အဆိုးဝါးဆုံး Cryptocurrency စျေးနှုန်းကျဆင်းမှု ရက်သတ္တပတ်နဲ့ ရင်ဆိုင်နေရတဲ့ Bitcoin

date_range 05 February 2018

အဆိုးဝါးဆုံး Cryptocurrency စျေးနှုန်းကျဆင်းမှု ရက်သတ္တပတ်နဲ့ ရင်ဆိုင်နေရတဲ့ Bitcoin

visibility 560 Views

                ပြီးခဲ့တဲ့ သောကြာနေ့တုန်းက စတင်ဖြစ်ပွားခဲ့တဲ့ Cryptocurrency စျေးနှုန်း ကျဆင်းမှုများကြောင့် Cryptocurrencies တန်ဖိုး ၂၀ ရာခိုင်နှုန်းကျော် ထိုးဆင်းသွားခဲ့ပြီး Cryptocurrencies တွေ ထဲမှာ စျေးနှုန်းအမြင့်မားဆုံးဖြစ်တဲ့ Bitcoin လည်း စျေးနှုန်း သိသိသာသာ ကျဆင်းမှုများနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

                ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်လောက်တုန်းက 1 Bitcoin ကို အမေရိကန် ဒေါ်လာ ၁၉,၀၀၀ ကျော် အထိ စျေးနှုန်းမြင့်တက်ခဲ့ပေမယ့် အခုအခါမှာတော့ 1 Bitcoin ကို အမေရိကန် ဒေါ်လာ ၈,၀၀၀ ကျော်သာ တန်ဖိုးရှိတော့တဲ့အထိ စျေးနှုန်းကျဆင်းသွားပြီ ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များကတော့ လက်ရှိအချိန်ကို ၂၀၁၃ နောက်ပိုင်း Bitcoin တန်ဖိုး ကျဆင်းမှု အဆိုးဝါးဆုံး ရက်သတ္တပတ် ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

                Cryptocurrencies တန်ဖိုးများ ရုတ်တရက် ကျဆင်းသွားရတဲ့ အဓိက အကြောင်းအရင်းကတော့ Cryptocurrencies ရင်းနှီးမြှုပ်နှံသူတွေကို နိုင်ငံအသီးသီးမှ အာဏာပိုင်အဖွဲ့အစည်းများက Cryptocurrency နဲ့ ပတ်သတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖိအားပေးလာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ Coinmarketcap.com မှ ရေးသား ဖေါ်ပြချက်များအရ Cryptocurrency တန်ဖိုး ရုတ်တရက် ကျဆင်းလာမှုကြောင့် အခုအချိန်မှာ Bitcoin, Ethereumm, Ripple, Bitcoin Cash တို့အပြင် အခြားသော Cryptocurrencies အားလုံး စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၈၅ ဘီလီယံ သာ တန်ဖိုးရှိတော့ကြောင်း သိရပါတယ်။

                ဇန်နဝါရီလရဲ့ Cryptocurrencies စုစုပေါင်းတန်ဖိုးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လက်ရှိအချိန်ရဲ့ Cryptocurrencies စုစုပေါင်းတန်ဖိုးက တစ်ဝက်နီးပါး ထိုးဆင်းသွားတာဖြစ်ကြောင်း Coinmarketcap.com မှ ရေးသား ဖေါ်ပြထားပါတယ်။ လက်ရှိအချိန်မှာ တန်ဖိုးအကြီးမားဆုံး ဖြစ်သလို လူသိအများဆုံး Cryptocurrency တစ်ခု ဖြစ်တဲ့ Bitcoin တန်ဖိုးဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ကန်ဒေါ်လာ ၇,၉၁၀ အထိ ကျဆင်းခဲ့ပြီး ယနေ့မှာတော့ ကန်ဒေါ်လာ ၈,၂၂၃.၆၂ အထိ ပြန်လည်မြင့်တက်လာပါတယ်။ လွန်ခဲ့တဲ့ ၂ လတုန်းက တန်ဖိုးနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် လက်ရှိအချိန်မှာ Bitcoin တန်ဖိုးဟာ ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

                ဒါ့အပြင် ဒုတိယ တန်ဖိုးအမြင့်မားဆုံး Cryptocurrency တစ်ခုဖြစ်တဲ့ Ethereum အနေနဲ့ ၂၃ ရာခိုင်နှုန်း၊ တတိယ တန်ဖိုးအမြင့်မားဆုံး Cryptocurrency တစ်ခုဖြစ်တဲ့ Ripple အနေနဲ့ ၃၁ ရာခိုင်နှုန်း အထိ တန်ဖိုးကျဆင်းသွားခဲ့ကြောင်း Coinmarketcap.com က ရေးသားဖေါ်ပြထားပါတယ်။ London အခြေစိုက် Cryptocurrencies Trading ကုမ္ပဏီ ThinkMarket မှ Cryptocurrencies ကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ Naeem Aslam က အခုကိစ္စနဲ့ ပတ်သတ်ပြီး 

                “လက်ရှိအချိန်မှာ နိုင်ငံအသီးသီးက အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုတွေ ရှိနေတာကြောင့် Cryptocurrencies ရင်းနှီးမြှုပ်နှံရေး ပတ်ဝန်းကျင်မှာ သိသိသာသာ ဂယက်ရိုက်မှုတွေ ဖြစ်ပွားနေပါ တယ်။ ရင်းနှီးမြှုပ်နှံသူ တော်တော်များများကလည်း အခု အဖြစ်အပျက်ကြောင့် တော်တော်ကြီးကို တုန်လှုပ် ခြောက်ခြားနေကြပါတယ်”

လို့ ပြောကြားသွားခဲ့ပါတယ်။

                အာဏာပိုင် အဖွဲ့အစည်းတွေဟာ Cryptocurrencies တွေကို စျေးကစားမှု အရမ်းပြင်းတာကြောင့် ရင်းနှီးမြှုပ်နှံထားဖို့ အန္တရာယ်ရှိတယ်လို့ ထင်မြင်ယူဆနေကြပြီး Digital Coin Trading ကုမ္ပဏီတွေ၊ Cryptocurrencies လော်ဘီတွေကလည်း ရင်းနှီးမြှုပ်နှံသူတွေကို Cryptocurrencies တန်ဖိုး အကြီးအကျယ် ပြန်လည် မြင့်တက်လာနိုင်တယ် ဆိုပြီး မြှူစွယ်နေကြတာကြောင့်လည်း အခုအချိန်မှာ အာဏာပိုင်တွေနဲ့ Cryptocurrencies ဘက်တော်သားတွေ အကြီးအကျယ် ရန်သတ်နေကြတယ်လို့ သိရပါတယ်။

                အန္ဒိယနိုင်ငံကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံ မှာလို Cryptocurrencies ကို စျေးကွက်ထဲမှာ အသုံးပြုနေခြင်းကို အမြစ်ပြတ် ရှင်းလင်းပစ်မှာ ဖြစ်ကြောင်း ကတိပေးခဲ့တယ်လို့ သိရပါတယ်။ Facebook ကလည်း Cryptocurrency နဲ့ ပတ်သတ်တဲ့ Ads တွေကို ပိတ်ပင်သွားမှာ ဖြစ်ပြီး အမေရိကန် အာဏာပိုင် အဖွဲ့အစည်းတွေကလည်း ကမ္ဘာ့အကြီးမားဆုံး Cryptocurrecny Trading ကုမ္ပဏီတွေဖြစ်တဲ့ Bitfinex နဲ့ Tether တို့ကို တရားရုံးသို့ ဆင့်ခေါ်စာများ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

                ဇန်နဝါရီ လကုန်ပိုင်းတုန်းကလည်း ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး Cryptocurrency Exchange ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Coincheck အနေနဲ့ လုံခြုံရေး ယိုပေါက် တစ်ခုကြောင့် ကန်ဒေါ်လာ သန်း ၄၀၀ ကျော်  Hack ခံလိုက်ရတာကြောင့် Cryptocurrency တွေရဲ့  လုံခြုံရေးနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

                အခုလိုမျိုး အာဏာပိုင်တွေတောင် ဝင်ပါနေပြီဖြစ်တဲ့ ကာလအတောအတွင်းမှာပဲ Samsung ကတော့ Cryptocurrencies တွေကိုပဲ သီးသန့်တူးယူနိုင်မယ့် Chip တွေကို ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်သလို Cryptocurrencies လော်ဘီတွေကလည်း အခုလို တန်ဖိုးကျဆင်းမှုဟာ ခဏတာသာ ဖြစ်ကြောင်း၊ Blockchain နည်းပညာ ရဲ့ တန်ဖိုးနဲ့ လုပ်ဆောင်နိုင်စွမ်းကို လျှော့မတွက်သင့်ကြောင်း ပြောဆိုနေကြတယ်လို့ သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV KryptoMoney
About Author
Assinged Tags
BitCoin Digital Coins Cryptocurrency Cryptocurrency Exchange Cryptocurrency Mining Cryptocurrency Mining Chips
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed