မကြာခင် ထွက်ရှိလာတော့မယ့် OnePlus 5T နဲ့ ပတ်သတ်ပြီး ဘာတွေမျှော်လင့်နိုင်မလဲ?

date_range 31 October 2017

မကြာခင် ထွက်ရှိလာတော့မယ့် OnePlus 5T နဲ့ ပတ်သတ်ပြီး ဘာတွေမျှော်လင့်နိုင်မလဲ?

visibility 1320 Views

                OnePlus ကနေ ဒီနှစ်အတွက် OnePlus 5 စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပြီး အခုအချိန်မှာတော့ OnePlus 5T ဆိုပြီး နောက်ထပ်ဖုန်းသစ်တစ်ခုကို ထုတ်လုပ်ဖို့ အလားအလာများနေပြီလို့ပြောလို့ရပါတယ်။ မနှစ်ကလည်း OnePlus 3 ထွက်ရှိပြီး ဒီဇိုင်းမပြောင်းလဲပဲ အနည်းငယ် Upgrade ပြုလုပ်ခဲ့ပြီး OnePlus 3T ကို ထုတ်ခဲ့တာဖြစ်တဲ့အတွက် ဒီနှစ်လည်း မနှစ်ကနည်းလမ်းအတိုင်းပဲ ဆောင်ရွက်နေတာဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုထွက်ရှိလာမယ့် OnePlus 5T ဖုန်းအကြောင်း ကျနော်တို့ သိရှိထားသမျှကို ဖော်ပြလိုက်ပါတယ်။ 

                အရင်ဆုံး ဖုန်းဒီဇိုင်းပါ။ OnePlus 3T တုန်းက OnePlus 3 နဲ့ ဒီဇိုင်းတူတူပဲဖြစ်ပေမယ့် အခု OnePlus 5T မှာတော့ ကွာခြားသွားပါလိမ့်မယ်။ အဲ့ဒါကလည်း OnePlus က သူရဲ့ ဒေသတွင်း တရုတ်နိုင်ငံကပြိုင်ဘက်တွေဖြစ်တဲ့ Vivo, Oppo, Huawei အစရှိတဲ့ကုမ္ပဏီတွေက 18:9 Ratio နဲ့ Screen အပြည့် Display တွေပါဝင်တဲ့ဖုန်းတွေကို ထုတ်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

                အစောပိုင်းက ထွက်ရှိခဲ့တဲ့ Leak တွေအရ OnePlus 5T က အခြေခံ ဒီဇိုင်းအရတော့ OnePlus 5 နဲ့ အရွယ်အစားတူညီမှာဖြစ်ပြီး Screen ကပဲ ၆ လက်မ 18:9 Ratio ဖြစ်သွားမယ်လို့ ယူဆရပါတယ်။ 

                ဒီအချက်ကို သက်သေခံနေတာကတော့ OnePlus ကို ထုတ်လုပ်တဲ့ BKK Company က ပိုင်ဆိုင်တဲ့ Oppo ကနေ Oppo F5 စမတ်ဖုန်းနဲ့ နိုဝင်ဘာ (၂) ရက်နေ့မှာ မှာ Oppo R11s ဖုန်းတွေကို 18:9 Ratio Display နဲ့ ထုတ်လာတာဖြစ်ပါတယ်။ OnePlus 5 ဖုန်းတုန်းက အပြင်ပန်းဒီဇိုင်းက Oppo R11 နဲ့ ထပ်တူညီသလိုပဲ အခု OnePlus 5T ကလည်း Oppo R11s ဖုန်းဒီဇိုင်းအတိုင်းဖြစ်လာပါလိမ့်မယ်။ 

OnePlus 5 Vs Oppo R11


နိုဝင်ဘာ (၂) ရက်နေ့မှာ မိတ်ဆက်မယ့် Oppo R11s

                နောက်ပြီး အခုနောက်ဆုံး Evan Blass ကနေလည်း အပေါ်ဘက်ဘောင်တွေ တော်တော်ကိုပါးတဲ့ 18:9 Ratio Screen နဲ့ OnePlus 5T ပုံကို ဖော်ပြခဲ့တဲ့အတွက် OnePlus အသုံးပြုသူတွေအနေနဲ့ ဒီတစ်ခါတော့ ဖုန်းဒီဇိုင်းက ပုံတုံးကြီးဆိုတဲ့ ဝေဖန်မှုကို ခံရလောက်မှာမဟုတ်တော့ပါဘူး။

                နောက်ထပ်ပြောင်းလဲမှုတစ်ခုကတော့ ကင်မရာနေရာမှာဖြစ်လောက်ပါတယ်။ OnePlus 3 ကနေ 3T ကို ပြောင်းလဲခဲ့ချိန်တုန်းက ကင်မရာကို OIS ထည့်သွင်းပြီး Selfie Camera ကိုလည်း 16MP အထိ တိုးခဲ့တာဖြစ်ပါတယ်။ အခု OnePlus 5T မှာလည်း OnePlus 5 ထက် သိသာတဲ့ ကင်မရာပိုင်းတိုးတက်မှုတွေကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ 

                အဲ့ဒါကဘာလဲဆိုရင် လက်ရှိ စမတ်ဖုန်း Dual Camera စနစ်တွေထဲမှာ ၂ ခုပေါင်း Megapixels အများဆုံးဖြစ်လာနိုင်တဲ့ 20MP + 20MP Camera စနစ်ပါ။ မကြာခင်ရက်ပိုင်းက တွေ့ရှိခဲ့ရတဲ့ AnTuTu Bechmark အတိုင်းဆိုရင်တော့ OnePlus 5 ရဲ့ 16MP Primary Lens ကို 20MP နဲ့ အစားထိုးလာမှာဖြစ်တဲ့အပြင် Aperture ကလည်း f/1.6 ပဲရှိမယ်ဆိုပြီး သတင်းတွေထွက်နေတာပါ။ အဲ့ဒီသတင်းသာ မှန်ကန်ခဲ့ရင် OnePlus 5T က LG V30 နဲ့ Huawei Mate 10 ဖုန်းတွေနောက်ပိုင်း တတိယမြောက် Aperture f/1.6 ပါဝင်တဲ့ဖုန်းဖြစ်လာမှာပါ။ Megapixels အရလည်း များပြားတယ်လို့ ပြောလို့ရတဲ့ 20MP နဲ့ဆိုတော့ Low Light မှာ OnePlus 5 ထက် သိသိသာသာပိုကောင်းလာမယ်လို့ ယူဆရပါတယ်။


                နောက်ပြီး ဖြစ်နိုင်တဲ့ Upgrade တွေကတော့ Back Camera မှာ EIS အပြင် OIS ပါ ထပ်မံထည့်သွင်းလာနိုင်တာပါ။ နောက်ပြီး အချို့ကလည်း Oppo R11s မှာ 20MP Selfie Camera ပါဝင်လာတဲ့အတွက် OnePlus 5T ရဲ့ Selfie Camera ကလည်း 20MP ဖြစ်လာမှာဖြစ်ပြီး ကင်မရာ ၃ ခုစလုံး 20MP Sensor တွေဖြစ်လိမ့်မယ်လို့ ပြောနေကြပါတယ်။ 

                OnePlus 5T က ကင်မရာပိုကောင်းလာမယ်ဆိုတာကို သက်သေပြနေတဲ့ အချက်နောက်တစ်ခုရှိပါသေးတယ်။ OnePlus ရဲ့ Founder နဲ့ Co-Founder တွေဖြစ်တဲ့ Pete Lau နဲ့ Carl Pei ဟာ သူတို့ရဲ့ Twitter Account တွေမှာ ဘာဖုန်းနဲ့ ရိုက်ထားတာလဲလို့ အဓိပ္ပါယ်ရတဲ့ စာသားတွေနဲ့ ဓါတ်ပုံတွေတင်နေတာ အခုဆိုရင် ၃ ပုံရှိသွားပြီဖြစ်ပါတယ်။ နောက်ဆုံး Carl Pei တင်ထားတဲ့ပုံမှာဆိုရင် Portrait Mode က သိသိသာသာပိုကောင်းလာတာကို တွေ့ရသလို၊ အရင်ပုံတွေမှာလည်း Low Light နဲ့ Landscape ကို အသားပေးထားတာကိုတွေ့ရပါတယ်။ ယခင် OnePlus 5 မကြေငြာခင်တုန်းကလည်း OnePlus 5 နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို Twitter နဲ့ Weibo မှာ တင်ခဲ့သေးတာဆိုတော့ အခု OnePlus 5T ကြေငြာဖို့လည်း နီးကပ်လာပြီလို့ ပြောလို့ရပါတယ်။

                နောက်ထပ်ပြောင်းလဲလာနိုင်တဲ့အချက်တစ်ခုကတော့ Display ပဲဖြစ်မှာပါ။ အခု OnePlus 5T ဟာ 18:9 Ratio Display နဲ့ ဘေးဘောင်တွေက အခုလက်ရှိ Flagship ဖုန်းတွေလိုပဲ သေးငယ်မယ်ဆိုတာက ကျိန်းသေနေပေမယ့် Resolution က နှစ်တွေကြာနေပြီဖြစ်တဲ့ FullHD+ ကိုပဲ သုံးလာမလား... Quad HD+ Resolution ကို မြှင့်ပေးမလားဆိုတာက OnePlus User တွေ မျှော်လင့်နေတဲ့အချက်ဖြစ်မှာပါ။ 

                အခုအချိန်အထိတော့ ဒီအချက်ကို ကျိန်းသေစေတဲ့ ကြေငြာချက်မထုတ်ထားပေမယ့် Oppo R11s ကတော့ Full HD+ Resolution ပဲ အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Oppo Mart မှာတော့ OnePlus 5T ဆိုပြီး Quad HD+ 18:9 Ratio 6" Display လို့ရေးသားခဲ့သလို Carl Pei ရော Pete Lau ရော သူတို့ရဲ့ Twitter Account မှာ Samsung ရဲ့ AMOLED Panel တွေက OnePlus ဖုန်းတွေရဲ့ Optic AMOLED နည်းပညာအတွက် အသင့်တော်ဆုံးဖြစ်ပြီးတော့ OnePlus အနေနဲ့ ပိုပြီး ပါးလွှာတဲ့ Display Panel တွေကို တပ်ဆင်နိုင်မှာဖြစ်တယ်ဆိုတဲ့ Status ကို တင်ခဲ့တဲ့အတွက် OnePlus 5T မှာ Screen Resolution မြှင့်ပေးဖို့က ကျနော်တို့ မျှော်လင့်မိတဲ့အရာတစ်ခုပါ။

                နောက်ထပ် ပြောင်းလဲလာဖို့ ကျိန်းသေတဲ့အချက်တစ်ခုကတော့ ပိုပြီး များပြားတဲ့ Battery ပမာဏပဲဖြစ်ပါတယ်။ OnePlus 3 ကနေ 3T ပြောင်းတုန်းကလည်း အရွယ်အစားမပြောင်းလဲပဲ Battery ကို 3000mAh ကနေ 3400mAh အထိတိုးပေးခဲ့သလိုပဲ အခု OnePlus 5T မှာလည်း Display ပိုကြီးသွားတဲ့အတွက် Battery လဲတိုးလာမယ်လို့ ယူဆထားကြပါတယ်။ တချို့ကလည်း Battery ပိုများလာတာက Screen Size အပြင် Screen Resolution လည်း Quad HD+ ဖြစ်လာတာကြောင့်လို့ ဆိုကြပါတယ်။

                ပြောင်းလဲလာမှာမဟုတ်တဲ့အချက်တွေကတော့ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းပဲဖြစ်မှာပါ။ Qualcomm ကနေ Processor အသစ်ထုတ်လုပ်ထားခြင်းမရှိတဲ့အတွက် Snapdragon 835 Processor နဲ့ RAM ကလည်း 6GB/ 8GB ကိုပဲအသုံးပြုလာဦးမှာပါ။ နောက်ပြီး Headphone Audio Jack ကလည်း ပြန်လည်ပါဝင်လာဦးမယ်လို့ ယူဆရပါတယ်။ လက်ရှိ ထွက်ရှိလာသမျှသတင်းတွေအရတော့ OnePlus 5T မှာ Water Resistant Feature ကတော့ ပါဝင်လာဦးမှာမဟုတ်သေးပဲ အဲ့ဒါက OnePlus ဖုန်းတွေအတွက်တော့ အားနည်းချက်ဖြစ်နေတုန်းပဲလို့ ပြောလို့ရမှာပါ။ Screen အရှေ့ဘက်မှာ Fingerprint ထားဖို့ နေရာမရှိတော့တဲ့အတွက် Fingerprint က ဖုန်းရဲ့ နောက်ကျောဘက်ကို ရောက်သွားမှာပါ။


                ကျန်တဲ့အချက်တွေကတော့ ဈေးနှုန်းပဲဖြစ်မှာပါ။ OnePlus 3 ကနေ 3T ကို အဆင့်မြင့်တင်ခဲ့တုန်းက ဈေးနှုန်းကလည်း $399 ကနေ $439 ကို $40 မြင့်တက်ခဲ့သလိုပဲ OnePlus 3T ကနေ OnePlus 5 ကို ပြောင်းထုတ်တော့လည်း $439 ကနေ $479 ကို နောက်ထပ် $40 တိုးလာတာဖြစ်ပါတယ်။ အဲ့ဒီတော့ အခုထွက်လာမယ့် OnePlus 5T ဖုန်းကလည်း OnePlus ရဲ့ ပုံမှန်ဈေးနှုန်းတိုးမြှင့်နေတဲ့အတိုင်းဆိုရင် $529 ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့သာ Screen Ratio ပဲ ပြောင်းလဲသွားတာမဟုတ်ပဲနဲ့ Screen Resolution တွေပါ ပြောင်းလဲသွားပြီး ကင်မရာပိုင်း သိသိသာသာကောင်းလာတာ၊ အခုနောက်ပိုင်း Flagship ဖုန်းတွေလိုမျိုး AI နည်းပညာတွေပါ ပါဝင်လာခဲ့ရင် ဈေးနှုန်းက $600 ကျော်အထိ ဖြစ်သွားနိုင်ပါတယ်။

                နောက်ဆုံး Software အနေနဲ့လည်း OnePlus 5T က Android 8.0 Oreo နဲ့ တခါထဲထွက်ရှိလာမယ်လို့ ယူဆရပါတယ်။ OnePlus 5 အတွက် Android Oreo Update က ဘာသံမှမကြားရသေးပဲ OnePlus 3/3T ဖုန်းတွေကိုပဲ Open Beta မှာ Oreo စပေးခဲ့တာကလည်း OnePlus 5T ထွက်မှ OnePlus 5 ကိုပါ Android Oreo Update ပေးဖို့ ရည်ရွယ်ထားပုံရပါတယ်။

                ထွက်ရှိလာမယ့် အချိန်ကတော့ အခုထိ တရားဝင်မကြေငြာသေးပဲ လာမယ့် နိုဝင်ဘာလ ၁၆ ရက် ဒါမှမဟုတ် ၂၀ ရက်နေ့ဖြစ်မယ်လို့ ယူဆရပါတယ်။

                ဘာပဲဖြစ်ဖြစ် OnePlus 5 တုန်းက Flagship Killer လို့ ပြောလို့ရခဲ့သေးပေမယ့် OnePlus 5T ဖုန်းကိုတော့ Flagship Killer ဆိုပြီး ပြောလို့မရတာတော့ ကျိန်းသေသလောက်ဖြစ်နေပါပြီ။ ဒါပေမယ့်လည်း အခြား ဒေါ်လာ ၁၀၀၀ နားကပ်နေတဲ့ Flagship ဖုန်းတွေထက်တော့ ဈေးတန်သေးတယ်ဆိုတော့ ကျနော်တို့လိုမျိုး OnePlus 5T ကို စောင့်မျှော်နေတဲ့သူတွေများရှိဦးမလား.... 

References
Engadget Android Authority
About Author
Assinged Tags
OnePlus 5 OnePlus Feature OnePlus 5T
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed