Mobile World Congress 2017 ပွဲမှာ ယခုအချိန်ထိ မိတ်ဆက်ပြီးသမျှ Product အသစ်များ

date_range 01 March 2017

Mobile World Congress 2017 ပွဲမှာ ယခုအချိန်ထိ မိတ်ဆက်ပြီးသမျှ Product အသစ်များ

visibility 50 Views

                စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်ကနေ စတင်ဖွင့်လှစ်ခဲ့တဲ့ Mobile World Congress ဟာ အခုဆိုရင် ဒုတိယနေ့ကို ရောက်ရှိလို့လာပါပြီ။

                MWC 2017 ပွဲ တရားဝင်ဖွင့်လှစ်တာက ၂၇ ရက်နေ့ ဆိုပေမယ့်၊ LG အပါအဝင် နာမည်ကြီးကုမ္ပဏီတော်တော်များများက ပွဲကြိုစာနယ်ဇင်းရှင်းလင်းပွဲမှာတင် သူတို့ရဲ့ ထုတ်ကုန်အသစ်တွေကို မိတ်ဆက်သွားခဲ့တာတွေ့ရပါတယ်။

                ဒါဆို ဒီနေ့အထိ MWC 2017 ပွဲမှာ ဘယ်လိုနည်းပညာအသစ်အဆန်းတွေနဲ့ စမတ်ဖုန်းအလန်းတွေကို မိတ်ဆက်ပြသသွားခဲ့သလဲဆိုတာ ကြည့်ကြည့်ရအောင်။

စောစောစီးစီးမိတ်ဆက်ခဲ့တဲ့ LG G6

LG ဟာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အကြိုစာနယ်ဇင်းရှင်းလင်းပွဲမှာတင် ကုမ္ပဏီရဲ့ အဓိကစမတ်ဖုန်းမော်ဒယ်အသစ် LG G6 ကို မိတ်ဆက်ပြသသွားခဲ့ပါတယ်။

သုံးစွဲသူတွေ သိပ်အကြိုက်မတွေ့ခဲ့တဲ့ G5 တုန်းက Modular ဒီဇိုင်းကို G6 မှာ ပြန်မသုံးထားဘဲ၊ ရိုးရိုးရှင်းရှင်းစမတ်ဖုန်းပုံစံကိုပဲ ပြန်ယူထားတာတွေ့ရပါတယ်။ Modular ဒီဇိုင်းဟာ သုံးစွဲသူတွေနဲ့ စိမ်းနေသေးပေမယ့် တကယ်ဆန်းသစ်တဲ့အိုင်ဒီယာတစ်ခုဖြစ်ပြီး၊ LG အနေနဲ့ အရဲစွန့်ဆက်သုံးမယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်မြင်မိပါတယ်။ ဒါပေမယ့်လည်း G5 ဖုန်းဟာ တော်တော်လေးအရှုံးပေါ်ခဲ့တာကြောင့် LG အနေနဲ့ မစွန့်စားရဲလောက်တော့ပါဘူး။

LG G6 ဖုန်းမှာ ကိုယ်ထည်ကို Metal ချည်းပဲမသုံးထားဘဲ၊ Glass နဲ့ Metal ကိုယ်ထည်ကို အသုံးပြုထားတာတွေ့ရပါတယ်။ ဒီမော်ဒယ်အသစ်မှာတော့ G5 လို ဘက်ထရီကို ဖြုတ်တပ်နိုင်မှာမဟုတ်တော့ဘဲ၊ ဘက်ထရီအသေနဲ့ဖြစ်သွားကာ၊ ကျောဘက်လက်ဗွေရာဆန်ဆာ၊ USB Type-C အပေါက်နဲ့ Headphone အပေါက်တို့ ပါဝင်ပါတယ်။


Specifications အနေနဲ့ကတော့ LG G6 မှာ အသုံးများတဲ့ 16:9 Aspect Ratio အစား နည်းနည်း Display ပိုရှည်နေတဲ့ Aspect Ratio 18:9 မြင်ကွင်းကျယ် ၅.၇ လက်မအကျယ် QHD Display ကို အသုံးပြုထားတာတွေ့ရပါတယ်။ Snapdragon 821 Processor၊ Adreno 530 GPU နဲ့ RAM 4GB ပါဝင်မှာပါ။ ကျောကင်မရာကတော့ အခုဖုန်းတွေမှာ ခေတ်စားနေတဲ့အတိုင်း 13MP ကျောကင်မရာနှစ်လုံးဖြစ်ပြီး၊ ရှေ့ကင်မရာက 5MP မြင်ကွင်းကျယ်ကင်မရာနဲ့ ဖြစ်ပါတယ်။ ဘက်ထရီက 3,300mAh ဘက်ထရီပါဝင်မှာဖြစ်ပြီး၊ microSD ကတ်လည်း ထပ်စိုက်နိုင်မှာပါ။

Nokia 3310 ကို ပြန်ထုတ်ပြီး၊ စမတ်ဖုန်းအသစ်နှစ်မျိုး မိတ်ဆက်ခဲ့တဲ့ Nokia

                HMD Global ဟာ စမတ်ဖုန်းတွေ မတွင်ကျယ်ခင်တုန်းက နာမည်ကြီး၊လူကြိုက်များခဲ့တဲ့ Nokia 3310 စမတ်ဖုန်းကို ဗားရှင်းအသစ်နဲ့ ပြန်ထုတ်ခဲ့ပါတယ်။ အရင်တုန်းက Snake ဂိမ်းလေးကိုတောင် ယခုဖုန်းအသစ်မှာ ပုံစံအနည်းငယ်ပြောင်းပြီး ပြန်ထည့်ပေးထားကာ၊ Nokia ပရိတ်သတ်ဟောင်းတွေ သဘောကျလောက်မှာပါ။


                HMD ဟာ ဇန်နဝါရီလတုန်းက တရုတ်စျေးကွက်အတွက်ပဲ သီးသန့်ရောင်းပေးခဲ့တဲ့ Nokia 6 စမတ်ဖုန်းကို ယခုနှစ်၊ဒုတိယသုံးလပတ်အတွင်းမှာ ၂၂၉ ယူရိုနဲ့ ကမ္ဘာအနှံ့ရောင်းချပေးသွားမှာြဖစ်ကြောင်းလည်း အဆိုပါပွဲမှာ ကြေငြာခဲ့ပါတယ်။

                Nokia 3310 အပြင် Nokia 5 နဲ့ Nokia 3 ဆိုတဲ့ မော်ဒယ်သစ်နှစ်မျိုးကိုလည်း MWC ပွဲမှာ တခါတည်းမိတ်ဆက်သွားခဲ့တာ တွေ့ရပါတယ်။

ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ လျှပ်စစ်ပြိုင်ကားကို ပြသခဲ့တဲ့ Roborace


                မောင်းသူမဲ့လျှပ်စစ်ပြိုင်ကားတွေချည်း ယှဥ်ပြိုင်မယ့် ကားပြိုင်ပွဲ “Roborace” ကနေ ပထမဆုံး မောင်းသူမဲ့လျှပ်စစ်ပြိုင်ကားကို MWC 2017 ပွဲမှာ ပြသသွားခဲ့ပါတယ်။ ယခုကားရဲ့ အစောပိုင်းဒီဇိုင်းပုံစံကို လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက မိတ်ဆက်ပြသခဲ့တာဖြစ်ပေမယ့်၊ တကယ့်ကားကိုတော့ အခုမှ ထုတ်ပြနိုင်ခဲ့တာပါ။

                “Robocar” ကားဟာ အရှည်အားဖြင့် ၅ မီတာနဲ့ အကျယ် ၂ မီတာခန့်သာရှိပြီး၊ အမြင့်ကလည်း Roborace CEO Denis Sverdlov ရဲ့ ဒူးခေါင်းကျော်ကျော်လေးသာရှိတာ ပုံမှာမြင်တွေ့ရမှာပါ။ 300kW မော်တာလေးလုံးတပ်ဆင်ထားပြီး၊ တစ်နာရီကို ၃၂၀ ကီလိုမီတာ (မိုင် ၂၀၀) အထိ မောင်းသူမပါဘဲ မောင်းနှင်နိုင်ပါတယ်။

                အလိုအလျောက်ကားမောင်းစနစ်အတွက် LiDAR ဆန်ဆာငါးခု၊ Ultrasonic ဆန်ဆာ ၁၈ ခု၊ AI ကင်မရာခြောက်ခုနဲ့ GNSS တည်နေရာရှာဖွေမှုစနစ်ကို ကားမှာတပ်ဆင်ထားကာ Nvidia ရဲ့ open AI Car Computing Platfrom ‘Drive PX2’ စနစ်က မောင်းသူမပါဘဲ မောင်းနှင်ပေးမှာဖြစ်ပါတယ်။

တန်ဖိုးသင့် Motorola ဖုန်းတွေနဲ့ စျေးကွက်ဖောက်ဦးမယ့် Lenovo


                Lenovo ဝယ်ယူထားတဲ့ Motorola တံဆိပ်ဖုန်းအသစ်တွေကတော့ ထွက်ရှိလာပါပြီ။ Lenovo ဟာ Moto G5 နဲ့ G5 Plus လို့ အမည်ပေးထားတဲ့ တန်ဖိုးနည်းစမတ်ဖုန်းအသစ်နှစ်မျိုးကို MWC မှာ ပြသသွားခဲ့ပြီး၊ G5 ဖုန်းမှာ 5 လက်မအကျယ် full HD LCD Display ၊ 1.4 GHz Snapdragon 430 Processor ၊ RAM 2GB (သို့) 3GB နဲ့ ထွက်ရှိလာမှာြဖစ်ပြီး၊ Storage ကတော့ 16GB နဲ့ 32GB မော်ဒယ်နစ်မျိုးပဲ ရှိပါတယ်။ microSD ကတ်စိုက်မယ်ဆိုရင်တော့ 128GB အထိစိုက်နိုင်မှာပါ။ ကင်မရာအနေနဲ့ f/2.0 13MP ကျောကင်မရာနဲ့ f/2.0 5MP ရှေ့ကင်မရာတို့ ပါဝင်မှာပါ။

                G5 Plus ကတော့ မျက်နှာပြင် ၅.၂ လက်မဖြစ်သွားပြီး၊ Resolution ကတော့ အတူတူပါပဲ။ ဖုန်းပရိုဆက်ဆာကတော့ ပိုမိုစွမ်းဆောင်ရည်မြင့်တဲ့ 2.0 GHz Snapdragon 625 နဲ့ ဖြစ်ကာ၊ RAM 2/3/4GB မော်ဒယ်သုံးမျိုးထွက်ရှိမှာဖြစ်ပါတယ်။ ဖုန်း Storage ကတော့ မော်ဒယ်အလိုက် 16/32/64 GB တွေဖြစ်ပါမယ်။ G5 Plus ကင်မရာက 12MP ဖြစ်ပေမယ့်၊ f/1.7 အထိရှိပြီး Dual Pixel Autofocus ပါဝင်တာကြောင့် ဓာတ်ပုံကောင်းကောင်းရိုက်ကူးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

                ဖုန်းနှစ်မျိုးစလုံးက Android 7.0 Nougat နဲ့ဖြစ်ပြီး၊ Google Assistant လည်း ပါဝင်လာမှာပါ။ စျေးနှုန်းကတော့ Moto G5 အနိမ့်ဆုံးမော်ဒယ်က ၁၇၈ ဒေါ်လာရှိပြီး၊ G5 Plus ဆိုရင်တော့ ၂၃၀ ဒေါ်လာ ရှိပါမယ်။

Galaxy Tab S3 နဲ့ Galaxy Book တို့ကို မိတ်ဆက်ခဲ့တဲ့ Samsung

                    Samsung ဟာ ယခုနှစ် MWC 2017 ပွဲမှာ စမတ်ဖုန်းတစ်လုံးမှ မိတ်မဆက်ခဲ့ပေမယ့် Galaxy Tab S3 တက်ဘလက်နဲ့ Notebook လိုပါအသုံးပြုနိုင်မယ့် Galaxy Book တို့ကို မိတ်ဆက်သွားခဲ့ပါတယ်။

                Galaxy Tab S3 ဟာ ၉.၇ လက်မအကျယ် Super AMOLED display နဲ့ဖြစ်ပြီး၊ Galaxy Book ကတော့ ၁၀.၆ လက်မ TFT LCD မော်ဒယ်နဲ့ ၁၂ လက်မ Super AMOLED မော်ဒယ်ဆိုပြီး နှစ်မျိုးထွက်ရှိမှာပါ။


                Samsung ဟာ ဒီပွဲမှာ Controller ပါဝင်လာတဲ့ Gear VR ဗားရှင်းအသစ်ကိုလည်း မိတ်ဆက်ပြသသွားခဲ့ပါတယ်။

Xperia ဖုန်းအသစ်တွေနဲ့ ပရိတ်သတ်အာရုံကို ဖမ်းစားခဲ့တဲ့ Sony

                Sony ဟာ ယခုပွဲမှာ စမတ်ဖုန်းမော်ဒယ်အသစ်လေးမျိုးတိတိ မိတ်ဆက်သွားခဲ့ပါတယ်။ ပထမမော်ဒယ်နှစ်မျိုးကတော့ XA1 နဲ့ XA1 Ultra ဖြစ်ပြီး၊ Sony ရဲ့ ထုံးစံအတိုင်း လေးထောင့်ကျကျဒီဇိုင်းနဲ့ပဲ ဖြစ်ပါတယ်။

                မျက်နှာပြင် ၅ လက်မအကျယ် XA1 က 720p Resolution ရှိပြီး၊ မျက်နှာပြင်ပိုကြီးတဲ့ ၆လက်မအရွယ် XA1 Ultra မှာတော့ Full HD Resolution အထိရှိမှာပါ။ ကျန်တဲ့ဖုန်းဟာ့ဒ်ဝဲပိုင်းကတော့ သိပ်ကွာခြားမှုမရှိဘဲ octa-core MeditaTek Helio P20 ပရိုဆက်ဆာ၊ 23MP 1/2.3-inch Exmor RS ဆန်ဆာ ကင်မရာနဲ့ဖြစ်ကာ မေလ ၁ ရက်နေ့မှာ XA1 ကို ၂၉၉ ဒေါ်လာစျေးနဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။ XA1 Ultra ထွက်ရှိမယ့်အချိန်နဲ့ စျေးနှုန်းကိုတော့ မသိရသေးပါဘူး။

                နောက်ထပ်မော်ဒယ်နှစ်မျိုးကတော့ Flagship ဖုန်းတွေဖြစ်ပြီး၊ XZ Premium နဲ့ XZs တို့ဖြစ်ပါတယ်။ XZ Premium ဖုန်းက Snapdragon ရဲ့ နောက်ဆုံးထွက် 835 chip ကို အသုံးပြုထားပြီး၊ ၅.၅ လက်မအကျယ် မျက်နှာပြင်က 4K HDR Resolution အထိရှိပါတယ်။ ဒီဖုန်းမှာ အဓိကမိုက်တဲ့တစ်ချက်က Ultra Slow-Mo Mode ပါဝင်လာတာဖြစ်ပြီး၊ 960fps အထိ စလိုးမိုးရှင်းဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ RAM 4GB ၊ 64 GB Storage နဲ့ IP 65/68 အဆင့်ရေစိုခံနိုင်မှု၊ USB Type တို့ ပါဝင်မှာဖြစ်ပါတယ်။


Huawei နဲ့ Honor

                Huawei ကတော့ ကောလဟာလတွေအတိုင်းပဲ Huawei P10 နဲ့ P10 Plus စမတ်ဖုန်းတွေနဲ့ Huawei Watch 2 တို့ကို ကြေငြာသွားခဲ့ပါတယ်။


                Huawei ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Honor ကတော့ မတ်လ ၁ ရက်နေ့မှ မိတ်ဆက်ပွဲလုပ်မှာပါ။

BlackBerry


                MWC 2017 ပွဲကို နောက်ထပ်ကိုင်လှုပ်သွားတဲ့ဖုန်းတစ်လုံးကတော့ TCL ကုမ္ပဏီထုတ် BlackBerry KeyOne စမတ်ဖုန်းပါ။ BlackBerry အစဥ်အလာမပြတ် ကီးဘုတ်ကို ဒီဖုန်းမှာ မြင်တွေ့ရဦးမှာဖြစ်ပြီး၊ ကီးဘုတ်ရဲ့ ထူးခြားချက်တစ်ခုက Trackpad တွေလိုမျိုး အသုံးပြုနိုင်တာဖြစ်ပါတယ်။

MWC 2017 ပွဲက OPPO

                Oppo ဟာ သတင်းထုတ်ပြန်ထားတဲ့အတိုင်းပဲ ဒီပွဲမှာ ကုမ္ပဏီရဲ့ ကင်မရာနည်းပညာသစ် “5x smartphone photography technology” ကို တကယ်မိတ်ဆက်သွားခဲ့ပါတယ်။ 

Alcatel ရဲ့ တန်ဖိုးနည်းဖုန်းအသစ်များ

                Idol 5 Pro ဖုန်းထွက်မယ်လို့ ထင်ထားပေမယ့်၊ တကယ်တမ်းတော့ တန်ဖိုးနည်းစမတ်ဖုန်းအသစ်သုံးမျိုးဖြစ်တဲ့ Alcatel U5 ၊ A3 နဲ့ A5 LED ဖုန်းသုံးမျိုးကို မိတ်ဆက်သွားခဲ့ပါတယ်။

MWC 2017 ပွဲကို မတက်ရောက်ခဲ့တဲ့ HTC နဲ့ Xiaomi

                MWC 2017 ပွဲမှာ မတက်ရောက်လာတဲ့ နာမည်ကြီးစမတ်ဖုန်းကုမ္ပဏီနှစ်ခုကတော့ HTC နဲ့ Xiaomi တို့ဖြစ်ပြီး၊ HTC ကုမ္ပဏီကတော့ သူ့ထုံးစံအတိုင်း CES တို့ MWC တို့ပွဲတွေ ပြီးတော့မှာ သက်သက်ပွဲတစ်ခုလုပ်ပြီး ဖုန်းမိတ်ဆက်မယ့်ပုံရှိပါတယ်။

References
Android Authority Wired Cnet
About Author
Assinged Tags
Samsung Sony Smartphones LG LG Smartphones MWC 2017
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed