Intel ကို ပြိုင်ဆိုင်ရန် Chip တွေ ထုတ်လုပ်နိုင်မယ့် စက်ရုံတစ်ရုံကို US မှာဆောက်လုပ်သွားဖို့ စဉ်းစားနေတဲ့ TSMC

date_range 21 March 2017

Intel ကို ပြိုင်ဆိုင်ရန် Chip တွေ ထုတ်လုပ်နိုင်မယ့် စက်ရုံတစ်ရုံကို US မှာဆောက်လုပ်သွားဖို့ စဉ်းစားနေတဲ့ TSMC

visibility 300 Views

                Apple အတွက် A-Series Chip တွေဒိုင်ခံထုတ်လုပ်ပေးနေပြီး နောက်လာမယ့် iPhone 8 မှာ အသုံးပြုမယ့် A-Series Chip ကိုလည်း ဒိုင်ခံထုတ်လုပ်ပေးရမယ်လို့ ကောလဟာလသတင်းတွေထွက်နေတဲ့ ထိုင်ဝမ်အခြေစိုက် TSMC ကုမ္ပဏီဟာ အမေရိကန်နိုင်ငံမှာ Chip တွေ ထုတ်လုပ်နိုင်မယ့် စက်ရုံတစ်ရုံကို ဆောက်လုပ်သွားဖို့ စဉ်းစားနေတယ်လို့ Reuters ရဲ့ Report တွေအရ သိရှိရပါတယ်။

                အရင်ကတော့ TSMC ဘက်က ဒီအစီအစဉ်ကို လုံးဝမစဉ်းစားဘူးလို့ ပြောကြားခဲ့ပေမယ့် အခုအချိန်မှာတော့ ၂၀၁၈ မတိုင်မှီ ဒီအစီအစဉ်ကို အကောင်အထည်ဖော်မှာလား၊ ဖျက်သိမ်းလိုက်မှာလားဆိုတာကို စဉ်းစားသွားမယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး TSMC ရဲ့ ပြောရေးဆိုခွင့်ရှိသူ Michael Kramer ကတော့

“နောက်နှစ်မတိုင်ခင် ကျနော်တို့ဘက်က ဆုံးဖြတ်ချက်ချသွားမှာပါ။ နောက်ဆုံး၊ အကယ်လို့ ဆောက်လုပ်ဖြစ်ခဲ့တယ်ဆိုရင်လည်း ကျနော်တို့အခု ထိုင်ဝမ်နိုင်ငံမှာ ရရှိနိုင်တဲ့ အခွင့်အရေးတွေကိုတော့ လက်လွှတ်ရမှာပါ။ ဥပမာဗျာ၊ ထိုင်ဝမ်မှာ ငလျင်လှုပ်တယ်ပဲ ဆိုကြပါစို့။ ထောင်သောင်းမက လူတွေဆီကနေ အကူအညီရနိုင်တယ်ဗျ။ အမေရိကန်မှာဆိုရင်တော့ နိုင်ငံခြားကုမ္ပဏီဖြစ်နေတော့ အကူအညီရဖို့ သိပ်မလွယ်ပါဘူး။”

လို့ ပြောကြားခဲ့ပါတယ်။

                အကယ်လို့များ TSMC က အမေရိကန်မှာ စက်ရုံတစ်ရုံဆောက်လုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဆောက်လုပ်ရေးကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၆ သန်းခန့် ရှိမှာဖြစ်ပါတယ်။ TSMC ဘက်က ဒီလိုမျိုး ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန်ချရမယ်ဆိုတာကလည်း အကြောင်းရှိပါတယ်။

                Intel ဘက်က ARM-Based Chips တွေကို စတင်ထုတ်လုပ်တော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်တဲ့အတွက် Apple ဘက်က စိတ်ပြောင်းသွားပြီး Intel ကိုပဲ A-Series Chip တွေ ဒိုင်ခံထုတ်ခိုင်းတော့မယ်ဆိုရင် TSMC ဘက်က ကြေကွဲပါပြီ။ ဒါကတစ်ချက်ပါ။

                နောက်တစ်ချက်က လက်ရှိအမေရိကန်သမ္မတ Donald Trump ရဲ့ စနက်တွေကြောင့် Apple ဘက်ကလည်း A-Series Chip ထုတ်လုပ်မှုတွေကို အမေရိကန်ကို မရွှေ့ချင်၊ ရွှေ့ချင်နဲ့ ရွှေ့ပြောင်းရမှာကြောင့်လည်း ဖြစ်ပါတယ်။ Apple ကတော့ TSMC ကို အမေရိကန်မှာ A-Series Chip တွေလာရောက်ထုတ်လုပ်ပေးဖို့ TSMC နဲ့ညှိထားပါတယ်။

                နောက်ထပ်တစ်ချက်ကတော့ ဘောလုံးစကားနဲ့ ပြောမယ်ဆိုရင် Intel က အိမ်ကွင်း၊ TSMC က အဝေးကွင်း ဆိုတော့ Intel ဘက်မှာလည်း အားသာချက်တွေက ရှိနေပြန်ပါတယ်။ ဒီအချက်ကြောင့်လည်း Intel ကို ဦးစားပေးသွားနိုင်ပါတယ်။

                နောက်တစ်ချက်က Samsung ပါ။ Samsung ဘက်ကလည်း Apple ဘက်က A-Series Chip တွေကို သူတို့ဆီအော်ဒါပြန်မှာအောင် ကြိုးစားနေပြန်ပါတယ် (ဒီသတင်းအပြည့်အစုံကို ဒီလင့်ခ် မှာဖတ်ရှုနိုင်ပါတယ်)။ TSMC အတွက် နောက်ထပ်ပြိုင်ဘက်တစ်ယောက်ကလည်း ထပ်တိုးလာပြန်ပါတယ်။

                နောက်ဆုံးတစ်ချက် TSMC ဘက်ကစဉ်းစားရမှာကတော့ ကုမ္ပဏီရဲ့အဓိကစီးပွားရေးပါ။ TSMC ရဲ့အဓိကစီးပွားရေး ဒါမှမဟုတ် ကုမ္ပဏီကရရှိတဲ့ အမြတ်ငွေဟာ Apple ကို A-Series Chip တွေထုတ်ပေးနေလို့ ရတာပါ။ အဲ့ဒီ့တော့ TSMC ဘယ်လို ဆုံးဖြတ်ချက်ချမလဲ၊ ပြိုင်ဘက်တွေကို အံ့သြသွားအောင် လုပ်ပြနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

References
9to5Mac
About Author
Assinged Tags
Samsung TSMC A-Series Chips Intel
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed