Nokia 8 မှာ Android 8.0 Oreo Stable Update စတင်ရရှိ

date_range 28 November 2017

Nokia 8 မှာ Android 8.0 Oreo Stable Update စတင်ရရှိ

visibility 660 Views

                Android 8.0 Oreo ဟာ တရားဝင်ထွက်ရှိနေတာ လအတန်ငယ်ကြာပြီဖြစ်ပေမယ့်၊ Google ကိုယ်တိုင်ထုတ် Pixel နဲ့ Nexus ဖုန်းတွေမှာပဲ အရင်ရရှိခဲ့ပြီး၊ Google မဟုတ်တဲ့ တခြား Android ကုမ္ပဏီတွေထဲမှာဆိုရင် Sony က Xperia XZ Premium ဖုန်းမှာ Android 8.0 Oreo Stable Update အရင်ဆုံး ပေးနိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

                အခုတော့ Nokia ကုမ္ပဏီကလည်း သူတို့ကတိပေးထားတဲ့အတိုင်း Nokia 8 စမတ်ဖုန်းမှာ Android 8.0 Oreo Stable Update ကို ထုတ်ပေးလိုက်နိုင်ပြီဖြစ်ကြောင်း ကုမ္ပဏီရဲ့ Chief Product Officer ဖြစ်သူ Juho Sarvikas က Twtitter ကနေ ကြေငြာခဲ့ပါတယ်။

                မကြာခင်အတွင်း Nokia 2, Nokia 3, Nokia 5 နဲ့ Nokia 6 ဖုန်းတွေအတွက်လည်း ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီ့အပြင် Android Oreo ပြီးလို့ Android P ထွက်လာရင်လည်း ဒီ Nokia ဖုန်းအကုန်လုံးဟာ Android P Update အထိ ဆက်ရမှာ ဖြစ်တယ်လို့ HMD Global ကုမ္ပဏီက ပြီးခဲ့တဲ့လမှာ ကတိပေးခဲ့ပါသေးတယ်။


                HMD Global ဟာ Nokia 8 စမတ်ဖုန်းအတွက် Android 8.0 Oreo Beta Update ကို ပြီးခဲ့လ (၂၆) ရက်နေ့လောက်ထဲက စတင်ပေးခဲ့တာ ဖြစ်ပေမယ့်၊ အဆိုပါအချိန်တုန်းက Android 8.0 Beta ရဖို့ Nokia Website မှာ Sign Up အရင်သွားလုပ်ပေးခဲ့ရပါတယ်။ အခု Stable Update ကိုတော့ Nokia 8 ဖုန်းအားလုံး OTA Update အနေနဲ့ ရရှိမှာပါ။ နိုင်ငံအလိုက်တော့ Oreo Update ရရှိတဲ့အချိန် အနည်းငယ် ကွာခြားမှု ရှိနိုင်ပါတယ်။

                Nokia 8 မှာ ရရှိခဲ့တဲ့ Android 8.0 Oreo Update ဟာ UI ပြောင်းလဲမှုတွေ၊ Skin တွေ၊ Pre-installed Apps တွေ လုံးဝမပါဝင်တဲ့ Pure Android Version ဖြစ်ပြီး၊ တခြား Nokia ဖုန်းအကုန်လုံးကလည်း Pure Android Version နဲ့ပဲ ဆိုတော့ Android အရသာစစ်စစ်ကို သုံးချင်သူတွေအတွက် အကြိုက်တွေ့မှာပါ။ ပြီးတော့ Google ရဲ့ လစဉ် Security Updates တွေလည်း ပုံမှန်ရရှိမှာဖြစ်တယ်လို့ ကုမ္ပဏီက ကတိပေးထားပါတယ်။

                Nokia 8 နည်းတူ Sony ရဲ့ Xperia XZ နဲ့ Xperia XZs တို့မှာလည်း Android 8.0 Oreo Stable Update ရရှိနေပြီဖြစ်ပြီး၊ HTC ရဲ့ unlocked U11 မှာလည်း ယနေ့ (တနင်္လာနေ့) အတွင်း Oreo Update ရရှိမယ်လို့ ကုမ္ပဏီရဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားထားပါတယ်။


                OnePlus ဖုန်းတွေအနေနဲ့ကတော့ နောက်နှစ်အစောပိုင်းလောက်မှ Android Oreo Stable Update စရဖို့ ရှိပါတယ်။ ဒါပေမယ့် မကြာသေးခင်ကတော့ OnePlus 5 အတွက် Android 8.0 Oreo Open Beta version စနေပြီဖြစ်ပြီး၊ OnePlus 3 နဲ့ 3T တို့မှာ တော့ OnePlus Website ကနေ Android Oreo Update တင်နိုင်နေပြီ ဖြစ်ပါတယ်။ ကျနော်တို့ ဆီမှာတော့ OnePlus 5 ပဲ လက်ရှိ ရှိတာကြောင့် Android 8.0 Oreo Open Beta version တင်ကြည့်ပြီးတာနဲ့ Feedback ပြန်ပေးနိုင်အောင် ကြိုးစားပါမယ်။


References
Gadgets 360 Android Authority
About Author
Assinged Tags
Android Nokia Nokia 8 OnePlus 5 Nokia 3 Nokia 5 Nokia 6 Android Update Xperia XZ Premium Xperia XZ Android Oreo Nokia 2 Android 8.0 Android Oreo Beta Android Oreo Stable
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed