အသစ်ထွက်ရှိလာနိုင်ဖွယ်ရှိတဲ့ Sony Xperia စမတ်ဖုန်းပုံရိပ်အချို့ ပေါက်ကြား

date_range 08 December 2017

အသစ်ထွက်ရှိလာနိုင်ဖွယ်ရှိတဲ့ Sony Xperia စမတ်ဖုန်းပုံရိပ်အချို့ ပေါက်ကြား

visibility 220 Views

                Sony အနေနဲ့ စမတ်ဖုန်းဒီဇိုင်းတွေကို ပြောင်းလဲပစ်တော့မယ် ဆိုတဲ့ကတိအတိုင်း အသစ်ထွက်ရှိလာမယ့် Xperia စမတ်ဖုန်းနှစ်လုံးရဲ့ ပေါက်ကြားထားတဲ့ ပုံရိပ်တွေဟာ ခါတိုင်းမြင်တွေ့နေရတဲ့ Xperia စမတ်ဖုန်းပုံစံနဲ့မတူဘဲ အနည်းငယ်ကွဲပြားနေတဲ့ပုံစံနဲ့ တွေ့မြင်နေရပြီဖြစ်ပါတယ်။

                ဒီစမတ်ဖုန်းနှစ်လုံးဟာ မြင်တွေ့နေကျ Xperia စမတ်ဖုန်းမဟုတ်တာအပြင်၊ တစ်လုံးနဲ့ တစ်လုံးဟာလည်း လုံးဝကို ကွဲပြားနေတဲ့ပုံစံနဲ့ ထွက်ရှိလာနိုင်ဖွယ်ရှိတယ်လို့ ပေါက်ကြားထားတဲ့ ပုံတွေအရ သိရှိရပါတယ်။


                စမတ်ဖုန်းတစ်လုံးမှာတော့ စတုရန်းမကျတကျပုံစံနဲ့အတူ Speaker ပေါက်တွေကို အရှေ့မျက်နှာပြင် အပေါ်နဲ့ အောက်မှာတပ်ဆင်ပေးထားတာကို တွေ့မြင်ရမှာဖြစ်ပြီး၊ ဘေးဘောင်ပျောက်ပုံစံနဲ့ ထွက်ရှိလာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် နောက်ကျောဘက်မှာလည်း စက်ဝိုင်းပုံစံ ကွေးကောက်နေတဲ့ Matte မျက်နှာပြင်နှစ်ခုကို အပေါ်နဲ့ အောက်မှာတွေ့မြင်နိုင်ပြီး၊ အလယ်မှာတော့ တောင်ပြောင်ချောမွေ့နေတဲ့ မျက်နှာပြင်ကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒီတောက်ပြောင်ချောမွေ့နေတဲ့မျက်နှာပြင်အထဲမှာ Fingerprint Scanner ကိုထည့်သွင်းပေးထားနိုင်တယ်လို့လည်း ခန့်မှန်းရပါတယ်။ Dual-Camera နှစ်ခုကိုတော့ ပူးကပ်မထားတဲ့အတွက် Camera နှစ်ခုထဲကတစ်ခုက Depth-Sensor အတွက်အသုံးပြုဖို့အတွက်ပဲ ထည့်သွင်းပေးထားတာဖြစ်ဖို့များပါတယ်။ Camera နှစ်ခုရဲ့ အလယ်မှာတော့ Flash ထည့်သွင်းပေးထားတာကို ပုံအရ တွေ့မြင်နိုင်ပါတယ်။

                နောက်စမတ်ဖုန်းတစ်လုံးကတော့ လုံးဝန်းနေတဲ့ထောင့်ချိုးတွေနဲ့အတူ တွေ့မြင်ရပြီး၊ Speaker ပေါက်တွေကတော့ အရှေ့မျက်နှာပြင် အပေါ်နဲ့ အောက်မှာ အရင်စမတ်ဖုန်းအတိုင်း ဆင်တူတပ်ဆင်ပေးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ နောက်ကျောဘက်မှာတော့ Metal နဲ့ပြုလုပ်ထားတဲ့မျက်နှာပြင်နဲ့အတူ Dual-Camera Setup ကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပြီး၊ Camera ရဲ့ ဘေးနားမှာလည်း Flash ထည့်သွင်းပေးထားတာကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

                အခုအသစ်ထွက်ရှိလာမယ့် Xperia စမတ်ဖုန်းအသစ်နှစ်မျိုးဟာ 5.7 မျက်နှာပြင်အကျယ်အဝန်းရှိပြီး 18:9 Aspect Ratio ပါဝင်တဲ့ 4K Display တွေအသုံးပြုထားမှာဖြစ်ပါတယ်။ ဒါ့အပြင် High-End SoC အသစ်တစ်မျိုးဖြစ်တဲ့ Snapdragon 845 ကိုအသုံးပြုထားပြီး RAM 6GB နဲ့အတူထုတ်လုပ်ပေးသွားဖို့ရှိပါတယ်။ ဒါ့အပြင် စမတ်ဖုန်းနှစ်လုံးစလုံးမှာ Android 8.0 (Oreo) ကိုအသုံးပြုပေးထားမှာလည်းဖြစ်ပါတယ်။

                လက်ရှိအချိန်မှာတော့ ဒီ Xperia စမတ်ဖုန်းအသစ်နှစ်မျိုးကို Sony ကနေ ဘယ်လိုနာမည်ပေးထားလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ Sony အနေနဲ့လည်း တရားဝင်ကြေညာတာမျိုးတွေလည်း မရှိသေးတာကြောင့် ဒါဟာလည်း Concept Design သက်သက်ဖြစ်ဖို့များပါတယ်။

                Xiaomi ကလည်း Snapdragon 845 ကို သူတို့ရဲ့ Flagship စမတ်ဖုန်းအသစ်တွေမှာအသုံးပြုသွားဖို့ ကြေညာထားတာကြောင့် Sony နဲ့ Xiaomi ဘယ်သူကအရင်ဆုံး Snapdragon 845 SoC ကို စမတ်ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုသွားနိုင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

References
GSMArena
About Author
Assinged Tags
Sony Snapdragon Smartphone Leaks Sony Xperia Snapdragon 845 Leaked information Concept Design Xperia Smartphones
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed