Apple iPhone 8 မှာ ကျိန်းသေပြောင်းလဲသွားမယ့် အရာ ၈ မျိုး

date_range 06 August 2017

Apple iPhone 8 မှာ ကျိန်းသေပြောင်းလဲသွားမယ့် အရာ ၈ မျိုး

visibility 14040 Views

                Apple iPhone 8 ကို ကျွန်တော်တို့မြင်တွေ့ရဖို့ ၁ လလောက်ပဲ စောင့်ဆိုင်းဖို့လိုပါတော့တယ်။ ဒီတစ်ခါ Apple ရဲ့ iPhone အသစ်ထုတ်လုပ်မှုက အရင်တုန်းက Apple iPhone တွေထုတ်ခဲ့သလို Design Concept တစ်ခုထဲမှာရှိနေမှာမဟုတ်ပဲ လက်ရှိ အကောင်းဆုံး Android Smartphone တွေကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ဒီဇိုင်းပိုင်းအရရော၊ စွမ်းဆောင်ရည်အရရော အကောင်းဆုံးပြောင်းလဲထားမှာဖြစ်ပါတယ်။ 

                အခုအချိန်မှာတော့ ကျွန်တော်တို့ သိရှိထားတဲ့ Apple iPhone 8 ရဲ့ အချက်အလက်အချို့ကို အခြေခံပြီး ကျိန်းသေပြောင်းလဲလာနိုင်မယ့် အရာ ၈ ခု ကို အသေးစိတ်ဖော်ပြပေးသွားပါမယ်။ 

Apple iPhone 8 မှာ Earpiece နဲ့ Front Selfie camera နေရာလွဲပြီး ဘေးဘောင်တွေပါဝင်မှာမဟုတ်တော့ပါဘူး


                Apple iPhone တွေဟာ စတင်ထွက်ရှိတဲ့အချိန်ထဲက ဖုန်း Display ရဲ့အောက်ဖက်နားလောက်မှာ Home Key နဲ့အတူ ဘောင်တစ်ခု၊ ဖုန်းရဲ့အပေါ်ဘက်မှာ Earpiece, Selfie Camera နဲ့ Sensor အချို့အတွက် ဘောင်တစ်နေရာ စသဖြင့် နေရာတွေပေးထားခဲ့ပါတယ်။

                ဒီလိုပုံစံမျိုးက တခြားစမတ်ဖုန်းတော်တော်များများမှာလည်း အသုံးပြုနေတဲ့ ပုံစံဖြစ်ပေမယ့် မနှစ်က Xiaomi Mi Mix မှ အစပြုပြီး ယခုနှစ်မှာလည်း LG G6, Samsung Galaxy S8 ဖုန်းတွေက ဘေးဘောင်လုံးဝမပါဝင်တဲ့ Bezel-less Display စမတ်ဖုန်းတွေကို ထုတ်လုပ်အောင်မြင်လာတဲ့အချိန်မှာ Apple ကလည်း ရှေးရိုးစွဲဒီဇိုင်းကို ဖောက်ထွက်ဖို့လိုအပ်လာပါတယ်။ 

                ယခုလက်ရှိသိရှိထားတဲ့ သတင်းတွေ အရဆိုရင် Apple iPhone 8 ဟာ Samsung S8 လိုပဲ ဘေးဘောင်လုံးဝမပါဝင်တဲ့ Bezel-less Display ကို အသုံးပြုသွားမှာဖြစ်ပြီး ပိုပြီးထူးခြားတာက ဖုန်းရဲ့ Earpiece နဲ့ Selfie Camera နေရာရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာပါ Display ကကွေ့ဝိုက်ပြီး တည်ရှိနေမှာဖြစ်ပါတယ်။ 

                ဘာပဲဖြစ်ဖြစ် အရင် Samsung Galaxy S8 ထွက်ခဲ့တုန်းက Apple iPhone 7 ကို ဒိတ်အောက်နေတဲ့ဒီဇိုင်းဆိုပြီး ဝေဖန်ထားတာတွေဟာ Apple iPhone 8 မှာ လုံးဝပပျောက်သွားမှာဖြစ်ပါတယ်။ 

Apple iPhone 8 မှာ Pearl ID လို့ခေါ်ဆိုနိုင်မယ့် ကိုယ့်မျက်နှာနဲ့ဖုန်းကို Unlock လုပ်နိုင်တဲ့ Facial recognition စနစ်ပါဝင်လာမည်


                Apple iPhone 8 ရဲ့ အရှေ့ဘက်မှာ ဖုန်း Screen ကအပြည့်နေရာယူနေမှာဖြစ်တဲ့အတွက် Apple iPhone တွေရဲ့ Trademark Feature ဖြစ်တဲ့ Home Button ကိုတွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက်ကြောင့် Apple iPhone 8 မှာ ဖုန်းကို Unlock ပြုလုပ်နိုင်တဲ့ Security စနစ်အသစ်တစ်ခုကို ထည့်သွင်းထားပုံရပါတယ်။ အဲ့ဒါကတော့ Pearl ID လို့ခေါ်တဲ့ Facial recognition စနစ်ပါ။ 

                အခုလို မျက်နှာနဲ့ Unlock လုပ်လို့ရမယ်ဆိုတာကို နောက်ဆုံးထွက်ရှိထားတဲ့ Apple Firmware တွေထဲမှာတွေ့ရှိခဲ့တာဖြစ်ပြီး အမှောင်ထဲမှာ အသုံးပြုနိုင်ဖို့နဲ့ ဓါတ်ပုံလိုမျိုးနဲ့ ဖုန်းကိုဖွင့်လို့မရအောင် မျက်နှာပြင်တစ်ခုလုံးကို ဖတ်ယူနိုင်တဲ့ Front Infrared camera လည်းပါဝင်လာမှာဖြစ်ပါတယ်။ နောက်တစ်ချက်က ပထမဆုံးအကြိမ် Setup ပြုလုပ်တဲ့အချိန်မှာ ကိုယ့်မျက်နှာကို နှစ်ကြိမ် Scan ဖတ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

Apple iPhone 8 မှာ Home Button ပါဝင်လာနိုင်ဖွယ်မရှိပါဘူး


                Apple iPhone 8 မှာ ဖုန်းရဲ့ Display က Screen တစ်ခုလုံးကို အပြည့်နေရာယူထားမှာဖြစ်တဲ့အတွက် Apple ရဲ့ Trademark ဖြစ်တဲ့ Home Button ပါဝင်လာမှာမဟုတ်တော့ပါဘူး။ ဒါပေမယ့် အများစုကတော့ Screen ပေါ်မှာပဲ Virtual Home button တစ်ခုပါဝင်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ 

                ဒါပေမယ့် Apple iPhone 8 မှာ Notification ကိုစစ်ချင်လို့ပဲဖြစ်ဖြစ်၊ အချိန်ကြည့်ချင်လို့ပဲဖြစ်ဖြစ် ယခင် iPhone တွေလို Home Button ကို နှိပ်ပြီး ကြည့်လို့ရတော့မှာမဟုတ်ပဲ Android ဖုန်းတွေလိုမျိုး Double Tap to Wake up လို Features တွေပါဝင်လာမှာပါ။ 

Touch ID Fingerprint Sensor က ဘယ်လိုပုံစံမျိုးဖြစ်လာမလဲ

                Apple iPhone 8 မှာ Home Button မပါဝင်တာက Apple ရဲ့ Touch ID Fingerprint စနစ်ကိုလည်း မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ကျွန်တော်တို့အပါအဝင် အများစုမျှော်လင့်ထားကြတာက Screen အောက်မှာ Fingerprint Sensor ကို ထည့်သွင်းထားပြီး Screen ကို နှိပ်လိုက်တာနဲ့ လက်ဗွေဖတ်ပြီးသား ပုံစံမျိုးပေမဲ့ အခွင့်မသင့်ရင် အဲ့ဒီနည်းပညာကို Apple iPhone 8 မှာ မြင်ရဖို့မရှိ လောက်ပါဘူး။ 

                တကယ်လို့များ Apple ကနေ Under Display Fingerprint Sensor ကို မထည့်သွင်းနိုင်ခဲ့ဘူးဆိုရင်တော့ Touch ID စနစ်ကို ဖုန်းရဲ့နောက်ကျောဘက်မှာပဲထားဖို့ပဲရှိတော့မှာဖြစ်ပါတယ်။ 

                ဘာဖြစ်လို့ Face recognition စနစ်သစ်ဖြစ်တဲ့ Pearl ID ရှိနေတဲ့အချိန်မှာ Touch ID ကို လိုအပ်သလဲဆိုရင်တော့ လက်ရှိ Banking စနစ်တွေနဲ့ Mobile Payment စနစ်တွေမှာ Fingerprint စနစ်ဖြစ်တဲ့ Touch ID ကိုပဲ ယုံကြည်စိတ်ချပြီးတော့ အခြား Face recognition စနစ်တွေကို သုံးနိုင်တဲ့အဆင့်ထိမရောက်သေးပါဘူး။ 

                အဲ့ဒီအတွက် Apple အနေနဲ့ Touch ID Fingerprint Sensor ကို ကျိန်းသေထည့်သွင်းလာရမှာဖြစ်ပြီး ဘယ်နေရာမှာတပ်ဆင်ထားမလဲဆိုတာကတော့ အခုအချိန်ထိ သေချာမသိရသေးတာပဲဖြစ်ပါတယ်။ 

Apple iPhone 8 ရဲ့ Status Bar ဟာ တမူကွဲထွက်နေပါလိမ့်မယ် 


                Apple iPhone 8 ရဲ့ Display အပေါ်ဘက် Earpiece နဲ့ Selfie Camera ရဲ့ တဖက်တချက်မှာလည်း Display ရှိနေမှာဖြစ်ပြီး တဖက်မှာ Battery Status, Phone Network Status နဲ့ တဖက်မှာ အချိန်ကို တွေ့ရမှာဖြစ်ပါတယ်။ 

                ဒါပေမယ့် Notification အတွက်ကတော့ Apple ကနေ iPhone 8 အတွက် UI ကို ပြင်ဆင်မှုပြုလုပ်သွားဦးမယ်လို့သိရပါတယ်။ 

Apple iPhone 8 မှာ Augmented Reality (AR) နည်းပညာအတွက် တော်တော်လေးကို အားထည့်ထားတာကို တွေ့မြင်ရမှာပါ

                Apple ကနေ  မကြာသေးမီကကျင်းပခဲ့တဲ့ WWDC Event မှာ AR နည်းပညာအကြောင်းအတော်များများထုတ်ဖော်ပြောကြားခဲ့ပြီး AR Software Development Kit ကိုတောင် Developer တွေကိုထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိအခြေအနေအရ Apple ရဲ့ VR အပေါ်ဆောင်ရွက်နေမှုတွေဟာ Google ရဲ့ Project Tango နဲ့ Microsoft Hololens တွေထက်တောင် ပိုတယ်လို့ သတ်မှတ်ချင်သတ်မှတ်လို့ရမှာပါ။ 

                အခုထွက်ရှိလာမယ့် Apple iPhone 8 မှာလည်း AR ပိုင်းကို အသုံးပြုနိုင်အောင်ဆောင်ရွက်သွားမယ်ဆိုတာ ကျိန်းသေသလောက်ရှိနေပေမယ့် လက်ရှိအချိန်ထိတော့ AR Camera Functions တွေပါဝင်တဲ့ကင်မရာတွေကို Apple iPhone 8 ရဲ့ နောက်ကျောဘက်မှာမတွေ့မြင်ရသေးဘူးလို့ အချို့ကပြောထားပါတယ်။ အဲ့ဒီအတွက် AR ပိုင်းကို အရှေ့ဘက်က Infrared Camera ကပဲလုပ်ဆောင်မလားမသိပေမယ့် အခုလက်ရှိမှာတော့ Front Camera ကနေ Facial expression အမျိုးမျိုးကို ဖတ်ယူနိုင်တဲ့စနစ်တွေပါဝင်ဖို့ကတော့ ကျိန်းသေသလောက်ရှိနေပါပြီ။ 

Wireless Charging စနစ်ပါဝင်လာနိုင်မလား 

                Apple iPhone တွေမှာ Wireless Charging စနစ်ပါဝင်လာဖို့ကို ကျွန်တော်တို့ မျှော်လင့်ခဲ့တာ အချိန်တော်တော်ကြာခဲ့ပါပြီ။ အခု Apple iPhone 8 မှာတော့ Wireless Charging စနစ်ကို ပထမဆုံးအသုံးပြုမယ့် Device အဖြစ် မြင်တွေ့လာရမှာဖြစ်ပါတယ်။

                ဘာကြောင့်ဒီလိုပြောနိုင်ရလဲဆိုတော့ Apple iPhone 8 မှာ Battery Widget ကို မတူညီတဲ့ Icon တစ်ခုပါထပ်ပေါင်းထည့်ထားပြီး ဒါဟာ Wireless Charging နဲ့ အားသွင်းတဲ့အချိန်မှာ ပြမယ့် Icon ပုံစံလို့ ယူဆနိုင်မှာမို့လို့ဖြစ်ပါတယ်။ 

Apple iPhone 8 တမျိုးထဲကို ကျွန်တော်တို့ မြင်တွေ့ရမှာမဟုတ်ပါဘူး

                Apple ရဲ့ iPhone ကို နာမည်ပေးတဲ့စနစ်အရ Apple iPhone 8 အပြင် Apple iPhone 7/7 Plus နဲ့ အပြင်ပန်းဒီဇိုင်းတူညီပြီး စွမ်းဆောင်ရည်ပိုမြင့်မားတဲ့ iPhone 7s, iPhone 7s Plus တွေကိုပါ ကျွန်တော်တို့ တွေ့မြင်ရဖို့ရှိလောက်ပါတယ်။ 

                အချို့ကလည်း Apple iPhone 8 နဲ့အတူ iPhone 8 Plus ပါထွက်ရှိလာမယ်လို့ ပြောနေကြပေမယ့် သေချာတာတစ်ခုကတော့ Apple iPhone 8 တစ်ခုထဲကိုပဲ Apple က ထုတ်ပြမှာမဟုတ်ပါဘူး။ 

                ဒါကတော့ မကြာခင် ထွက်ရှိလာတော့မယ့် Apple iPhone 8 အပေါ်ကြိုတင်သုံးသပ်ကြည့်တာပဲဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလဆိုရင်တော့ အခုသုံးသပ်ထားသလိုဖြစ်လာမလား မဖြစ်လာဘူးလားဆိုတာကို အသေအချာတွေ့မြင်လာာရတော့မှာပါ။ 

References
Cnet
About Author
Assinged Tags
iPhone 8 related news Apple's iPhone Apple iPhone 8 Apple iPhone 7S Apple iPhone 7S Plus Apple iPhone 8 Plus iPhone 7S iPhone 7S Plus
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed