သုံးစွဲသူပရိတ်သတ်ကြားမှာ အောင်မြင်မှုအကြီးအကျယ် ရရှိခဲ့တဲ့ Pixel နဲ့ Pixel XL စမတ်ဖုန်းတွေ ထွက်ရှိတာ ခြောက်လတောင် မပြည့်သေးခင်မှာပဲ Google အနေနဲ့ မျိုးဆက်သစ် ‘Pixel 2’ ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ ခိုင်မာတဲ့သတင်းတစ်ခုအရ သိရှိရပါတယ်။
အတွင်းသတင်းတစ်ချို့အရ ‘Pixel 2’ ဖုန်းမှာ ပိုမိုကောင်းမွန်တဲ့ကင်မရာ၊ CPU တို့ကို အသုံးပြုသွားမှာဖြစ်ပြီး၊ စျေးကလည်း မနှစ်ကမော်ဒယ်တွေထက် ပိုများမယ်လို့ သိရပါတယ်။ ထူးခြားချက်အနေနဲ့ စမတ်ဖုန်းအတွက် ပိုက်ဆံများများ မသုံးချင်သူတွေအတွက်လည်း ‘Pixel 2B’ ဆိုပြီး တန်ဖိုးနည်း Pixel ဖုန်းကို ထုတ်ပေးသွားမှာဖြစ်ပြီး၊ တန်ဖိုးနည်းမော်ဒယ်မှာတော့ Specs က နည်းနည်းနိမ့်ဖို့ရှိပါတယ်။
ယနေ့ခေတ်မော်ဒယ်မြင့်ဖုန်းတွေမှာ မပါမဖြစ် စွမ်းဆောင်ရည်တစ်ခုလို့ ပြောလို့ရတဲ့ “ရေစိမ်ခံနိုင်စွမ်းရည်” လည်း Pixel ဖုန်းအသစ်မှာ ပါဝင်ဖို့ သေချာတယ်လို့ အဆိုပါသတင်းရင်းမြစ်က ဖော်ပြထားပါတယ်။
Google ဟာ Pixel ဖုန်းအသစ်မှာလည်း ကင်မရာပိုင်းကိုပဲ ပိုမိုအလေးထားထုတ်လုပ်ဖို့ရှိပြီး၊ Low-Light Photography ပိုင်းမှာ သူမတူကောင်းမွန်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ Pixel 2 ဖုန်းအသစ်ဟာ ကနဦးထုတ်လုပ်မှုအဆင့်မှာပဲ ရှိသေးတာကြောင့်၊ အမှန်တကယ်မထွက်ရှိမှီ ကြားအချိန်အတွင်းမှာ သတင်းအချက်အလက်တွေက ပြောင်းလဲသွားနိုင်ပြီး၊ ပြောင်းလဲသမျှကိုလည်း အချိန်နဲ့ တပြေးညီ ဆက်လက်တင်ဆက်ပေးသွားပါမယ်။
Updated : (နောက်ထပ်ရရှိတဲ့သတင်းတွေအရ Google ဟာ Pixel 2 စမ်းသပ်ဖုန်းအတွက် ကိုယ်ပိုင် ဃhipset တစ်ခုကို ထုတ်လုပ်ခဲ့ကြောင်းသိရှိရပြီး၊ Pixel 2 ဖုန်းမှာ အမှန်တကယ် အသုံးပြုသွားမလားဆိုတာကိုတော့ သေချာမသိရှိရသေးပါဘူး။)
Join Us On