း မပါဝင်တဲ့ First Gen iPhone 4 GB Model ဟာ ကန်ဒေါ်လာ ၄၉၉၊ 8 GB Model က ကန်ဒေါ်လာ ၅၉၉ (Mobile Carrier တွေနဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုပြီး ဝယ်ယူရတဲ့ ဈေးနှုန်း) ကျသင့်ခဲ့ပါတယ်။ အခုအချိန်ကျမှ iPhone တွေ ဈေးကြီးနေတာ မဟုတ်ပါဘူး။ ၂၀၀၇ ခုနှစ်ထဲကကို  iPhone က ဈေးကြီးလွန်းတယ်ဆိုပြီး အဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမယ့် အဝေဖန်သာခံခဲ့ရတာပါ၊ ပထမဆုံး ရက်သတ္တပါတ်မှာတင် အလုံးပေါင်း ၃ သိန်း ရောင်းထွက်ခဲ့ပါတယ်။


iPhone 3G


                First Gen iPhone ကို မိတ်ဆက်ပြီး တစ်နှစ်အကြာမှာပဲ iPhone 2G ကို ကျော်လိုက်ပြီး iPhone 3G ကို ၂၀၀၈ ခုနှစ်၊ ဂျွန်လ ၉ ရက်နေ့မှာ မိတ်ဆက်ခဲ့ပါတယ်။ iPhone 3G မှာ 3G Support ပါဝင်လာသလို GPS, Location Service စတာတွေလည်း ပါဝင်လာခဲ့ပါတယ်။ Storage ကိုလည်း 4 GB Model ကို ဖြုတ်လိုက်ပြီး 8 GB Model နဲ့ 16 GB Model ဆိုပြီး ပြောင်းလဲခဲ့ပါတယ်။


                First Gen iPhone တုန်းက ဈေးကြီးလွန်းတယ်လို့ ဝေဖန်မှုတွေ များခဲ့တဲ့အတွက် ဈေးနှုန်းတွေကိုလည်း 8 GB Model ကို ကန်ဒေါ်လာ ၁၉၉၊ 16 GB Model ကို ကန်ဒေါ်လာ ၂၉၉ (Mobile Carrier တွေနဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုပြီး ဝယ်ယူရတဲ့ ဈေးနှုန်း) အထိ လျော့ချပေးခဲ့ပါတယ်။ iPhone 3G မှာ ပြောင်းလဲမှုတွေ အများကြီးပါဝင်လာခဲ့တယ် ဆိုပေမယ့် အကြီးမားဆုံး ပြောင်းလဲမှုကို ပြောပါဆိုရင် အခုလက်ရှိ iOS သမားတွေရဲ့လက်စွဲ App Store စတင် ပါဝင်လာတာပါပဲ။ iPhone 3G ဟာ ပထမဆုံး ရက်သတ္တပါတ်မှာတင် အလုံးရေ ၁ သန်း ရောင်းထွက်ခဲ့ပါတယ်။


iPhone 3Gs


                ၂၀၀၉ ခုနှစ်၊ ဂျွန်လ ၈ ရက်နေ့မှာတော့ Apple က iPhone 3Gs ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီဇိုင်းပိုင်း အပြောင်းအလဲတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် iPhone 3G ထက်တော့ နှစ်ဆမြန်တယ်လို့ Apple က ဆိုခဲ့ပါတယ်။ RAM ကိုလည်း 256 MB အထိ တိုးမြှင့်လိုက်ပြီး Camera ကိုလည်း 3 MP အထိ တိုးမြှင့်ခဲ့ပါတယ်။ Megapixel တင် မြှင့်လိုက်တာမဟုတ်ပဲ ဗီဒီယိုတွေလည်း ရိုက်ကူးနိုင်ခဲ့ပါတယ်။ iPhone 3Gs က iPhone တွေထဲမှာ ပထမဆုံး ဗီဒီယိုရိုက်ကူးနိုင်ခဲ့တဲ့ဖုန်းဆိုရင် မှားမယ်မထင်ပါဘူး။


                ဗီဒီယိုတွေလည်း ရိုက်ဦးမယ်၊ ဓာတ်ပုံတွေ၊ သီချင်းတွေကလည်း သိမ်းထားဦးမယ်ဆိုတော့ 8 GB ဆိုတဲ့ Storage က လုံးဝ မလောက်တော့ပါဘူး။ ဒီတော့ Apple က iPhone 3Gs Base Model ရဲ့ Storage ကို 16 GB အထိ တိုးပေးခဲ့ပါတယ်။ ဈေးနှုန်းကတော့ ပြောင်းလဲမသွားပဲ 16 GB Model က ကန်ဒေါ်လာ ၁၉၉၊ 32 GB Model က ကန်ဒေါ်လာ ၂၉၉ (Mobile Carrier တွေနဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုပြီး ဝယ်ယူရတဲ့ ဈေးနှုန်း) ကျသင့်ခဲ့ပါတယ်။


                နောက်ပြီးတော့ အခုလက်ရှိ iOS သမားတွေနဲ့ ရင်းနှီးနေပြီဖြစ်တဲ့ Siri ရဲ့အစလို့ ပြောလို့ရမယ့် Voice Control လည်း iPhone 3Gs မှာ စတင်ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း Voice Control ဟာ ဘာမှတော့ အသုံးမဝင်ခဲ့ပါဘူး။ Phone 3Gs ဟာ iPhone 3G လိုပဲ ပထမဆုံး ရက်သတ္တပါတ်မှာတင် အလုံးရေ ၁ သန်း ရောင်းထွက်ခဲ့ပါတယ်။

iPhone 4


                အပြင်ပန်းဒီဇိုင်းတွေ တော်တော်ကြီးပြောင်းလဲသွားခဲ့တဲ့ iPhone 4 ကိုတော့ ၂၀၁၀ ခုနှစ်၊ ဂျွန်လ ၇ ရက်နေ့မှာ မိတ်ဆက်ခဲ့ပါတယ်။ 9.3mm အထူပဲရှိတော့တဲ့ ရှေ့ဘက်နဲ့ ကျောဘက်မှာ မှန်တွေကပ်ထားပြီး၊ ဘေးဘက်တွေမှာ Aluminum ဘောင်တွေကို Antenna တွေအဖြစ် (အဲ့တုန်းက Antenna ပေါ်ကို လက်နဲ့အုပ်မိရင် ဖုန်းကျသွားတဲ့ ပြဿနာတွေ ရှိခဲ့ပါတယ်) တပ်ဆင်ထားတဲ့ ဒီဇိုင်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် iPhone 3Gs ထက်တော့ 2 g လောက် ပိုလေးသွားပါတယ်။

                အခုမျိုးဆက် iPhone တွေ၊ iPad တွေနဲ့ Mac တွေမှာ အသုံးပြုနေတဲ့ “Retina Display” ကိုလည်း iPhone 4 မှာ စတင် တပ်ဆင်ခဲ့ပါတယ်။ “Retina Display” နဲ့ ပက်သက်ပြီးတော့ Steve Jobs က iPhone 4 ကို မိတ်ဆက်ခဲ့ချိန်တုန်းက

“ခင်ဗျားတို့ Retina Display ကို တစ်ခေါက်သုံးပြီးပြီဆိုရင် မသုံးရပဲ နေနိုင်မှာမဟုတ်ဘူး” 

လို့ ပြောခဲ့ပါသေးတယ်။

                ဖုန်းရဲ့အပြင်ပန်းတင်မဟုတ်ပဲ အတွင်းပိုင်း Software ကိုလည်း ပြောင်းလဲခဲ့ပြီး iOS 4 လို့ အမည်ပေးခဲ့ပါတယ်။ iOS 4 မှာတော့ အခုလက်ရှိ အနောက်နိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့ FaceTime Video Chatting လဲ စတင် ပါဝင်လာပါတယ်။ Camera ကိုလည်း 5 MP အထိ အဆင့်မြှင့်ခဲ့ပါတယ်။


                RAM ကိုတော့ 512 MB အထိ တိုးမြှင့်ပေးခဲ့ပေမယ့် Storage ပိုင်းမှာတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး။ ဒါ့ကြောင့် ဈေးနှုန်းလည်း အပြောင်းအလဲမရှိခဲ့ပဲ 16 GB Model က ကန်ဒေါ်လာ ၁၉၉၊ 32 GB Model က ကန်ဒေါ်လာ ၂၉၉ (Mobile Carrier တွေနဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုပြီး ဝယ်ယူရတဲ့ ဈေးနှုန်း) ကျသင့်ခဲ့ပါတယ်။ iPhone 4 ကတော့ iPhone 3Gs ထက်ကျော်သွားပြီး ပထမဆုံး ရက်သတ္တပါတ်မှာတင် အလုံးရေ ၁.၇ သန်း ရောင်းထွက်ခဲ့ပါတယ်။


iPhone 4s


                အပြင်ပန်း ဒီဇိုင်းပိုင်း ဘာမှပြောင်းလဲမှု မရှိခဲ့တဲ့ iPhone 4s ကိုတော့ အနည်းငယ်နောက်ကျပြီး ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှာမှ မိတ်ဆက်ခဲ့တာပါ။ အထူကတော့ 9.3 mm ဖြစ်တဲ့အတွက် မပြောင်းလဲပေမယ့် အလေးချိန်ကတော့ 140 g လေးတဲ့အတွက် iPhone 4s ထက်တော့ 3 g လောက် ပိုလေးသွားပါတယ်။

                iPhone 4s ဟာ iPhone တွေထဲမှာတော့ Dual-Core Processor ပထမဆုံး အသုံးပြုခဲ့တဲ့ ဖုန်းဖြစ်ပါတယ်။ (iPad 2 မှာလည်း အဲ့ဒီ့ Processor ကိုပဲ အသုံးပြုခဲ့ပါတယ်) Camera ပိုင်းမှာတော့ 5 MP ကနေ 8 MP အထိ အဆင့်မြှင့်ပေးခဲ့ပြီး 1080p ဗီဒီယိုတွေကို စတင်ရိုက်ကူးလို့ရပြီ ဖြစ်ပါတယ်။


                RAM ပိုင်းကတော့ ပြောင်းလဲမသွားပဲ 512 MB ပဲ ရှိခဲ့ပါတယ်။ Storage ပိုင်းမှာတော့ 8 GB Model, 16 GB Model အပြင် 64 GB Model ကိုပါ စတင်ရောင်းချခဲ့ပါတယ်။ ဈေးနှုန်းကတော့ ပြောင်းလဲသွားခြင်းမရှိပဲ 16 GB Model က ကန်ဒေါ်လာ ၁၉၉၊ 32 GB Model က ကန်ဒေါ်လာ ၂၉၉၊ အသစ်ထပ်ထွက်တဲ့ 64 GB Model က ကန်ဒေါ်လာ ၃၉၉ (Mobile Carrier တွေနဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုပြီး ဝယ်ယူရတဲ့ ဈေးနှုန်း) ကျသင့်ခဲ့ပါတယ်။

                အခုအနောက်နိုင်ငံအပြင် မြန်မာနိုင်ငံကတစ်ချို့ iOS သမားတွေပါ အသုံးပြုနေပြီဖြစ်တဲ့ Siri လည်း iPhone 4s မှာ စတင် ပါဝင်လာခဲ့ပါတယ်။ Siri ပါဝင်လာပြီဖြစ်တဲ့ iPhone 4s ကတော့ ပထမဆုံး ရက်သတ္တပါတ်မှာတင် အလုံးရေ ၄ သန်း ရောင်းထွက်ခဲ့ပါတယ်။


iPhone 5


                အပြင်ပန်းဒီဇိုင်းပိုင်း အရမ်းကြီးပြောင်းလဲမှုတွေမရှိပေမယ့် ပထမဆုံးအနေနဲ့ Screen Size လည်း 4in ဖြစ်သွားသလို Lightning Connector လည်း စတင်ပါဝင်လာတဲ့ iPhone 5 ကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့၊ ၂၀၁၂ ခုနှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။ iPhone 5 ဟာ 7.6 mm အထူပဲရှိပြီး၊ 112 g အလေးချိန်ပဲ ရှိပါတော့တယ်။


                Camera ပိုင်းနဲ့ Storage ပိုင်းမှာ ပြောင်းလဲမှုမရှိပေမယ့် RAM ကတော့ iPhone 5 မှာ 1 GB အထိ ရှိလာပါတယ်။  Cellular ပိုင်းမှာလည်း 3G အပြင်၊ LTE Support လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ဈေးနှုန်းတွေ (Mobile Carrier တွေနဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုပြီး ဝယ်ယူရတဲ့ ဈေးနှုန်း) ပြောင်းလဲခြင်းမရှိခဲ့တဲ့ iPhone 5 ကတော့ iPhone 4s ထက်ကျော်လွန်ပြီး ပထမဆုံး ရက်သတ္တပါတ်မှာတင် အလုံးရေ ၅ သန်း ရောင်းထွက်ခဲ့ပါတယ်။


iPhone 5s and 5c


                ဒီဇိုင်းပိုင်းပြောင်းလဲမှုတွေ မပါဝင်တဲ့ iPhone 5s နဲ့အတူ ပထမဦးဆုံးအနေနဲ့ တန်ဖိုးနည်း iPhone 5c ကိုပါ စက်တင်ဘာလ ၁၀ ရက်နေ့၊ ၂၀၁၃ ခုနှစ်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ iPhone 5s ဟာ အပြင်ပန်း ဒီဇိုင်းပြောင်းလဲမှု မရှိခဲ့ဘူးဆိုပေမယ့် အရင်ကလိုမျိုး အဖြူနဲ့ အမည်းအရောင်တွေနဲ့သာမက Gold ပါ ထပ်တိုးလာပါတယ်။


                iPhone 5c ကတော့ 8.97 mm အထူ၊ 132 g အလေးချိန်ရှိပြီး အဝါ၊ အစိမ်း၊ အနီ၊ အပြာ၊ အဖြူ စတဲ့ အရောင်တွေနဲ့ ရောင်းချခဲ့ပါတယ်။ iPhone 5c က ရှင်းရှင်းပြောရရင် iPhone 5 ကို Reskin ပြန်လုပ်ထားတာပါပဲ။ Spec တွေက iPhone 5 နဲ့ အတူတူပါ။ Apple အနေနဲ့ iPhone 5c 16 GB Model ကို ကန်ဒေါ်လာ ၉၉ ဒေါ်လာ နဲ့ ရောင်းချခဲ့ပါတယ်။

                iPhone 5s ကတော့ Processor ပိုင်းမှာ အပြောင်းအလဲ များခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ 64-bit A7 SoC သုံးထားတဲ့အပြင် M7 ဆိုတဲ့ Motion Coprocessor လေးလည်း ပါဝင်လာခဲ့ပါတယ်။ Camera ပိုင်းမှာတော့ Dual Flash စတင်ပါဝင်လာပေမယ့် Megapixel ကတော့ iPhone 5 မှာလိုမျိုး 8 MP ပဲ ရရှိခဲ့ပါတယ်။ Dual Flash တင် မကသေးပဲ Slo-Mo Video Support လည်း စတင်ပါဝင်လာခဲ့ပါတယ်။


                TouchID လည်း စတင်ပါဝင်လာခဲ့တဲ့ iPhone 5s ဟာ Storage ပိုင်းမှာရော၊ ဈေးနှုန်းပိုင်း (Mobile Carrier တွေနဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုပြီး ဝယ်ယူရတဲ့ ဈေးနှုန်း) မှာပါ ပြောင်းလဲခြင်း မရှိခဲ့ပါဘူး။ iPhone 5 နဲ့ iPhone 5c တို့ဟာ ပထမဆုံး ရက်သတ္တပါတ်မှာတင် အလုံးရေ ၅ သန်း ရောင်းထွက်ခဲ့ပါတယ်။


iPhone 6 and 6 Plus


                ဒီဇိုင်းပိုင်းမှာ အရင်ကလို ဖုန်းရဲ့ ရှေ့ဘက်နဲ့ ကျောဘက်မှာ Glass ကပ်ထားတဲ့ ဒီဇိုင်းမဟုတ်တော့ပဲ ဖုန်းရဲ့ကျောဘက်နဲ့ ဘေးဘက်တွေကို Aluminum (Aluminum သုံးထားပေမယ့် အဲ့တုန်းက ဖုန်းကိုဘောင်းဘီအိပ်ထဲ ထည့်ထားရင် ကွေးသွားတဲ့ ပြဿနာ ရှိခဲ့ပါတယ်) အသုံးပြုထားတဲ့ iPhone 6 နဲ့ iPhone 6 Plus တို့ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှာ မိတ်ဆက်ခဲ့ပါတယ်။


                ပထမဆုံးအနေနဲ့ Screen Size တွေကို တိုးခဲ့ပါတယ်။ iPhone 6 ရဲ့ Screen Size က 4.7 in ရှိပြီး 6 Plus ကတော့ 5.5 in ရှိပါတယ်။ အထူကတော့ iPhone 6 က 7.1 mm ရှိပြီး 6 Plus က 7.3 mm ရှိပါတယ်။ အလေးချိန်ကတော့ iPhone 6 က 142 g ၊ 6 Plus က 192 g ရှိတာဆိုတော့ iPhone 5s ထက်တော့ ပိုပြီးလေးသွားပါတယ်။

                Camera ပိုင်းမှာ Megapixels တော့ တိုးမလာပေမယ့် OIS (Optical Image Stabilization) ပါဝင်လာပါတယ်။ RAM ကတော့ ပြောင်းလဲမသွားပဲ iPhone 5s လိုပဲ 1 GB ပဲ ရရှိခဲ့ပါတယ်။ Storage ပိုင်းမှာတော့ 16 GB, 64 GB တို့အပြင် 128 GB အထိအောင် ရရှိနိုင်မှာ ဖြစ်ပါတယ်။ iPhone 6 နဲ့ 6 Plus တို့ဟာ ပထမဆုံး ရက်သတ္တပါတ်မှာတင် အလုံးရေ ၁၀ သန်း ရောင်းထွက်ခဲ့ပါတယ်။


iPhone 6s and 6s Plus


                ဒီဇိုင်းပိုင်း ပြောင်းလဲသွားခြင်းတော့ မရှိပေမယ့် iPhone 6 နဲ့ 6 Plus တုန်းကလိုမျိုး ဖုန်းကွေးမသွားနိုင်အောင်လို့ 7K Series Aluminum ကို အသုံးပြုထားတဲ့ iPhone 6s နဲ့ 6s Plus တို့ကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ မိတ်ဆက်ခဲ့ပါတယ်။

                Force Touch နည်းပညာတစ်ခုဖြစ်တဲ့ 3D Touch လည်းပါဝင်လာပြီး Live Photos တွေလည်း စတင်ရိုက်ကူးလို့ ရပါပြီ။ Camera ကိုလည်း 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ 12 MP iSight Camera ကို အသုံးပြုခဲ့ပါတယ်။ FaceTime Camera ကိုလည်း 5 MP အထိ တိုးပေးခဲ့ပါတယ်။


                RAM ပိုင်းမှာ 2GB အထိ မြှင့်ပေးလိုက်ပြီး အရောင်ပိုင်းမှာလည်း Rose Gold ဆိုတဲ့ အရောင်တစ်ရောင် တိုးလာပါတယ်။ iPhone 6s နဲ့ 6s Plus တို့ဟာ ပထမဆုံး ရက်သတ္တပါတ်မှာတင် အလုံးရေ ၁၅ သန်း ရောင်းထွက်ခဲ့ပါတယ်။


iPhone SE


                iPhone 6 နဲ့ Internal Specs တွေ အတူတူပဲဖြစ်ပြီး အပြင်ပန်းဒီဇိုင်းပိုင်း iPhone 4, 4s, 5, 5s တုန်းကလို ဒီဇိုင်းမျိုးနဲ့ iPhone SE ကိုတော့ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ စတင်ရောင်းချခဲ့ပါတယ်။ iPhone 6 နဲ့ Specs တွေတူပေမယ့် 3D Touch တော့ မပါဝင်ပါဘူး။


iPhone 7 and 7 Plus


                3.5 mm Headphone Jack ဖြုတ်ပစ်လိုက်တဲ့ iPhone 7 နဲ့ 7 Plus တို့ကိုတော့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ မိတ်ဆက်ခဲ့ပါတယ်။ အပြင်ပန်းဒီဇိုင်းပိုင်းမှာ ပြောင်းလဲခြင်း မရှိခဲ့ပေမယ့် Home Button ကတော့ Haptic-Based Virtual Button လေး ဖြစ်သွားပါတယ်။

                Camera ပိုင်းမှာ iPhone 7 Camera က အရမ်းကြီး ပြောင်းလဲမသွားပေမယ့် 7 Plus မှာကတော့ Dual Camera ဖြစ်သွားပါတယ်။ ပထမဆုံးအနေနဲ့ Model နှစ်မျိုးစလုံးမှာ Quad-Core A10 Chip ကို အသုံးပြုထားပါတယ်။ 7 Plus ကိုင်ဆောင်သူတွေအနေနဲ့ Portrait Mode တွေ၊ Optical Zoom တွေ၊ Depth of Field Effect တွေကိုပါ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

                3.5 mm Headphone Jack လည်း ဖြုတ်ပစ်လိုက်သလို AirPods ဆိုတဲ့ Wireless EarPods တွေကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ အရောင်တွေအနေနဲ့ Black နဲ့ Jet Black ဆိုတဲ့ အရောင်နှစ်မျိုး တိုးလာပါတယ်။


iPhone 8 and 8 Plus


                အပြင်ပန်းဒီဇိုင်းပိုင်း ပြောင်းလဲသွားတဲ့ iPhone 8 နဲ့ 8 Plus ကိုတော့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှာ မိတ်ဆက်ခဲ့ ပါတယ် ။ ဖုန်းရဲ့ကျောဘက်က Aluminium နဲ့ မဟုတ်တော့ပဲ Glass နဲ့ ဖြစ်သွားပါပြီ (Apple ကတော့ အမာဆုံး Glass တွေ သုံးထားတယ်လို့ ဆိုပါတယ်)။ ဖုန်းရဲ့ကျောဘက်က Glass ဖြစ်သွားသလို Wireless Charging ကိုလည်း Support ပေးလိုက်ပါတယ်။

                Camera ပိုင်းမှာ Megapixel ကတော့ တိုးမလာပေမယ့် အဆင်မြှင့်တင်မှုတွေ ပြုလုပ်ထားပါတယ်။ AR (Agumented Reality) Game တွေ၊ App တွေကို ခံစားနိုင်မယ့် ARKit လည်း ပါဝင်လာပါတယ်။ ARKit ကြောင့် မိမိရဲ့မျက်နှာအမူအရာအတိုင်းကို Animation လေးတွေနဲ့ ပြသနိုင်တဲ့ Animoji ဆိုတဲ့ Emoji သစ်တွေလည်း ပါဝင်လာပါတယ်။


                အရောင်ပိုင်းမှာတော့ Rose Gold, Jet Black, Black စတဲ့ အရောင်တွေနဲ့ မရတော့ပါဘူး။ Silver, Gold, Space Grey စတဲ့ အရောင်တွေနဲ့ပဲ ဝယ်ယူလို့ရမှာ ဖြစ်ပါတယ်။ Storage ပိုင်းမှာတော့ 32 GB ကို ဖြုတ်ပစ်လိုက်ပြီး 64 GB နဲ့ 256 GB ဆိုပြီး Model နှစ်မျိုး ရရှိမှာပါ။ ဈေးနှုန်းတွေကတော့ Mobile Carrier တစ်ခုခုကနေ Contract နဲ့မဝယ်ပဲ ဒီတိုင်းဝယ်မယ်ဆိုရင်တော့ iPhone 8 က ကန်ဒေါ်လာ ၆၉၉၊ iPhone 8 Plus က ကန်ဒေါ်လာ ၇၉၉ ကျသင့်မှာပါ။


iPhone X


                iPhone 8, 8 Plus တို့နဲ့အတူ iPhone ဆယ်နှစ်ပြည့် iPhone X ကိုလည်း Apple က မိတ်ဆက်ခဲ့ ပါတယ်။ iPhone မျိုးဆက်တွေထဲမှာတော့ အပြင်ပန်းဒီဇိုင်းအပြင်၊ အသုံးပြုရပုံတွေ၊ Security ပိုင်းတွေကိုပါ ပြောင်းလဲပစ်ခဲ့ပါတယ်။

                ဖုန်းရဲ့ Security ပိုင်းမှာ TouchID ကို မသုံးတော့ပဲ FaceID ဆိုတဲ့ Facial Recognition နည်းပညာကို အသုံးပြုလိုက်တာကြောင့် Front-Camera အပြင် Flood Illuminator, Infrared Camera, Dot Projector စတာတွေလည်း ပါဝင်လာပါတယ်။


                အထူးခြားဆုံးကတော့ Screen ပဲ ဖြစ်ပါတယ်။ Bazel-Less OLED Super Retina HD Display ဖြစ်သွားပါတယ်။ ဖုန်းရဲ့မျက်နှာပြင်တစ်ခုလုံး အပြည့်ဖြစ်သွားတာကြောင့် Home Button ကတော့ ပါဝင်တော့မှာ မဟုတ်ပါဘူး။


                iPhone 8 နဲ့ 8 Plus လိုမျိုးပဲ Animoji, ARKit, Portrait Lighting Mode စတာတွေ ပါဝင်ပြီး Storage ကလည်း အတူတူပဲ ဖြစ်ပါတယ်။ ဈေးနှုန်းပိုင်းမှာကတော့ တော်တော်ကြီး ကွာဟသွားပါတယ်။ iPhone X 64 GB Model က ကန်ဒေါ်လာ ၉၉၉၊ 265 GB Model က ကန်ဒေါ်လာ ၁,၁၄၉ တောင် ကျသင့်မှာ ဖြစ်ပါတယ်။


References
T3 iPhoneLife ComputerWorld
About Author
Assinged Tags
iPhone iPhone 7 Plus iPhone 7 iPhone SE iPhone 8 related news iPhone 3GS iPhone 4 iPhone 4s iPhone 5 iPhone 5c iPhone 5s iPhone 6 iPhone 6 Plus iPhone 6s iPhone 6s Plus iPhone 3G Apple iPhone 8 Plus
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed