ပြိုင်ဘက်တွေရဲ့ Face ID တွေဟာ iPhone X ရဲ့ Face ID လောက် စွံမှာမဟုတ်ဘူးလို့ ဆိုလိုက်တဲ့ Phil Schiller

date_range 12 December 2017

ပြိုင်ဘက်တွေရဲ့ Face ID တွေဟာ iPhone X ရဲ့ Face ID လောက် စွံမှာမဟုတ်ဘူးလို့ ဆိုလိုက်တဲ့ Phil Schiller

visibility 2980 Views

                နည်းပညာလောကရဲ့ ထိပ်တန်းကုမ္ပဏီကြီး Apple ဟာ iPhone X နဲ့အတူ Face ID ဆိုတဲ့ Feature အသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ခြင်းအားဖြင့် လွန်ခဲ့တဲ့ (၃) လလောက်က စမတ်ဖုန်းလောကကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Face ID ဟာ ပြိုင်ဘက် Android ဖုန်းကုမ္ပဏီတွေအနေနဲ့ အလေးထားပြီး မိတ်ဆက်ရမယ့် ကြော်ငြာရမယ့် နယ်ပယ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဥပမာ မကြာသေးမီကမှ မိတ်ဆက်သွားတဲ့ OnePlus 5T ဟာ Face ID လို လုပ်ဆောင်ချက်မျိုးကို Face Unlock လို့ နာမည်ပေးပြီး မိတ်ဆက်သွားခဲ့ပါသေးတယ်။ Huawei ကလည်း Honor V10 မိတ်ဆက်တုန်းက Face ID ကော Animoji ကိုကော တုပထားတဲ့ ကိုယ်ပိုင်နည်းပညာသစ်တွေကို ပြသသွားခဲ့တာ တွေ့ရပါတယ်။

                ဒီကိစ္စနဲ့ ပတ်သက်ပြီး Apple ရဲ့ ဈေးကွက်ဌာနအကြီးအကဲဖြစ်တဲ့ Phil Schiller ကတော့ စိုးရိမ်စိတ်မရှိဘူးလို့ ဆိုလိုက်ပါတယ်။ မကြာသေးမီက ဒက်ချ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Bright ကို Face ID နဲ့ ပတ်သက်ပြီး ပြောဆိုရာမှာတော့ Phil က မကြာခင်မှာ ထွက်ပေါ်လာမယ့် Android ဖုန်းတွေရဲ့ Facial Recognition စနစ်နဲ့ ပတ်သက်ပြီး စကားလုံး သုံးလုံးသာ မှတ်ချက်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ “ဒီကောင်တွေအကုန် စွံမှာ မဟုတ်ပါဘူး” (They all stink) လို့ ခပ်ပြတ်ပြတ်ပဲ ပြောခဲ့တာဖြစ်ပါတယ်။

                ၁၉၉၇ ခုနှစ်ကတည်းက Apple ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိအဖွဲ့မှာ ပါဝင်ခဲ့တဲ့ Schiller က Android ဖုန်းတွေရဲ့ Facial Recognition စနစ်တွေဟာ Apple ရဲ့ Face ID နဲ့ အလုပ်လုပ်ပုံ သဘောသဘာဝခြင်း မတူညီဘူးလို့ ဆိုထားပါတယ်။ သူက iPhone တွေရဲ့ အောက်ခြေမှာ နှစ်ပေါင်းအတော်ကြာ အမြဲပါဝင်ခဲ့တဲ့ Home Button တွေရဲ့ များပြားတဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပြခဲ့ပါတယ်။ ဒီ Home Button ဟာ ဖုန်းကို Touch ID အသုံးပြုပြီး Unlock ပြုလုပ်ပေးဖို့ရာ တစ်ခုတည်းမဟုတ်ဘဲ Apple Pay အတွက် လုံခြုံရေးစစ်ဆေးနိုင်ဖို့၊ Siri ကို လှမ်းခေါ်ဖို့၊ ဖွင့်ထားတဲ့ Apps တွေအကြား အပြန်အလှန် ကူးပြောင်းဖို့ အစရှိတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ရာမှာလည်း Home Button က အရေးပါခဲ့တယ်လို့ သူက ဆိုပါတယ်။ ဆက်လက်ပြီးတော့ သူက အခု Face ID ကတော့ ဒီ Home Button တွေ မြောက်မြားလှတဲ့ လုပ်ဆောင်ချက်တွေအကုန်လုံးကို လွှဲပြောင်းရယူမှာပါလို့ မှတ်ချက်ပြုပါတယ်။

“Android ဖုန်းတွေရဲ့ Face ID တွေဟာ ကျွန်တော်တို့ရဲ့ Face ID အလုပ်လုပ်သလို လုပ်မှာမဟုတ်ဘူး ခင်ဗျ။ အစောပိုင်းနှစ်တွေက Home Screen ကို သွားဖို့အတွက်သာ အသုံးပြုတဲ့ ဒီ Home Button လေးဟာ နှစ်တွေအများကြီး ဖြတ်သန်းပြီးချိန်မှာတော့ ဒီထက်မက များပြားတဲ့ လုပ်ဆောင်ချက်တွေကိုပါ ပြုလုပ်နိုင်တဲ့အထိ တိုးတက်လာတာကို ကျွန်တော်တို့ ကောင်းကောင်းကြီး သတိထားမိပါတယ်။ ကျွန်တော်တို့ဟာ ဒီ Home Button မှာ Touch ID ကို ထည့်သွင်းခဲ့ပါတယ်။ Multitasking Screen ကို သွားရောက်ဖို့၊ Siri ကို ခေါ်ဖို့၊ Apple Pay ကို Activate လုပ်ဖို့ စတဲ့ လုပ်ဆောင်ချက်တွေအားလုံးဟာ ဒီခလုတ်လေးတစ်ခုကနေ လုပ်ဆောင်ရတာပါ။

                ဒါကြောင့် Face ID ကို ပြုလုပ်တဲ့အခါမှာလည်း ကျွန်တော်တို့တွေဟာ မျက်နှာလေး ပြလိုက်ရုံနဲ့ ဖုန်းကို အလွယ်တကူ Unlock ပြုလုပ်နိုင်ဖို့၊ လုံခြုံစိတ်ချရမှုရှိဖို့နဲ့ တစ်ခြားသော လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ဖို့ရာ အကောင်းဆုံးနည်းလမ်းတွေကို လိုအပ်ခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်တွေအကုန် Face ID မှာ ထည့်သွင်းနိုင်ဖို့ရာ ကျွန်တော်တို့တွေ ကြိုးစားခဲ့ရပါတယ်။ တစ်ခြားကုမ္ပဏီတွေရဲ့ Facial Recognition စနစ်တွေကတော့ ကျွန်တော်တို့လောက် မစုံလင်ပါဘူး။ Face ID ဟာ တကယ့်ကို ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုပဲ ဖြစ်ပါတယ်"

                ပညာရှင်တွေကတော့ လာမယ့် ၂၀၁၈ ခုနှစ်မှာ Face ID လို လုပ်ဆောင်ချက်မျိုး ပါဝင်တဲ့ Flagship ဖုန်းတွေ အများအပြား ထွက်ပေါ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲ့ဒီအချိန်ကြမှပဲ Schiller ကို ဒီဖုန်းတွေက အံ့သြမှင်သက်သွားအောင် လုပ်နိုင် မလုပ်နိုင်ဆိုတာ အဖြေပေါ်လာမှာပါ။

This Article is Contributed by IT Man
References
Trusted Reviews Phone Arena
About Author
Assinged Tags
Android Facial Recognition Technology Smartphones Facial Recognition Software Apple Face ID
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed