Augmented Reality နည်းပညာကို စိတ်အားထက်သန်နေတဲ့ Apple CEO Tim Cook

date_range 20 February 2017

Augmented Reality နည်းပညာကို စိတ်အားထက်သန်နေတဲ့ Apple CEO Tim Cook

visibility 1150 Views

                Apple ရဲ့ အောင်မြင်မှုတွေမှာ စမတ်ဖုန်းတွေက အဓိကအခန်းကဏ္ဌတစ်ခုက ပါဝင်တယ်ဆိုတာ ကျနော်တို့အားလုံး သိပြီးသားပါ။ Apple ရဲ့ အမြတ်ငွေ ၇၀ ရာခိုင်နှုန်းလောက်က iPhones ရောင်းချရမှုက ရရှိတာဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံးနည်းပညာကုမ္ပဏီအဖြစ် ရပ်တည်စေနိုင်ခဲ့ပါတယ်။

                လွန်ခဲ့တဲ့ရက်ပိုင်းက Independent သတင်းဌာနနဲ့ Apple CEO Tim Cook တို့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ Tim Cook က Augmented Reality (ပြင်ပကမ္ဘာထဲ ဒီဂျစ်တယ်ပုံရိပ်များပေါင်းစပ်မှု) နည်းပညာဟာ စမတ်ဖုန်းတွေလိုပဲ ကြီးကျယ်ခမ်းနားတဲ့နည်းပညာတစ်ခုဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

“ Augmented Reality ဟာ စမတ်ဖုန်းတွေလိုပဲ ကြီးကျယ်ခမ်းနားတဲ့အိုင်ဒီယာတစ်ခုလို့ ကျနော်ယူဆထားပါတယ်။ စမတ်ဖုန်းတွေဟာ လူတိုင်းအတွက်ပါ။ လူတစ်စု ဒါမှမဟုတ် နိုင်ငံတစ်ခု၊ စျေးကွက်တစ်ခုအတွက် သီးသန့်ထုတ်ထားတာမဟုတ်ပါဘူး။ တကယ်ကိုလူသားအားလုံးအတွက်ပါ။ စမတ်ဖုန်းနည်းတူ AR (Augmented Reality) ကလည်း ကြီးမားတဲ့နည်းပညာတစ်ခုလို့ ကျနော်ထင်ပါတယ်။ လူတွေရဲ့ဘဝကို တိုးတက်ပြောင်းလဲစေနိုင်ပြီး၊ အမှန်တကယ်အကောင်အထည်ဖော်နိုင်မယ့်အရာတွေနဲ့ ပတ်သတ်လာရင် ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ ပျော်စရာလည်းကောင်းမယ့်အရာတွေပေါ့"

                Cook အနေနဲ့ AR နည်းပညာဟာ သီးသန့်ထုတ်ကုန်တစ်ခုမဟုတ်ဘဲ၊ “အဓိကနည်းပညာတစ်ခု” ဖြစ်တယ်လို့ ဆိုပါတယ်။

"AR နည်းပညာကို အခုကျနော့် iPhone ထဲက ဆီလီကွန်ချစ်ပ်လေးတစ်ခုလို မြင်ပါတယ်။ ဒီကောင်လေးက ထုတ်ကုန်တစ်ခုမဟုတ်ပါဘူး။ အဓိကအူတိုင်နည်းပညာတစ်ခုပါ။"

                AR ဟာ Virtual Reality နည်းပညာထက် ပိုမိုအောင်မြင်နိုင်ခြေရှိကြောင်းကိုလည်း Tim Cook က အခုလိုဆက်လက်ပြောကြားသွားခဲ့ပါတယ်။

"ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပစ်လိုက်တဲ့ Virtual Reality နည်းပညာနဲ့ AR နည်းပညာမတူတာက AR ဟာ လူတစ်ယောက်ကို တကယ့်အပြင်ကမ္ဘာထဲမှာ ဆက်ရှိနေစေပြီး၊ တစ်ချိန်တည်းမှာ ပိုမိုအသုံးဝင်တဲ့ဒီဂျစ်တယ်ပုံရိပ်တွေ ပေါင်းထည့်ပေးနိုင်ပါတယ်။ လူအများစုက အချိန်တော်တော်ကြာအောင် အပြင်ကမ္ဘာနဲ့ အဆက်မပြတ်ချင်ကြပါဘူး။ VR နဲ့ဆိုရင် ဒါကမဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် AR နဲ့ဆိုရင်တော့ ဒီဂျစ်တယ်ကမ္ဘာထဲ နစ်မြှပ်နေစရာမလိုဘဲ၊ ဒီဂျစ်တယ်ကမ္ဘာကို အပြင်ကမ္ဘာထဲ ပေါင်းထည့်နိုင်ပါတယ်။ စိတ်လှုပ်ရှားစရာအပြည့်ပါပဲ။"

                Tim Cook ဟာ AR နည်းပညာအကြောင်းကို ခဏခဏပြောဖူးပြီး၊ AR နည်းပညာအပေါ် စိတ်အားထက်သန်နေမှုကိုကြည့်ရင် အသစ်ထွက်ရှိမယ့် iPhone 8 မှာ AR နည်းပညာများ ပါဝင်လာမလားမသိပါဘူး။ လတ်တလောထွက်ပေါ်နေတဲ့ iPhone 8 ကောလဟာလသတင်းတွေမှာလည်း အသစ်ထွက်ရှိမယ့် iPhone မှာ AR နည်းပညာကို အသုံးချနိုင်တဲ့ ကင်မရာနဲ့ ဆန်ဆာတွေ ပါဝင်လာမယ်လို့ ဆိုနေပါတယ်။ ဒီ့အပြင် Apple ကုမ္ပဏီမှာ AR နဲ့ VR ပိုင်းအတွက် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းပေါင်းရာချီရှိနေတာကြောင့် စိတ်ဝင်စားစရာကောင်းတဲ့ Apple Product တစ်ခုကို သိပ်မကြာခင်မှာ မြင်တွေ့ရဖို့ သေချာသလောက်ရှိနေပါတယ်။

References
Independent MS Poweruser
About Author
Assinged Tags
Augmented Reality iPhone Tim Cook Virtual Reality
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed