ပထမဆုံး RAM 10 GB ပါဝင်မယ့် Android စမတ်ဖုန်းတစ်လုံး ဖြစ်လာနိုင်ဖွယ်ရှိတဲ့ Vivo Xplay7

date_range 31 January 2018

ပထမဆုံး RAM 10 GB ပါဝင်မယ့် Android စမတ်ဖုန်းတစ်လုံး ဖြစ်လာနိုင်ဖွယ်ရှိတဲ့ Vivo Xplay7

visibility 1600 Views

                အခုဆိုရင် Vivo ဟာ Under-Display Fingerprint Sensor ပါဝင်တဲ့ Vivo X20 Plus UD နဲ့အတူ နည်းပညာလောကမှာ မှတ်ကျောက်စိုက်ထူနိုင်ခဲ့ပါပြီ။ ဒါပေမယ့်လည်း X20 Plus UD ဟာ Vivo ရဲ့ Mid-range စမတ်ဖုန်း အမျိူးအစားသာ ဖြစ်တဲ့အတွက် Under-Display Fingerprint Sensor ပါဝင်လာတာက လွဲလို့ တခြား Specification တွေမှာတော့ Vivo X20 နဲ့ ကွဲပြာခြားနားမှု သိပ်မရှိပါဘူး။ 

                ဒါပေမယ့် ဒီနေ့မှာတော့ Vivo ရဲ့ မျိူးဆက်သစ် Flagship Smartphone ဖြစ်တဲ့ Vivo Xplay7 ရဲ့ ကောလဟလ ဓာတ်ပုံများ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Flagship Smartphone ဆိုတဲ့အတိုင်း Xplay7 ဟာ X20 Plus UD လိုမဟုတ်ပဲ တမူထူးခြားတဲ့ Specification တွေနဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။

                Vivo Xplay7 ဟာ Xplay6 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်ပြီး Vivo, Oppo နဲ့ OnePlus စမတ်ဖုန်း ကုမ္ပဏီတွေကို ပိုင်ဆိုင်တဲ့ BBK Electronics အနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက Vivo Xplay6 ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ Vivo Xplay7 နဲ့ ပတ်သတ်ပြီး ဒီနေ့ ထွက်ရှိလာတဲ့ ကောလဟလကတော့ Weibo ကနေတဆင့် ပေါက်ကြားခဲ့တဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လတုန်းကလဲ Vivo Xplay7 ကို ကျောဘက် ကင်မရာ ၃ လုံးနဲ့အတူ In-Display Fingerprint Sensor ပါဝင်လာဖွယ်ရှိတဲ့ ကောလဟလတွေလည်း ထွက်ခဲ့ပါသေးတယ်။


                ပေါက်ကြားခဲ့တဲ့ ဓာတ်ပုံတွေအရ Vivo Xplay7 မှာ Under-Display Fingerprint နဲ့အတူ RAM 10GB ပါဝင်နိုင်ဖွယ် ရှိပါတယ်။ ဒါ့အပြင် 4K OLED Display, Snapdragon 845 SoC နဲ့အတူ Storage 512GB အထိအောင် ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ 4K OLED Display ကို ရှေ့မျက်နှာပြင်တစ်ခုလုံးရဲ့ ၉၂.၉% အထိ အသုံးပြုမှာ ဖြစ်တဲ့အတွက် Bezel တွေကတော့ တော်တော်နည်းသွားမှာပါ။


                Storage ကို 512GB အပြင် 256GB လဲ ထုတ်လုပ်နိုင်ဖွယ်ရှိပြီး မော်ဒယ် ၂ မျိုးလုံး စလုံးမှာ RAM 10GB ပါဝင်မှာပါ။ အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားတဲ့ Synaptic ရဲ့ Fingerprint Recognition နည်းပညာနဲ့အတူ Face Recognition လဲ ပါဝင်နိုင်ဖွယ် ရှိပါတယ်။ Camera အပိုင်းမှာတော့ ကျောဘက်မှာ Dual-camera ပါဝင်မှာ ဖြစ်ပြီး 4x Optical Zoom လည်းပါဝင်မယ်လို့ သိရပါတယ်။


                လောလောဆယ် Vivo Xplay7 ရဲ့ စျေးနှုန်းနဲ့ ထွက်ရှိမယ့်နေ့ကို အတိအကျ မသိရသေးပေမယ့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလထဲမှာ မိတ်ဆက်နိုင်ဖွယ်ရှိပြီး စျေးနှုန်းကတော့ ကန်ဒေါ်လာ ၅၀၀ ဝန်းကျင် (မြန်မာငွေ ၆၆၀,၀၀၀ ကျပ် ဝန်းကျင်) ကျသင့်နိုင်မယ်လို့ ခန့်မှန်းပြောဆို ထားကြပါတယ်။

This Article is contributed by Thaw Zin.
References
Gadgets NDTV Slash Gear
About Author
Assinged Tags
Rumors Vivo Leaked information Leaks Vivo Xplay 7
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed