iPhone X တွေအမြောက်အများရောင်းချခဲ့ရရင်တောင် အကျိုးအမြတ်တွေရရှိနေဦးမယ့် Samsung

date_range 04 October 2017

iPhone X တွေအမြောက်အများရောင်းချခဲ့ရရင်တောင် အကျိုးအမြတ်တွေရရှိနေဦးမယ့် Samsung

visibility 14540 Views

                Samsung ဟာ သြဂုတ်လမှာတုန်းက Phablet Flagship စမတ်ဖုန်းသစ်ဖြစ်တဲ့ Galaxy Note 8 ကို တရား၀င်မိတ်ဆက်ပေးခဲ့ပြီး၊ Apple အနေနဲ့ကတော့ စက်တင်ဘာလမှာ iPhone 8, 8 Plus အပြင်၊ iPhone ဆယ်နှစ်ပြည့်အတွက် iPhone X ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Touch ID အစား Face ID ကိုပြောင်းလဲအသုံးပြုထားပြီး၊ Design ပုံစံအသစ်နဲ့ထွက်ရှိလာတဲ့ iPhone X ဟာ လူစိတ်၀င်စားမှုအများဆုံးခံနေရတဲ့ Flagship စမတ်ဖုန်းတစ်လုံးလို့ ပြောရင်တော့မှားမယ်မထင်ပါဘူး။

                ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ iPhone X ဟာ Galaxy Note 8 လို မိတ်ဆက်ပေးပြီးပြီးချင်းမှာပဲ စတင်ရောင်းချပေးနိုင်တာမျိုးမရှိသေးပါဘူး။ ဒါကြောင့်မို့လို့ Samsung ဟာ လတ်တလောမှာတော့ ပြိုင်ဘက် Apple ထက် အသာစီးရနေတယ်လို့ ဆိုနိုင်ပါတယ်။

                iPhone X ဟာ ထုတ်လုပ်မှုပိုင်းမှာနှောင့်နှေးနေတာကြောင့်လည်း ယခုနှစ် နှစ်ကုန်ပိုင်းလောက်အထိ ၀ယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် တပ်ဆင်ရခက်ခဲတဲ့ Face ID Sensor ကြောင့်လည်း iPhone X ကို ၀ယ်ယူရရှိနိုင်ဖို့အတွက်က ပိုပြီးခက်ခဲလာမှာဖြစ်တယ်လို့ သိရှိထားရပါတယ်။

                တကယ်လို့ iPhone X အနေနဲ့ အမြောက်အများရောင်းချခဲ့ရင်ကော၊ Samsung အနေနဲ့ စီးပွားရေးဆိုင်ရာ ထိခိုက်မှုတွေဖြစ်လာနိုင်သလားဆိုရင်တော့ မဖြစ်လာနိုင်ဘူးလို့ပဲဖြေရမှာပါ။ Galaxy Note 8 ကို လုံး၀မရောင်းချခဲ့ဘူးဆိုရင်တောင်မှပဲ Samsung ဟာ အကျိုးအမြတ်တွေရရှိနေဦးမှာပဲဖြစ်ပါတယ်။

                ဘာကြောင့်လဲဆိုတော့ Samsung ဟာ Apple ရဲ့ iPhone တွေအတွက် Display နဲ့ Chipset တွေ ထုတ်လုပ်ရောင်းချပေးနေတာကြောင့်ပဲဖြစ်ပါတယ်။ Apple ဟာ ခန့်မှန်းခြေအနေနဲ့ iPhone X အလုံးပေါင်း 130 မီလီယံကျော်ရောင်းချခဲ့ရတယ်ဆိုရင် Samsung အနေနဲ့ iPhone X တစ်လုံးအတွက် အကျိုးအမြတ် USD $110 ရရှိမှာမို့လို့၊ Samsung အတွက်အကျိုးအမြတ်ဟာ USD $143 ဘီလီယံနီးပါး  ရရှိမှာဖြစ်ပါတယ်။

                ခန့်မှန်းခြေပမာဏလောက် မရောင်းချခဲ့နိုင်ရင်တောင်မှပဲ Samsung ဟာ Apple ဆီကနေ iPhone X အတွက် USD $4 ဘီလီယံနီးပါး အကျိုးအမြတ်ရရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ Apple ဟာ Samsung ရဲ့ အဓိကပြိုင်ဘက်ဆိုပေမယ့်လည်း iPhone X ကို  Samsung Galaxy Note 8 ထက် ပိုပြီးရောင်းချနိုင်ခဲ့တယ်ဆိုရင်တောင် Samsung တို့အနေနဲ့ အရှုံးမရှိဘူးလို့ သိရှိထားပါတယ်။

References
Android Community Wall Street Journal
About Author
Assinged Tags
Samsung Samsung Galaxy Note 8 Apple iPhone X
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed