Mi 6 စမတ်ဖုန်းမှာ နားကြပ်ပေါက်ဖြုတ်ပစ်ခဲ့တဲ့ အကြောင်းရင်းကို Xiaomi ရှင်းပြ

date_range 06 May 2017

Mi 6 စမတ်ဖုန်းမှာ နားကြပ်ပေါက်ဖြုတ်ပစ်ခဲ့တဲ့ အကြောင်းရင်းကို Xiaomi ရှင်းပြ

visibility 61200 Views

                Xiaomi ဟာ နောက်ဆုံးမိတ်ဆက်ခဲ့တဲ့ Flagship စမတ်ဖုန်း Mi 6 မှာ 3.5mm နားကြပ်ပေါက်ကို ဖြုတ်ပစ်ခဲ့တာ သိကြမှာပါ။

                3.5mm နားကြပ်ပေါက်ကို ဖြုတ်ပစ်ခဲ့တဲ့ စမတ်ဖုန်းတွေထဲမှာ လူအများစု သတိထားမိတာက Apple ရဲ့ iPhone 7 ဖြစ်ပေမယ့်၊ တကယ်တမ်းတော့ Apple က နားကြပ်ပေါက်ဖြုတ်ပစ်ခဲ့တဲ့ စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ အစောဆုံးတော့မဟုတ်ပါဘူး။ Apple အရင် လွန်ခဲ့တဲ့လေးနှစ်ကျော်လောက်ထဲက Oppo က Finder, R5 စမတ်ဖုန်းတွေမှာ 3.5mm နားကြပ်ပေါက်ကို ဖြုတ်ပစ်ခဲ့သလို၊ တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ LeEco နဲ့ Lenovo (Motorola) တို့ကလည်း Le 2 နဲ့ Moto Z စမတ်ဖုန်းတွေမှာ နားကြပ်ပေါက်ကို အသီးသီးဖြုတ်ပစ်ခဲ့ကြပါတယ်။

                Apple နဲ့ Xiaomi လို အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီကြီးတွေကပါ စမတ်ဖုန်းမော်ဒယ်အသစ်တွေမှာ သာမန် 3.5mm နားကြပ်ပေါက်တွေ မထည့်သွင်းတော့ဘဲ၊ USB Type-C ကို အစားထိုးအသုံးပြုလာကြပြီဆိုတော့ နောက်ဆို 3.5mm Headphone Jack က လုံးဝပျောက်ကွယ်သွားနိုင်တဲ့ အနေအထားထိပါ ရောက်သွားနိုင်ပါတယ်။

                ဒါဆို ဘာလို့ ကျနော်တို့ အဆင်ပြေပြေ အသုံးပြုနေကြ 3.5mm Headphone Jack ကို ဖြုတ်ပစ်နေကြတာလဲ။ Xiaomi ကုမ္ပဏီကတော့ Mi 6 စမတ်ဖုန်းမှာ Headphone Jack ဖြုတ်ပစ်ခဲ့တဲ့ အကြောင်းရင်းကို Android Central သတင်းမီဒီယာကို အခုလို ရှင်းပြထားပါတယ်။

“စမတ်ဖုန်းဆိုတာ အစိတ်အပိုင်းတွေ အများအပြားပေါင်းစပ်ဖွဲ့စည်းထားတဲ့ Product တစ်ခုပါ။ ဒီအတွက် ဖုန်းအတွင်းပိုင်းမှာ နေရာလွတ်ရှိဖို့က တော်တော်လေးအရေးပါပါတယ်။ Headphone Jack ကို ဖြုတ်ပစ်လိုက်ခြင်းအားဖြင့်၊ တခြား အစိတ်အပိုင်းတွေအတွက် နေရာ တော်တော်ပိုထွက်လာတာကို ကျနော်တို့ တွေ့ရပါတယ်။ ဥပမာ ဘက်ထရီကြီးကြီးထည့်လို့ရလာတယ်ပေါ့။ USB Type-C ကနေ သီချင်းနားထောင်မှု (Audio ကူးပြောင်းမှု) ကလည်း ပိုပြီး တွင်ကျယ်လာပြီဖြစ်သလို၊ ကျနော်တို့ဘက်ကလည်း USB Type-C ကနေ အကောင်းဆုံးအသံအရည်အသွေး ဆက်လက်ရရှိအောင် စွမ်းဆောင်ပေးမှာပါ။”

                Xiaomi ရဲ့ Mi 6 စမတ်ဖုန်းဟာ Mi 5 လိုပဲ ၅.၁၅ လက်မ စခရင်နဲ့ဖြစ်ပေမယ့်၊ ဘက်ထရီ ၁၀.၅ ရာခိုင်နှုန်းပိုများလာတာကို တွေ့ရမှာပါ။ Mi 5 က 3000mAh ဘက်ထရီနဲ့ဖြစ်ပြီး၊ Mi 6 က 3350mAh ဘက်ထရီဖြစ်သွားပါတယ်။

                Mi 6 မှာ 3.5mm Headphone Jack ဖြုတ်ပစ်လိုက်တဲ့အချက်မှာ နောက်ထပ်ကောင်းကျိုးတစ်ခု ထပ်ထွက်လာပါတယ်။ ဒါကတော့ ဖုန်းက ရေစိုခံသွားခြင်းပါ။ Xiaomi ကုမ္ပဏီကတော့ ဖုန်းပေါ်ရေစက်ဖိတ်စင်မှုရန် (Splash Resistant ) လောက်ပဲ ကာကွယ်ပေးနိုင်တယ်လို့ ပြောထားတာကြောင့်၊ ဖုန်းကို ရေထဲ စိမ်လို့မရဘူးဆိုတာတော့ သတိချပ်စေချင်ပါတယ်။

                3.5mm Headphone Jack ဟာ ဟောင်းစပြုလာပြီဖြစ်တဲ့ နည်းပညာဖြစ်ပြီး၊ စမတ်ဖုန်းတွေကလည်း ထူးထူးခြားခြားပြောင်းလဲမှုမျိုး မရှိလာတဲ့ ဒီဘက်ခေတ်မျိုးမှာ ဒီ နားကြပ်ပေါက်ဖြုတ်ပစ်တာကပဲ ဆန်းသစ်မှုတစ်ခုလို့ ယူဆရမှာပါ။ ခင်ဗျားကော ဒီနားကြပ်ပေါက်ဖြုတ်ပစ်တဲ့ကိစ္စအပေါ် ဘယ်လိုအမြင်ရှိလဲဆိုတာ ကျနော်တို့ သိပါရစေ။

References
Android Central Phandroid
About Author
Assinged Tags
Xiaomi Smartphones USB Type-C Xiaomi Mi 6 3.5mm Headphone Jack
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed