Internal Storage 256GB နဲ့အတူ AI နည်းပညာ အသုံးပြု Camera လည်းပါဝင်တဲ့ LG V30s ကို MWC 2018 မှာ မိတ်ဆက်သွားဖွယ်ရှိ

date_range 13 February 2018

Internal Storage 256GB နဲ့အတူ AI နည်းပညာ အသုံးပြု Camera လည်းပါဝင်တဲ့ LG V30s ကို MWC 2018 မှာ မိတ်ဆက်သွားဖွယ်ရှိ

visibility 600 Views

                LG Electronics ကုမ္ပဏီ အနေနဲ့ LG V30 ကို အဆင့်မြှင့်တင်ထားတဲ့ LG V30s စမတ်ဖုန်းကို ဘာစီလိုနာမြို့မှာ ကျင်းပသွားမယ့် Mobile World Congress 2018 မှာ မိတ်ဆက်သွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ အသစ်မိတ်ဆက်ပေးမယ့် LG V30s ရဲ့ ဒီဇိုင်းပိုင်းကိုတော့ အရင်နှစ်က ထွက်ရှိထားတဲ့ LG V30 ရဲ့ ဒီဇိုင်းအတိုင်း ထွက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အရင်တုန်းက ထွက်ရှိထားတဲ့ LG V30 ကို Upgrade ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် LG V30s မှာ Internal Storage ပိုမို များပြားလာမှာ ဖြစ်ပြီး Camera ပိုင်းမှာလည်း LG V30 ထက် ပိုမို ကောင်းမွန်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

                ဒါ့အပြင် အသစ်ထွက်ရှိလာမယ့် LG V30s စမတ်ဖုန်းမှာ Samsung ရဲ့ Bixby Vision၊ Google Lens တို့လို AI အသုံးပြု LG Lens နည်းပညာ ပါဝင်လာနိုင်ပါတယ်။ LG V30s စမတ်ဖုန်းမှာ LG Lens နည်းပညာ အသုံးပြုထားတာကြောင့် Online ကနေ စျေးဝယ်ရာမှာ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကို ခံစားရမှာ ဖြစ်သလို ဘာသာစကား တစ်ခုကနေ တစ်ခု ဘာသာပြန်တဲ့ အပိုင်းမှာလည်း သိသိသာသာ ကောင်းမွန်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

                ETNews ရဲ့ ဖေါ်ပြချက်များအရ အရင်နှစ်တုန်းက မိတ်ဆက်ပေးခဲ့တဲ့ LG V30 မှာ Internal Storage 64GB ပါဝင်ခဲ့ပြီး LG V30+ မှာ 128GB သာ ပါဝင်ခဲ့ပေမယ့် အသစ်မိတ်ဆက်ပေးမယ့် LG V30s စမတ်ဖုန်းမှာ Internal Storage 256GB ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် LG V30s စမတ်ဖုန်းမှာ အသစ်ထွက်ရှိလာမယ့် Flagship စမတ်ဖုန်း တော်တော်များများမှာလိုပဲ Qualcomm ရဲ့ Snapdragon 845 SoC ကို အသုံးပြုလာနိုင်ပါတယ်။

                LG V30s စမတ်ဖုန်းဟာ Apple ရဲ့ iPhone တွေလို LG ရဲ့ Flagship စမတ်ဖုန်းတွေထဲမှာ ပထမဆုံး Internal Storage သာပါဝင်တဲ့၊ တစ်နည်းအားဖြင့် microSD Card ထည့်သွင်း အသုံးပြုလို့ မရတဲ့ စမတ်ဖုန်း ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ Apple နဲ့ မတူတဲ့ အချက် ကတော့ LG အနေနဲ့ “s” Series စမတ်ဖုန်းတွေကို Apple လို တစ်နှစ်တစ်ကြိမ် မိတ်ဆက်သွားမှာ မဟုတ်ပဲ ၆ လ တစ်ကြိမ် မိတ်ဆက်လာနိုင်တာပဲ ဖြစ်ပါတယ်။

                အရင်လတုန်းက ကျင်းပသွားခဲ့တဲ့ CES 2018 မှာ LG အနေနဲ့ တစ်နှစ်တစ်ကြိမ် စမတ်ဖုန်း အသစ် မိတ်ဆက်ပေးမှုကို ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ကြေငြာ သွားခဲ့ပါတယ်။ ဆိုလိုတာကတော့ ကုမ္ပဏီ အနေနဲ့ စမတ်ဖုန်း မော်ဒယ်အသစ် မိတ်ဆက်ပေးတာကို ပုံမှန်အတိုင်း တစ်နှစ်တစ်ကြိမ် မိတ်ဆက်ပေးသွားတော့မှာ မဟုတ်ပဲ လိုအပ်ရင် လိုအပ်သလို စမတ်ဖုန်းအသစ် တွေ ထုတ်လုပ် မိတ်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် LG အနေနဲ့ G Series စမတ်ဖုန်းတွေနဲ့ V Series စမတ်ဖုန်းတွေကိုသာ အဓိက ဦးစားပေး ထုတ်လုပ်မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                MWC 2018 မှာ အသစ် မိတ်ဆက်ပေးလာဖွယ်ရှိတဲ့ LG V30s စမတ်ဖုန်းမှာ ကင်မရာပိုင်းအတွက် AI အသုံးပြု LG Lens နည်းပညာကို အသုံးပြုလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ LG Lens နည်းပညာကို အသုံးပြုထားတဲ့ အတွက်ကြောင့် LG V30s အသုံးပြုသူတွေ အနေနဲ့ ပစ္စည်း တစ်ခု ကို ဓါတ်ပုံ ရိုက်လိုက်တာနဲ့ Online Shopping Website တွေမှာ ရောင်းချနေတဲ့ အဲ့ဒီ ပစ္စည်းရဲ့ စျေးနှုန်းကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

                ဒါ့အပြင် Google Lens နဲ့ Samsung Bixby Vision တို့မှာလို ဘာသာပြန်စနစ်လည်း LG V30s ရဲ့ ကင်မရာမှာ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ Mobile Carriers တွေကတော့ LG V30s စမတ်ဖုန်း ကို Samsung Galaxy S9၊ Galaxy S9+ တို့နဲ့ အတူ မတ်လ ဒုတိယပတ်လောက်မှာ စျေးကွက်ထဲမှာ မြင်တွေ့ရနိုင်ပြီး ကန်ဒေါ်လာ ၉၂၅ ဒေါ်လာ ဝန်းကျင် (မြန်မာငွေ ၁၂သိန်း ဝန်ကျင်) နဲ့ ရောင်းချလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV
About Author
Assinged Tags
LG LG Smartphones Smartphone Leaks Rumors Bixby Samsung Bixby LG V30 series smartphone Leaks Google Lens
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed