iPhone 8 ရဲ့ တကယ့်နာမည်က ဘာဖြစ်လာမလဲ

date_range 17 August 2017

iPhone 8 ရဲ့ တကယ့်နာမည်က ဘာဖြစ်လာမလဲ

visibility 8900 Views

                iPhone 8 ရဲ့ သတင်းတွေ တစ်ခုပြီး တစ်ခု ထွက်လာတာ အားလုံး သိပြီးကြမှာပါ။ ကောလာဟလတွေ ရှိသလို၊ သေချာတဲ့ သတင်းတွေ လဲ ရှိခဲ့ပါတယ်။ ‘မ’ ဂဏန်း ဖြစ်တဲ့ နှစ်တွေမှာဆိုရင် နာမည်မှာ “S” ပါဝင်တဲ့ iPhone Model အသစ် တွေကို မိတ်ဆက်ပေးလေ့ ရှိပါတယ်။ ဒီထုံးစံအရဆိုရင်တော့ လာမယ့် စက်တင်ဘာလ ထဲမှာ လက်ရှိ iPhone 7 ကို အဆင့်မြှင့်တင်ထားတဲ့ iPhone 7S နဲ့ iPhone 7S Plus တို့ကို မိတ်ဆက်ပေးရမှာ ဖြစ်ပါတယ်။

                ဒီနှစ်မှာ ထူးခြားတာက အားလုံး စိတ်ဝင်စားနေကြတဲ့ iPhone 8 ကိုပါ မိတ်ဆက်ပေးသွားဖွယ် ရှိနေတာပါ။ Developer တွေအတွက် ထုတ်ပေးခဲ့တဲ့ HomePod Firmware ထဲက ရရှိတဲ့အချက်အလက်တွေအရ iPhone 8 ရဲ့ Screen Design ကို တွေ့မြင်ခဲ့ရပြီး၊ အနားဘောင် (Bezel) မရှိသလောက် ဖြစ်နေတဲ့ Screen ဟာ “Plus” iPhone Model တွေရဲ့ Screen အရွယ်အစား ကို ပုံမှန် iPhone Model တစ်ခုရဲ့ ကိုယ်ထည်မှာ ဝင်ဆံ့အောင် ပြုလုပ်ထားတဲ့ ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

                Facial Recognition ပါဝင်လာဖို့လည်း ရှိနေပြီး၊ ၎င်းနဲ့ ပက်သက်တဲ့ အသေးစိတ် သတင်းတချို့ လည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ မကြာသေးခင်က Foxconn စက်ရုံမှ ပေါက်ကြားခဲ့တဲ့ iPhone 8 အတွင်းပိုင်း Hardware တွေရဲ့ ဓာတ်ပုံများကြောင့် Wireless Charging ပါဝင်လာဖို့လည်း သေချာသလောက် ရှိနေတာကို တွေ့ရပါတယ်။

                ဒီလောက် များပြားလှတဲ့ ကောလာဟလတွေ၊ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခုချိန်ထိ မသိရသေးတာက “iPhone 8” လို့ အပြောများနေကြတဲ့ နောက်ထွက်မယ့် iPhone ကို ဘယ်လိုနာမည်နဲ့ မိတ်ဆက်မလဲ ဆိုတာပါပဲ။ ဒီနာမည်နဲ့ ပက်သက်လို့ တိကျတဲ့ သတင်းတွေ မရှိသေးတာကြောင့် မှန်းဆကြည့်လို့ပဲ ရနိုင်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ လအနည်းငယ် ကတည်းက လူတွေပြောနေကြတဲ့ iPhone အသစ်ရဲ့ ဖြစ်နိုင်ချေရှိတဲ့ နာမည်တွေကို ဖော်ပြလိုက်ပါတယ်။

iPhone 8

                ဒါကတော့ လက်ရှိ လူသိအများဆုံး နာမည်ပဲ ဖြစ်ပါတယ်။ “iPhone 8” ဆိုတဲ့ နာမည်ဟာ လာမယ့် iPhone အသစ် အတွက် Google မှာ ရှာဖွေမှု အများဆုံး နာမည် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေ ကတည်းက “iPhone 8” နာမည်ဟာ တဖြည်းဖြည်း Popular ဖြစ်လာတာကို တွေ့ရပြီး၊ Google Trends မှာ ဖော်ပြထားချက်အရ အခုချိန်မှာ စိတ်ဝင်စားမှု အမြင့်ဆုံးနေရာကို ရောက်ရှိနေပါတယ်။


 

တစ်နှစ်အတွင်း စိတ်ဝင်စားမှု မြင့်တက်လာတဲ့ iPhone 8 (via Google Trends)

                “iPhone 8” ဟာ Search Engine Optimization (SEO) အရလည်း ထိပ်ဆုံးမှာ ရှိနေတာကြောင့် ဒီနာမည်ကိုပဲ Publisher တွေက ပိုပြီး အသုံးပြုလာကြပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ရဲ့ News Feed မှာ ဒီနာမည်ကို ခဏခဏ တွေ့နေရတာဖြစ်ပါတယ်။

iPhone Pro

                iPhone မှာ ဒီနာမည်ကို အသုံးပြုမယ်ဆိုရင်တော့ MacBook တွေ၊ iPad တွေနဲ့ နာမည်ပေးပုံချင်း ကိုက်ညီသွားမှာ ဖြစ်ပါတယ်။ MacBook, MacBook Pro, iPad, iPad Pro, iPhone, iPhone Pro ဆိုပြီး ဖြစ်လာမှာပါ။ “iPhone Pro” နာမည်နဲ့ဆိုရင် သစ်လွင်မှု ကိုပေါ်လွင်စေမှာ ဖြစ်ပြီး၊ “Pro” ဆိုတဲ့ အတိုင်း ထိပ်တန်းအဆင့်ရှိတဲ့ High-end Phone တစ်လုံးဖြစ်ကြောင်းလဲ ဖော်ပြနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် MacBook နဲ့ iPad တွေမှာ “Pro” Series ဟာ “Professional” တွေအတွက် အဓိကထား ထုတ်လုပ်ထားတယ်ဆိုတာကို သိနေကြတာကြောင့် “iPhone Pro” ဟာ Personal ကိစ္စတွေထက်၊ အလုပ်အတွက်ကို ပိုပြီး ရည်ရွယ်ထားပုံ ပေါက်နေပြန်ပါတယ်။

iPhone X (iPhone 10)

                တကယ်တော့ iPhone တွေရဲ့ လက်ရှိ နံပါတ်စဉ်တွေဟာ အနည်းငယ် လွဲနေတယ်လို့ ပြောလို့ရပါတယ်။ ဒုတိယမြောက် iPhone ကို iPhone 3G လို့ ခေါ်ဆိုခဲ့ပါတယ်၊ ပဉ္စမမြောက် iPhone ကတော့ iPhone 4S ပါ၊ ဒီလိုနဲ့ နာမည်ပေးလာတဲ့အခါမှာ iPhone တွေဟာ ဘယ်နှခုမြောက် Model ဖြစ်တယ်ဆိုတာ မပေါ်လွင်တော့ပါဘူး။

                ဒါပေမယ့် (၂၀၀၇) တုန်းက စတင် မိတ်ဆက်ခဲ့တဲ့ iPhone ဟာ ဒီနှစ်မှာ (၁၀) နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ (၁၀) နှစ်ပြည့် iPhone ရဲ့ နာမည်မှာ Roman Number ‘X’ (သို့မဟုတ်) 10 ကို ထည့်သွင်းလိုက်ဖို့ အလွန်သင့်တော်တဲ့ အချိန်ပါပဲ။ Windows 8 ကနေ Windows 10 ကို ရောက်ရှိသွားသလိုမျိုး iPhone 7 ကနေ iPhone X (iPhone 10) အဖြစ် ရောက်ရှိသွားမလား ဆိုတာ စိတ်ဝင်စားစရာပါ။

iPhone Edition

                Apple Watch ကို စတင် မိတ်ဆက်စဉ်တုန်းက ဒေါ်လာ (၁၀၀၀၀) နဲ့ စတင် ရောင်းချတဲ့ ရွှေရောင် Apple Watch Edition လဲ ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ Apple Watch Edition ကို Ceramic Body နဲ့ ပြောင်းလဲ ထုတ်လုပ်ထားပြီး (၁၂၄၉) ဒေါ်လာနဲ့ ရောင်းချလျက် ရှိပါတယ်။ High-end Specification တွေပါဝင်မယ့် iPhone အသစ်ဟာ ဒေါ်လာ (၁၀၀၀) ပတ်ဝန်းကျင်မှာ ရှိမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာကြောင့် အထူးထုတ် Apple Watch ကို ပေးခဲ့တဲ့ နာမည်ကို (၁၀) နှစ်ပြည့် iPhone မှာ ထပ်မံ အသုံးပြုမယ် ဆိုတာလည်း ဖြစ်နိုင်ပါတယ်။

iPhone

                Product နာမည်တွေကို အရိုးရှင်းဆုံး ဖြစ်အောင် Apple က လုပ်ဆောင်တတ်ပါတယ်။ (၂၀၁၅) တုန်းကဆို ရိုးရှင်းတဲ့ နာမည်နဲ့ ‘MacBook’ ကို မိတ်ဆက်ခဲ့ပြီး၊ iPad Air 2 ကိုလည်း ‘iPad’ နဲ့ အစားထိုးခဲ့ပါတယ်။

                ဒါပေမယ့် “iPhone” ဆိုတာ Baseline Model တစ်ခုလို့ အထင်မှားစေနိုင်ပါတယ်။ နောက်ပြီး “iPhone” ဆိုတဲ့ စကားလုံးဟာ ယေဘုယျ ကျလွန်းတာကြောင့် SEO Performance လည်း မကောင်းနိုင်ပါဘူး။ iPhone အသစ် အကြောင်းကို Online မှာ ရှာဖွေမယ်ဆိုရင် "new iPhone", "iPhone 2017", "OLED iPhone" စတဲ့ စကားလုံးတွေနဲ့ ရှာဖွေနေရပါလိမ့်မယ်။

Apple Phone

                Steve Jobs လက်ထက်တုန်းကတော့ iMac, iCloud, iTunes, iPhone, iPad တို့လို ‘i’ နဲ့စတဲ့ နာမည်တွေ အသုံးများခဲ့ပါတယ်။ Steve Jobs ကိုယ်တိုင် မိတ်ဆက်ခဲ့တဲ့ Apple TV က စလို့ Tim Cook လက်ထက် ရောက်တဲ့အထိ Apple Music, Apple Pay, Apple Watch တို့လို “Apple [Product Name]” ပုံစံတွေလည်း တွေ့လာရပါတယ်။

                ဒါပေမယ့် “iPhone” ဟာ အအောင်မြင်ဆုံး Brand Name တွေထဲက တစ်ခု ဖြစ်တာကြောင့် “iPhone” ဆိုတဲ့ နာမည်ကိုတော့ ဖြုတ်ပစ်လိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် “Apple Phone” အနေနဲ့ မဟုတ်ဘဲ အားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ “iPhone” အနေနဲ့သာ တွေ့မြင်ရဖို့ သေချာသလောက် ရှိပါတယ်။

မကြာမီ လာမည်

                ဒေါ်လာ (၁၀၀၀) ခန့် ကျသင့်မယ့် High-end Device တစ်ခု အနေနဲ့ ဆိုရင်တော့ “iPhone Pro” (ဒါမှမဟုတ်) “iPhone X” ဆိုတဲ့ နာမည်တွေနဲ့ လိုက်ဖက်ပါတယ်။ ကိုယ်မကြိုက်တဲ့ နာမည်တစ်ခုနဲ့ ထွက်လာရင်လည်း စိတ်မပျက်ပါနဲ့။ iPad နဲ့ Nintendo Wii တို့ရဲ့ နာမည်တွေကိုလည်း အစတုန်းက ဝေဖန်ခဲ့ကြပေမယ့် အခုချိန်မှာတော့ အောင်မြင်တဲ့ Product တွေ ဖြစ်လာခဲ့ပါတယ်။

                ကောလာဟလတွေမှာ “Siri Speaker” လို့ နာမည်ထွက်ခဲ့ပေမယ့် မိတ်ဆက်တဲ့အခါကျမှ မထင်မှတ်ထားတဲ့ “HomePod” ဆိုတဲ့ နာမည်ကို တွေ့ခဲ့ကြရသလိုပဲ (၁၀) နှစ်ပြည့် iPhone ကို နာမည် အသစ်အဆန်း တစ်မျိုးနဲ့ တွေ့မြင်ရမလား ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဘယ်လိုနာမည်ပဲ ဖြစ်ဖြစ် အားလုံး မျှော်လင့်နေကြတဲ့ iPhone အသစ် ကိုတော့ မဝေးတော့တဲ့ စက်တင်ဘာလ ထဲမှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။

References
Cnet
About Author
Assinged Tags
iPhone iPhone 8 related news Apple's iPhone Apple iPhone 8 Apple iPhone Pro iPhone X iPhone Edition
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed