Pixel 2 နဲ့ Pixel 2 XL တို့အတွက် February Android Security Update မှာ ဖုန်းအပူချိန် မြင့်တက်လာမှု၊ Battery အားမခံမှု၊ စတဲ့ ပြဿနာတွေ ရှိနေ

date_range 19 February 2018

Pixel 2 နဲ့ Pixel 2 XL တို့အတွက် February Android Security Update မှာ ဖုန်းအပူချိန် မြင့်တက်လာမှု၊ Battery အားမခံမှု၊ စတဲ့ ပြဿနာတွေ ရှိနေ

visibility 400 Views

                Google အနေနဲ့ Pixel 2 နဲ့ Pixel 2 XL Flagship စမတ်ဖုန်း မော်ဒယ်အသစ်နှစ်ခုကို ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ စတင် မိတ်ဆက်ပေးပြီးထဲက ပြဿနာပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရပြီး အခုအချိန်ထိလည်း ပြဿနာတွေက မပြီးသေးပါဘူး။ Pixel 2 နဲ့ Pixel 2 XL ကို စတင် မိတ်ဆက်ပြီး ရက်ပိုင်းအကြာမှာပဲ ဗွီဒီယို ရိုက်ကူးတဲ့အခါ အသံဖမ်းတဲ့ အပိုင်းမှာ ပြဿနာတက်ခဲ့သလိုတစ်ချို့ ဖုန်းတွေမှာ Operating System ပါဝင်မလာတာတွေလည်း ရှိခဲ့ပါတယ်။

                ဒါ့အပြင် Pixel 2 XL စမတ်ဖုန်း အချို့မှာ Display အစွန်အဖျား နေရာတွေကို ထိတွေ့လို့ အဆင်မပြေတဲ့ ပြဿနာနဲ့ Screen ပိတ်/ဖွင့် ပြုလုပ်ရင် Screen Flash ဖြစ်ပေါ်တဲ့ ပြဿနာတွေလည်း ရှိခဲ့ပါတယ်။ အခုအခါမှာလည်း Pixel 2 နဲ့ Pixel 2 XL စမတ်ဖုန်းတွေအတွက် February Android Security Update ကြောင့် ဖုန်းအပူချိန် မြင့်တက်လာမှုတွေ၊ Battery အားမခံတာတွေ၊ စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အသုံးပြုသူတွေက Reddit နဲ့ Google Forum မှာ Report လုပ်ခဲ့ကြပါတယ်။ Pixel 2 နဲ့ Pixel 2 XL အသုံးပြုသူများရဲ့ ရေးသားဖေါ်ပြချက်များအရ ဖုန်းအချို့မှာ ပြဿနာ နှစ်ခုလုံး ရှိနေပြီး အချို့မှာတော့ ပြဿနာတစ်ခုပဲ ရှိတယ်လို့ သိရပါတယ်။ 

                Pixel 2 အသုံးပြုသူ တစ်ယောက်ကတော့ သူရင်ဆိုင်နေရတဲ့ ပြဿနာနဲ့ ပက်သတ်ပြီး Reddit မှာ အောက်ပါအတိုင်း ရေးသား ဖေါ်ပြထားပါတယ်။

                “ကျွန်တော့် Pixel 2 မှာ နောက်ဆုံး ထွက်ထားတဲ့ Security Patch Update လုပ်ပြီးထဲက ဖုန်းက တစ်မိနစ်လောက် သုံးလိုက်တာနဲ့ ပူလာပါတယ်။ ဘာဖြစ်တာလဲဆိုတာ တစ်ယောက်ယောက်များ အကြံပေးနိုင်မလား မသိဘူး? Battery အားကတော့ ကျမသွားပါဘူး”

                Pixel 2 XL အသုံးပြုသူ တစ်ယောက်ကလည်း Reddit မှာ 

                “February Security Patch Update ကို Install လုပ်ပြီးထဲက ဖုန်းရဲ့ Battery က တော်တော်ကြီးကို အခြေအနေ ဆိုးသွားပါတယ်။ နောက်ပြီး ပူလည်း ပူလာပါတယ်။ App အသစ်တွေ ဘာတွေလည်း သွင်းထားတာ မရှိပဲ တစ်နာရီလောက် ဖုန်းဖွင့်ထားလိုက်တာနဲ့ Battery က ၄၀ ရာခိုင်နှုန်းအောက်ကို ရောက်သွားပါတယ်။” 

လို့ ရေးသားဖေါ်ပြထားပါတယ်။

                Pixel User Community မှာလည်း Pixel 2 နဲ့ Pixel 2 XL စမတ်ဖုန်းတွေမှာ February Android Security Patch Update လုပ်ပြီးထဲက အခုလို ပြဿနာတွေနဲ့ ရင်ဆိုင်နေရကြောင်း ရေးသားဖေါ်ပြထားကြပါတယ်။ ဒါ့အပြင် ဖုန်းကို Safe Mode နဲ့ အသုံးပြုနေရင်တောင် အခုလို ပြဿနာတွေ ရှိနေသေးတာကြောင့် “Third-Party Apps တွေကြောင့် အခုလို ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ” လို့ Google အနေနဲ့ အကြောင်းပြချက်ပေးလို့ ရနိုင်တော့မှာ မဟုတ်ပါဘူး။

                အခု ပြဿနာ မတိုင်မီကလည်း Pixel 2 XL အချို့မှာ Messaging Apps တွေဖြစ်တဲ့ Google Allo, Instagram, Telegram တို့ကနေတစ်ဆင့်  အသံဖိုင်တွေ ပေးပို့တဲ့အခါမှာ အသံတိုးသွားတဲ့ ပြဿနာအပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း Pixel 2 XL ကို Router နဲ့ ချိတ်ဆက်တဲ့ အခါမှာ ချိတ်ဆက်မရတဲ့ ပြဿနာတွေလည်း ရှိနေပါသေးတယ်။ ဒါ့အပြင် Pixel ဖုန်းတွေမှာ Microphone ပြဿနာရှိမှန်း သိသိနဲ့ ဆက်လက် ရောင်းချနေတဲ့ အတွက် Google အနေနဲ့ မကြာသေးမီ အချိန်ကလည်း တရားစွဲခံထားရပါသေးတယ်။

                အခုဖြစ်ပွားနေတဲ့ ဖုန်းအပူချိန် မြင့်တက်မှု ပြဿနာ၊ Battery အားကျဆင်းမှု ပြဿနာတွေနဲ့ ပက်သတ်ပြီး Google ဘက်ကတော့ တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် March Security Update နဲ့အတူ ကုမ္ပဏီအနေနဲ့ အခု ဖြစ်ပွားနေတဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းပေးသွားနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV Tom's Guide
About Author
Assinged Tags
Bug Report Google Pixel Pixel 2 Bug Pixel 2 XL Hardware Issue
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed