၆.၄ လက်မမျက်နှာပြင်နဲ့ မျက်ဝန်းဖတ်စကန်နာတို့ပါဝင်မယ့် Galaxy S8 ကို မတ်လအတွင်း Samsung မိတ်ဆက်ဖွယ်ရှိ

date_range 25 February 2017

၆.၄ လက်မမျက်နှာပြင်နဲ့ မျက်ဝန်းဖတ်စကန်နာတို့ပါဝင်မယ့် Galaxy S8 ကို မတ်လအတွင်း Samsung မိတ်ဆက်ဖွယ်ရှိ

visibility 1500 Views

                Samsung ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ Galaxy S8 ကတော့ ယခုလာမယ့်၊ မတ်လအတွင်းမှာတင် ထွက်ရှိလာဖွယ်ရှိနေပါတယ်။

                Samsung အနေနဲ့ S စီးရီးမော်ဒယ်အသစ် Galaxy S8 ဖုန်းကို အရွယ်အစားနှစ်မျိုးနဲ့ ထုတ်လုပ်ဖွယ်ရှိပြီး၊ ရိုးရိုး Galaxy S8 က ၅.၈ လက်မမျက်နှာပြင်အကျယ်ရှိမှာဖြစ်ကာ၊ S8+ ဆိုတဲ့မော်ဒယ်ကတော့ မျက်နှာပြင် ၆.၂ လက်မအထိရှိနိုင်ပါတယ်။

                တရားဝင်မထွက်ရှိသေးတဲ့ စမတ်ဖုန်းတွေကို အမြဲတမ်းဖော်ထုတ်ပြလေ့ရှိတဲ့ နာမည်ကြီးဘလော့ဂါ Evan Blass ရဲ့ တွစ်တာပို့စ်အရ Samsung Galaxy S8+ မှာပါမယ့် Specifications အသေးစိတ်နီးပါးကို တွေ့ရှိခဲ့ရပြီး၊ စိတ်ဝင်စားဖို့အကောင်းဆုံးတစ်ခုက မျက်နှာပြင်အကျယ် ၆.၂ လက်မဆိုတာပါ။ Evan Blass ဟာ စမတ်ဖုန်းသတင်းဦးသတင်းဖျားတွေနဲ့ ပတ်သတ်လာရင် အမြဲမှန်လေ့ရှိသူတစ်ယောက်ဖြစ်တာကြောင့် ဒီ Specs တွေက တကယ်ဖြစ်လောက်ပါတယ်။


                Galaxy S8+ မှာ မျက်နှာပြင်ကြီးလာတာကြောင့် Resolution အရည်အသွေးကို QuadHD (2560x1440 pixels) အထိ မြင်တွေ့ရမှာဖြစ်ပြီး၊ Samsung မော်ဒယ်မြင့်ဖုန်းတွေထုံးစံအတိုင်း SuperAMOLED Display နဲ့ ဖြစ်ပါတယ်။

                နောက်ထပ်အချက်အလက်တွေကတော့ 12MP ကျောကင်မရာဆန်ဆာ၊ 8MP ရှေ့ကင်မရာတို့ ပါဝင်မှာဖြစ်ပြီး၊ တခြားပြိုင်ဘက်ဖုန်းတွေလို ကျောကင်မရာနှစ်လုံးမသုံးထားတာကတော့ စိတ်ဝင်စားစရာပါ။ ဒီ့အပြင် နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက Note 7 ဖုန်းမှာပါခဲ့တဲ့ Iris Scanner (မျက်ဝန်းဖတ်စကန်နာ) ကို S8 မှာ ပြန်သုံးထားတာတွေ့ရပါတယ်။

                ရေနဲ့ဖုန်မှုန့်စိမ့်ဝင်မှုကနေကာကွယ်နိုင်မှုအဆင့်သတ်မှတ်ချက် IP 68 ၊ Samsung Knox လုံခြုံရေးစနစ်၊ Samsung Pay မိုဘိုင်းငွေချေမှုစနစ်၊ ကြိုးမဲ့အားသွင်းစနစ်နဲ့ 4GB RAM တို့လည်း S8 ဖုန်းမှာ ပါဝင်လာဖွယ်ရှိပြီး၊ အနိမ့်ဆုံး Storage ကို 64GB အထိ ထားထားတာတွေ့ရပါတယ်။

                Samsung ဖုန်းပရိတ်သတ်တွေအကြိုက်တွေ့မယ့်နောက်ဆုံးတစ်ခုကတော့ အသံပိုင်းဆိုင်ရာမှာနာမည်ကြီး Brand တစ်ခုဖြစ်တဲ့ AKG အမှတ်တံဆိပ်နားကြပ်တွေလည်း S8 ဖုန်းမှာ တပါတည်းပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

References
9to5Google
About Author
Assinged Tags
Samsung Android Smartphones Samsung Galaxy S8 Iris Scanner
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed