OLED ထက် ပိုမိုကောင်းမွန်တဲ့ microLED Display တွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေတဲ့ Apple

date_range 22 November 2017

OLED ထက် ပိုမိုကောင်းမွန်တဲ့ microLED Display တွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေတဲ့ Apple

visibility 1540 Views

                Apple ဟာ iPhone X မှာမှ OLED Display ကို စတင် အသုံးပြုလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် OLED မှာ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိနေတာကြောင့် OLED ထက် ပိုမိုကောင်းမွန်တဲ့ microLED နည်းပညာဘက်ကို Apple က ခြေဦးတည်နေပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

                microLED ဟာ OLED လိုပဲ သာမာန် LCD Display ထက် ပိုသာတဲ့ အချက်တွေ အပြင်၊ OLED ထက်တောင် ပိုမိုကောင်းမွန်တဲ့ Brightness, Color Saturation နဲ့ Power Efficiency တို့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ microLED Display တွေဟာ OLED ထက် ပိုမို ပါးလွှာပြီး၊ Inorganic Gallium Nitride-based LED တွေကို အသုံးပြုထားတာ ဖြစ်တဲ့ အတွက် Display ရဲ့ သက်တမ်းကလည်း ပိုပြီး ကြာရှည်ခံနိုင်တယ်လို့ သိရပါတယ်။

                DigiTimes ရဲ့ သတင်းတစ်ရပ်မှာတော့ Apple ဟာ ထိုင်ဝမ် မှာ ရှိတဲ့ ၎င်းတို့ရဲ့ microLED Research & Development Team ရဲ့ လုပ်ငန်းဆောင်တာတွေကို လျှော့ချလိုက်ပြီ လို့ ဖော်ပြခဲ့ပါတယ်။ microLED Display တွေကို တကယ် ထုတ်လုပ်ရာမှာ နည်းပညာ အခက်အခဲ တချို့လည်း ရှိနေပါသေးတယ်။ Apple ဟာ ထုတ်လုပ်မှု အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ Taiwan Semiconductor Manufacturing Company (TSMC) နဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

                ဒါပေမယ့် ထိုင်ဝမ် က microLED Team ကို အခုလို လျှော့ချလိုက်တာဟာ ဒီနည်းပညာကို လက်လွှတ်လိုက်တဲ့ သဘောမျိုး မဟုတ်ဘဲ လိုအပ်တဲ့ Research & Development လုပ်ငန်းတွေကို အမေရိကန်မှာ ဆက်လက်လုပ်ဆောင်သွားဖို့ ဖြစ်နိုင်တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ Apple ဟာ အမေရိကန် အခြေစိုက် LuxVue Technology ကို (၂၀၁၄) တုန်းက ဝယ်ယူခဲ့တဲ့ အချိန်ကစပြီး ဒီ နည်းပညာကို စတင် အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။ LuxVue ဟာ ပါဝါစား သက်သာတဲ့ microLED Display တွေကို ပြုလုပ်တဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပြီး၊ LuxVue ကို ဝယ်ယူလိုက်တဲ့ အကြောင်းကိုတော့ Apple က တရားဝင် သတင်း ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

                ပိုမြင့်မားတဲ့ Contrast Ratio နဲ့ Response Time ပိုမို မြန်ဆန်ခြင်း တို့လို အားသာချက်တွေ ရှိနေတဲ့ အပြင် OLED Display တွေကို တစ်ချိန်မှာ အစားထိုးလာနိုင်မယ့် microLED နည်းပညာကို Apple က ဆက်လက် အကောင်အထည် ဖော်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ Apple ရဲ့ Smartwatch/Wearable တွေနဲ့ AR/VR Device တွေမှာ microLED ကို အသုံးပြုသွားဖွယ် ရှိတယ်လို့ ဆိုပါတယ်။

                microLED Display တွေ အမြောက်အမြား ထုတ်လုပ်ဖို့ အခက်အခဲတွေ ရှိနေသေးပေမယ့် စမ်းသပ် ထုတ်လုပ်မှုတွေတော့ ပြုလုပ်နေပြီ လို့ သိရပါတယ်။ ဒီနှစ် ထွက်မယ့် Apple Watch Series 3 မှာ microLED ပါဝင်လာမယ်လို့ အစောပိုင်းက သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ တကယ် မိတ်ဆက်တဲ့ အခါမှာတော့ microLED ပါဝင်လာခြင်း မရှိဘဲ၊ (၂၀၁၈-၁၉) လောက်မှသာ microLED Display တွေကို စတင် အသုံးပြုလာမယ်လို့ ခန့်မှန်းရပါတယ်။

References
Mac Rumors 9to5 Mac
About Author
Assinged Tags
TSMC Display OLED Display Apple iPhone X microLED microLED Display
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed