"တစ်ခါမှ မကြုံတွေ့ဖူးတဲ့ အခက်အခဲတစ်ချို့ကြောင့်" Samsung CEO "Kwon Oh-hyun" ရာထူးမှ နှုတ်ထွက်

date_range 13 October 2017

"တစ်ခါမှ မကြုံတွေ့ဖူးတဲ့ အခက်အခဲတစ်ချို့ကြောင့်" Samsung CEO "Kwon Oh-hyun" ရာထူးမှ နှုတ်ထွက်

visibility 19660 Views

                Samsung Electronics ရဲ့ CEO နဲ့ Vice Chairman တစ်ဦးဖြစ်တဲ့ Kwon Oh-hyun ဟာ သူ့ရဲ့ရာထူးကနေ နှုတ်ထွက်တော့မယ်ဆိုတဲ့အကြောင်း တရားဝင်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ Kwon ဟာ CEO ရာထူးအပြင် မတ်လ၊ ၂၀၁၆ ခုနှစ်တုန်းက ဘုတ်အဖွဲ့မှာ ပေးအပ်ထားခြင်းခံခဲ့ရတဲ့ Samsung Display ရဲ့ CEO ရာထူးကပါ နှုတ်ထွက်သွားတော့မှာပါ။

                Kwon အနေနဲ့ ဝန်ထမ်းတွေကို ပေးပို့ထားတဲ့စာထဲမှာ

ဒီကိစ္စအတွက် ကျွန်တော်စဉ်းစားနေခဲ့တာ အတော်ကိုကြာခဲ့ပါပြီ။ အခုလိုဆုံးဖြတ်ချက်ချခဲ့ရတာဟာ လွယ်ကူလွန်းလှတာမျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကုမ္ပဏီမှာဆက်ရှိနေဖို့အတွက်လည်း ကျွန်တော့်အတွက် အဆင်မပြေတော့ဘူး။

                လို့ရေးသားထားခဲ့ပါတယ်။

                ဆက်လက်ပြီးတော့လည်း Kwon ကနေ 

ကျွန်တော်တို့အနေနဲ့ တစ်ခါမှမကြုံတွေ့ခဲ့ရဖူးတဲ့ အခက်အခဲတစ်ချို့ ကုမ္ပဏီအတွင်းပိုင်းမှာ တွေ့ကြုံနေရပါတယ်။ နောက်ပြီးတော့ ကုမ္ပဏီအနေနဲ့လည်း တိုးတက်ပြောင်းလဲမှုမြန်ဆန်နေပြီး စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ IT လောကမှာ ငယ်ရွယ်ပြီး စိတ်ဓာတ်အသစ်၊ ခွန်အားအသစ်တွေနဲ့ ဦးဆောင်မယ့် ခေါင်းဆောင်အသစ်တစ်ယောက်ကို လိုအပ်နေပါပြီ။

                လို့ ရေးသားထားပါသေးတယ်။

                Kwon ရေးသားထားတဲ့ အခက်အခဲတစ်ချို့ဆိုတဲ့အရာဟာ Samsung ကုမ္ပဏီကို အမွေဆက်ခံသူတစ်ဦးဖြစ်မယ့် Lee Jae-yong ရဲ့ ထောင်ဒဏ်ပေးအပ်ခံရ တဲ့အပေါ်မှာလည်း အများကြီးမူတည်နေနိုင်တယ်လို့ ယူဆရပါတယ်။ Lee Jae-yong ဟာ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက လာဘ်စားမှု၊ မုသားသက်သေခံမှုနဲ့ ကုမ္ပဏီအတွင်း ငွေအလွဲသုံးစားပြုလုပ်မှုတို့ကြောင့် ထောင်ဒဏ် ငါးနှစ် ပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

                Samsung အနေနဲ့ လက်ရှိအချိန်မှာ Samsung Galaxy S8 နဲ့ Note 8 တို့အတွက် အောင်မြင်မှုတွေရရှိနေသလို၊ အဓိကပြိုင်ဘက်တစ်ဦးဖြစ်တဲ့ Apple ရဲ့ iPhone X တွေအမြောက်အများရောင်းချနိုင်ခဲ့ရင်တောင်မှ Samsung အတွက် အရှုံးဆိုတာရှိလာမှာမဟုတ် ပါဘူး။  ကုမ္ပဏီအနေနဲ့လည်း ယခုနှစ် ဒုတိယသုံးလပတ်အတွက် အကျိုးအမြတ်ကို သုံးဆပိုမိုရရှိဖို့အတွက် ဦးတည်ထားပါသေးတယ်။ ဒီလိုမျိုးဦးတည်ထားရတာဟာလည်း ၂၀၁၆ ခုနှစ်တုန်းက Samsung Galaxy Note 7 ရဲ့ ဖြစ်ရပ်ဆိုးကနေ ပြန်လည်ဦးမော့လာနိုင်အောင် အဓိကရည်ရွယ်ထားတာဖြစ်တယ်လို့ သိရှိရပါတယ်။

                ဒါပေမယ့်လည်း ယခုနှစ်မှာ အခုလို Samsung အနေနဲ့ ရလဒ်ကောင်းတွေရရှိနေတာဟာ လွန်ခဲ့တဲ့နှစ်တုန်းက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့်လို့ Kwon က ပြောကြားခဲ့ပါတယ်။ Kwon ရဲ့ပြောကြားချက်အရ ကုမ္ပဏီရဲ့လက်ရှိအခြေအနေနဲ့ အနာဂတ်ဟာ မသေချာ၊ မရေရာတွေဖြစ်နေပြီး၊ Kwon ရဲ့ နှုတ်ထွက်မှုဟာလည်း ကုမ္ပဏီရဲ့ လည်ပတ်နေတဲ့ လုပ်ငန်းဆောင်တာအတော်များများမှာ ထိခိုက်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။

                အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ Kwon ဟာ Samsung ကုမ္ပဏီကို ၁၉၈၅ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ CEO ရာထူးမရရှိခင်တုန်းကလည်း ကုမ္ပဏီရဲ့ Semiconductor လုပ်ငန်းကို တိုးတက်ကောင်းမွန်အောင်ပြုလုပ်ခဲ့တဲ့နေရာမှာ အချက်အချာကျတဲ့သူတစ်ဦးပါ။ Samsung CEO ရာထူးကိုတော့ ၂၀၁၂ ခုနှစ်မှာ စတင်ပေးအပ်ခြင်းခံခဲ့ရပြီး၊ ၂၀၁၆ ခုနှစ်မှာတော့ Samsung Display CEO အဖြစ် ရာထူးပေးအပ်ခြင်းခံခဲ့ရပါတယ်။ 

                လက်ရှိအချိန်မှာတော့ Kwon ရဲ့ CEO နေရာကို ဘယ်သူဆက်ခံမလဲ ဆိုတာကတော့  Kwon ကိုယ်တိုင်ရော၊ Samsung ကုမ္ပဏီကပါ ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ အရင်တုန်းကတော့ Kwon မှာ တွဲဖက် CEO နှစ်ဦး (BK Yoon နဲ့ JK Shin) ရှိခဲ့ပါတယ်။ BK Yoon နဲ့ JK Shin တို့ဟာ ၂၀၁၅ ခုနှစ်က စပြီး CEO ပိုင်းနဲ့သက်ဆိုင်တဲ့ ရုံးကိစ္စတွေကို တာဝန်ယူထားခြင်းမရှိဘဲ ရာထူးကိုပဲ ဆက်လက်ထိန်းသိမ်းထားတာဖြစ်ပါတယ်။ 

References
The Verge Android Central
About Author
Assinged Tags
Samsung CEO Samsung CEO Resignation
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed