နောက်ထွက်မယ့် Apple Watch ဟာ iPhone နဲ့ ချိတ်ဆက်ရန် မလိုအပ်တော့ဘဲ Built-in LTE စနစ်ဖြင့် လိုအပ်သော Data များ ရယူနိုင်ဖွယ်ရှိ

date_range 06 August 2017

နောက်ထွက်မယ့် Apple Watch ဟာ iPhone နဲ့ ချိတ်ဆက်ရန် မလိုအပ်တော့ဘဲ Built-in LTE စနစ်ဖြင့် လိုအပ်သော Data များ ရယူနိုင်ဖွယ်ရှိ

visibility 240 Views

                Apple Watch ဟာ စတင် မိတ်ဆက်စဉ်ကနေ Series 2 ထွက်တဲ့ အချိန်ထိ အတော်လေး လူကြိုက်များခဲ့ပါတယ်။ ဒါပေမယ့် ပါဝင်တဲ့ Feature အများစုကို အသုံးပြုနိုင်ဖို့အတွက် iPhone တစ်လုံးနဲ့တော့ အမြဲတမ်းလိုလို ချိတ်ဆက်ထားရပါတယ်။ အဲ့ဒီ့လို iPhone အပေါ် အလွန်မှီခိုနေရတာကို လျှော့ချဖို့အတွက် Apple Watch မှာ Cellular Network ကို ၎င်းကိုယ်တိုင် ချိတ်ဆက်နိုင်မယ့် စနစ်ကို ထည့်သွင်းသွားဖွယ် ရှိတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

                Apple Watch ဟာ LTE ကို ချိတ်ဆက်သွားနိုင်မယ်ဆိုရင် Notification တွေလက်ခံတာ၊ အင်တာနက် လိုအပ်တဲ့ Watch App တွေသုံးတာ၊ စတာတွေကို iPhone တစ်လုံး မလိုအပ်ဘဲ သီးသန့် လုပ်ဆောင်နိုငမှာ ဖြစ်ပါတယ်။ LTE Network ကို ချိတ်ဆက်နိုင်မယ့် ဒီစနစ်အတွက် Intel ရဲ့ LTE Modem Chip တွေကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ iPhone တွေအတွက် Modem Chip တွေကို Qualcomm က အဓိက ထောက်ပံ့ပေးခဲ့ပေမယ့် Apple နဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ တရားရေး ပြဿနာ အချို့ကြောင့် ကုမ္ပဏီ နှစ်ခုအကြား တင်းမာမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

                Apple Watch ကို Standalone Device ဖြစ်လာအောင် ကြိုးစားနေတဲ့ Apple ဟာ ယခင်နှစ်က မိတ်ဆက်ခဲ့တဲ့ Apple Watch Series 2 မှာ GPS Chip ကို ထည့်သွင်းပေးခဲ့ပြီး တိကျတဲ့ Fitness Tracking Data တွေကို iPhone အကူအညီ မပါဘဲ မှတ်သားနိုင်အောင် ပြုလုပ်ခဲ့ပါတယ်။ Apple Watch မှာ Cellular Data အသုံးပြုနိုင်အောင်လည်း ယခင်နှစ် တည်းက ကြိုးစားခဲ့ပေမယ့် Battery ပြဿနာ အချို့ကြောင့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

                အသစ်ထွက်ရှိမယ့် Apple Watch မှာတော့ Cellular Connection ပါဝင်ပြီး၊ Battery Life ကော အလုံအလောက် ရရှိပါ့မလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ Apple Watch ရဲ့ Battery ဟာ တဖြည်းဖြည်း ပိုကောင်းလာပေမယ့် Cellular Connection ထည့်သွင်းလိုက်မယ်ဆိုရင်တော့ ပြဿနာ အချို့ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် မနှစ်က ကြုံတွေ့ခဲ့ရတဲ့ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့အတွက် Battery ပို ဝင်ဆံ့နိုင်တဲ့ ကိုယ်ထည် ဒီဇိုင်း တစ်မျိုးနဲ့ ပြောင်းလဲ ထုတ်လုပ်သွားဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

                iPad တွေမှာ Wi-Fi Only နဲ့ Wi-Fi + LTE ဆိုပြီး Model (၂) မျိုး ထုတ်လုပ်ပေးလေ့ရှိပြီး LTE (တစ်နည်းအားဖြင့် Cellular Connection) ပါဝင်တဲ့ Model က ဈေးနှုန်း ပိုမြင့်ပါတယ်။ အဲ့ဒီ့လို ထုံးစံကို ကြည့်ခြင်းအားဖြင့် Apple Watch မှာ အသစ်ထည့်သွင်းမယ့် LTE စနစ်ဟာ Model အားလုံးမှာ ပါဝင်လာဖွယ်မရှိဘဲ ဈေးနှုန်း ပိုမြင့်တဲ့ Version တစ်ခု အနေနဲ့ ရောင်းချသွားဖွယ် ရှိပါတယ်။ Apple Watch အသစ်ကို ဒီနှစ်ကုန်ပိုင်းလောက်မှာ တွေ့မြင်ရဖို့များပြီး၊ Cellular Connection ရဲ့ အကျိုးဆက်ဖြစ်တဲ့ Battery ပြဿနာကို ဖြေရှင်းနိုင်ဖို့တော့ မျှော်လင့်ရပါတယ်။

References
Tech Crunch Bloomberg
About Author
Assinged Tags
Smartwatch 4G Apple's iPhone Apple Watch Apple Watch LTE LTE Cellular Network Built-In LTE
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed