ကွေးနိုင် ခေါက်နိုင်တဲ့ Foldable Smartphone ကို CES 2018 မှာ တိတ်တဆိတ် ပြသသွားခဲ့တဲ့ Samsung

date_range 15 January 2018

ကွေးနိုင် ခေါက်နိုင်တဲ့ Foldable Smartphone ကို CES 2018 မှာ တိတ်တဆိတ် ပြသသွားခဲ့တဲ့ Samsung

visibility 1400 Views

                Samsung အနေနဲ့ သူတို့ရဲ့ Foldable Smartphone ကို CES 2018 Private Meeting မှာ တိတ်တဆိတ် ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။ CES 2018  မှာ အိမ်သုံး Smart ပစ္စည်းများ၊ Smart TV တွေနဲ့ Computer တွေလိုမျိူး Electronic Devices တွေကိုသာ ပြသခဲ့ပြီး Samsung ပရိတ်သတ်တွေ မျှော်လင့်နေတဲ့ Galaxy S9 နဲ့ Galaxy S9+ တော့ မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း Galaxy S9 ကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလထဲမှာ ကျင်းပတော့မယ့် MWC 2018 ပွဲမှာ မိတ်ဆက်ပေးသွားမယ်လို့ Samsung က အတည်ပြုထားပါတယ်

                လက်ရှိအချိန်မှာ LG နဲ့ Lenovo တို့ဟာ နည်းပညာပွဲတော်တော်များများမှာ သူတို့ရဲ့ Foldable Displays တွေ၊ Foldable Devices တွေကို Demo ပြသနေပြီး၊ Microsoft ကလဲ Foldable Smartphone ပုံစံတစ်မျိူးကို မူပိုင်ခွင့်တင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါတွေအားလုံးက Demo/Prototype အဆင့်လောက်သာ ရှိပြီး၊ ဘယ်ကုမ္ပဏီမှ အမှန်တကယ် ကွေးခေါက်လို့ရတဲ့ ဖုန်းမျိူး မထုတ်နိုင်သေးပါဘူး။ LG က G Flex တို့ Samsung က Galaxy Round တို့ ထုတ်ခဲ့ပေမယ့်လည်း ဘော်ဒီ နည်းနည်းလေးကွေးတဲ့ အဆင့်မှာပဲ ရှိခဲ့ပါတယ်။ ZTE အနေနဲ့လည်း မကြာသေးမီက Display နှစ်ခုကို ခေါက်သိမ်းလို့ရတဲ့ဖုန်းမျိူး မိတ်ဆက်ခဲ့ပေမယ့် Foldable Smartphone လို့ မခေါ်ထိုက်သေးပါဘူး။

                Samsung ရဲ့ Foldable Smartphone ဟာ စာအုပ်တစ်အုပ်လို Fold-in, Fold-out လုပ်လို့ ရမှာ ဖြစ်ပြီး ၇.၃ လက်မ အကျယ်ရှိတဲ့ Foldable Display တွေကို ၂၀၁၈ နှစ်ကုန်လောက်မှာ စတင်ထုတ်လုပ်မယ်လို့ Samsung က ပြောကြားခဲ့ပါတယ်။ ဒီသတင်းကို တောင်ကိုရီးယား နည်းပညာ Website တစ်ခု ဖြစ်တဲ့ ETNews ကတစ်ဆင့် သိရပါတယ်။

                Samsung အနေနဲ့ ဒီလို Foldable Smartphone တွေကို ဒီနှစ်မှာမှ စတင်ပြသတာ မဟုတ်ပဲ မနှစ်က ကျင်းပခဲ့တဲ့ MWC 2017 မှာလဲ တိတ်တဆိတ် ထုတ်ဖော်ပြသခဲ့ပါသေးတယ်။ Samsung က Foldable Smartphone ထုတ်တော့မယ်ဆိုပြီး ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့တာကို မှတ်မိကြဦးမှာပါ။ ဒါ့ကြောင့် ဒီနှစ် CES 2018 မှာ တိတ်တဆိတ် ပြသခဲ့တဲ့ Foldable Smartphone က MWC 2017 မှာ ပြသခဲ့တဲ့ Smartphone ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားတဲ့ Upgraded Version လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။

                Samsung ရဲ့ Foldable Smartphone တွေက In-folding မှာ Curvature 1R(0.1 mm) နဲ့ Out-folding မှာ Curvature 5R(0.1 mm) ကွေးနိုင်မှာ ဖြစ်ပါတယ်။ အခုလို ကွေးနိုင် ခေါက်နိုင်တဲ့ Flexible Display တွေကို Plastic Material တွေနဲ့ ပြုလုပ်ထားနိုင်တယ်လို့ BusinessKorea က ခန့်မှန်း ပြောဆိုထားပါတယ်။

                ဒီ Foldable Smartphones တွေကို Galaxy X ဆိုပြီး ကင်ပွန်းတပ်နိုင်ကြောင်း ထင်ကြေးပေးနေကြပါတယ်။ မကြာသေးမီကလဲ Foldable Smartphones တွေထုတ်လုပ်ဖို့အတွက် မူပိုင်ခွင့်ကို Samsung က ရယူထားပြီး National Radio Research Agency (NRRA) ကလဲ Samsung ရဲ့ Model Number “SM-G888N0” လို့ခေါ်တဲ့ Device တစ်မျိူးကို အတည်ပြုပေးထားပါတယ်။ ဒီ SM-G888N0 ဟာ Samsung Galaxy X စမတ်ဖုန်းကို ဖြစ်လာဖွယ်ရှိပြီး “N0” ဟာ ကိုရီးယားစျေးကွက်ကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။

                Galaxy S8 ကို မိတ်ဆက်တုန်းကလဲ Galaxy Note Series တွေထဲက တစ်ခုဖြစ်တဲ့ Foldable Smartphone ကို ၂၀၁၈ ခုနှစ် အစောပိုင်းလောက်မှာ စတင်မိတ်ဆက်ဖို့ ရည်ရွယ်နေတယ်လို့ Samsung Mobile ရဲ့ ပြောရေးဆိုခွင့်ရှိသူ DJ Koh မှ ပြောကြားခဲ့ဖူးပါတယ်။

                တကယ်တော့ Samsung က သူတို့ရဲ့  မဟာပြိုင်ဘက်ကြီးဖြစ်တဲ့ Apple ကို Foldable Smartphones တွေနဲ့ အနိုင်ပိုင်းချင်တယ်လို့ ပြောရမှာပါ။ တစ်ဖက်မှာလည်း Apple က Foldable iPhone တွေအတွက် မူပိုင်ခွင့်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ရယူပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် Foldable iPhone အတွက် LG နဲ့အတူ လက်တွဲလုပ်ကိုင်မယ်လို့ ကောလဟာလ သတင်းများအရ သိရှိရပါတယ်။ ဒါ့ကြောင့် Smartphone ကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple နဲ့ Samsung တို့ ဘယ်သူက အရင် Foldable Smartphone ကို ထုတ်လုပ်နိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

This Article is contributed by Thaw Zin.
References
Gadgets NDTV
About Author
Assinged Tags
Samsung Samsung Galaxy Galaxy S9 Foldable Smartphone Foldable Display
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed