Dash Charge စနစ်က ပိုကောင်းတာကြောင့် OnePlus 5T မှာလည်း Wireless Charging ပါဝင်မှာ မဟုတ်ကြောင်း CEO အကြောင်းပြ

date_range 09 November 2017

Dash Charge စနစ်က ပိုကောင်းတာကြောင့် OnePlus 5T မှာလည်း Wireless Charging ပါဝင်မှာ မဟုတ်ကြောင်း CEO အကြောင်းပြ

visibility 740 Views

                OnePlus ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ OnePlus 5T ကတော့ အခုနိုဝင်ဘာလ (၁၆) ရက်နေ့မှာ တရားဝင် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ OnePlus 5T ဖုန်းအသစ်မှာ ဘာတွေမျှော်လင့်နိုင်မလဲဆိုတာ ယခုဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။


                OnePlus ဖုန်းတွေမှာ အထူးခြားဆုံး Feature တစ်ခုကို ပြပါဆိုရင် သူတို့ရဲ့ “Dash Charge” ဆိုတဲ့ Fast Charging စနစ်ကို ပြရမှာပါ။ Dash Charge ဟာ ကျနော်တို့ စမ်းသပ်ဖူးသမျှ Fast Charging စနစ်တွေထဲမှာ အမြန်ဆုံးစနစ်တစ်ခုဖြစ်ပြီး၊ အမွှမ်းတင်ပြောရမယ်ဆိုရင် “အပြင်သွားခါနီး ဖုန်းအားသိပ်မပြည့်သေးလို့ ဖုန်းကို လူက ပြန်စောင့်နေတဲ့ အဖြစ်မျိုး” တွေ မကြုံရတော့တဲ့အထိ ကောင်းမွန်ပါတယ်။

                ဒါပေမယ့် OnePlus ဖုန်းတွေမှာ တစ်နှစ်ပြီးတစ်နှစ် စျေးတွေတက်လာတာကြောင့်၊ အသုံးပြုသူတွေအနေနဲ့လည်း iPhone X လို Flagship ဖုန်းတချို့မှာ ပါနေပြီဖြစ်တဲ့ Wireless Charging လို Feature တွေ တောင့်တလာကြပါတယ်။

                ဒါပေမယ့် OnePlus CEO ဖြစ်တဲ့ Pete Lau ကတော့ ခပ်ပြတ်ပြတ်ပါပဲ။ အခုအသစ်ထွက်မယ့် OnePlus 5T မှာလည်း ကြိုးမဲ့အားသွင်းစနစ် (Fast Charging) ပါမှာမဟုတ်ဘူးလို့ ကြိုတင်ပဲပြောချလိုက်ပါပြီ။ ဒါပေမယ့် အကြောင်းမဲ့ပြောတာမျိုးမဟုတ်ဘဲ၊ သူတို့ရဲ့ Dash Charge စနစ်ဟာ Wireless Charging ထက် ပိုကောင်းလို့ပါဆိုတဲ့ ရှင်းပြချက်လေးတော့ ပေးသွားပါတယ်။

                Pete Lau က Dash Charge အားအမြန်သွင်းစနစ်ဟာ Wireless Charging တွေထက် ပိုကောင်းပြီး၊ 20W အားနဲ့ နာရီဝက်လောက်မှာပဲ တနေကုန်အေးဆေးသုံးနိုင်မယ့် ဘက်ထရီပမာဏကို ဖြည့်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အဲ့လောက် အမြန်သွင်းနေပေမယ့်လည်း ဖုန်းက ပူလာတာမျိုးတောင် မရှိဘူးလို့ ဆိုပါတယ်။ Wireless Charging Pad တွေဟာ သီအိုရီအရ 15W Output ထုတ်ပေးနိုင်ပေမယ့် ဖုန်းကို သူ့နေရာတကျ ထားဖို့တော့ လိုပါသေးတယ်။ ပြီးတော့ ကြိုးမဲ့အားသွင်းနေတုန်းမှာ ဖုန်းကို ကောက်ကိုင်လိုက်ရင် အားသွင်းရပ်သွားမှာကြောင့် အားသွင်းနေတုန်း ဖုန်းအသုံးပြုတာမျိုး လုပ်လို့မရတော့ဘူးလို့လည်း Pete Lau က ပြောကြားခဲ့ပါတယ်။ ဒါဟာ လက်ရှိ Wireless Charging စနစ်ရဲ့ အားနည်းချက်တစ်ခုဖြစ်တယ်လို့ သူက ထောက်ပြသွားပါတယ်။

                Pete Lau က ကြိုးမဲ့အားသွင်းတာဟာ လက်ရှိအချိန်အထိ Dash Charge လောက်မမြန်သေးတဲ့အတွက် OnePlus ဖုန်းတွေမှာ မထည့်သေးတာဖြစ်ပြီး၊ တကယ်အချိန်တန်ပြီဆိုရင်တော့ OnePlus ဖုန်းတွေမှာ Wireles Charging ထည့်ဖို့ ကုမ္ပဏီဘက်က စဉ်းစားမှာပါလို့ CEO ကြီးက ဆိုပါတယ်။

                ပြောရရင်တော့ Pete Lau က ရှင်းပြချက်က ယုတ္တိတန်တယ်ဆိုပေမယ့်၊ တကယ်တမ်းတော့ သူတို့ကိုယ်တိုင်က မထည့်ပေးချင်လို့ မထည့်ပေးတာပါ။ Charging ဖြစ်ဖြစ်၊ Data Transfer ဖြစ်ဖြစ် (အခုလက်ရှိအချိန်မှာ) ကြိုးနဲ့က ကြိုးမဲ့ထက် မြန်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်တဲ့အတွက် သူ့အဖြေက သိပ်တော့ အားရစရာမရှိပါဘူး။ ဖုန်းကို တွေ့ကရာမှာ တင်ပြီး အားသွင်းတတ်တဲ့သူတွေအနေနဲ့ အားသွင်းခါနီး Charging Pad ကို လိုက်ပြန်ရှာနေရမှာ၊ ပြီးတော့ Charging Pad ထားဖို့ နေရာသက်သက်ပေးနေရဦးမှာ ဆိုတဲ့ အချက်တွေကို အကြောင်းပြရင်တောင် ဟုတ်တုတ်တုတ်ပါပဲ။

References
GSM Arena
About Author
Assinged Tags
Fast Charging related OnePlus Wireless Charging Dash Charge OnePlus 5T
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed