iOS သုံးစွဲသူတွေအတွက် App Review အတင်းတောင်းဆိုမှုကို လျှော့ချပစ်လိုက်တဲ့ Apple

date_range 12 June 2017

iOS သုံးစွဲသူတွေအတွက် App Review အတင်းတောင်းဆိုမှုကို လျှော့ချပစ်လိုက်တဲ့ Apple

visibility 1400 Views

                ကျွန်တော်တို့ iOS ပေါ်မှာ Third-party Apps တွေ အသုံးပြုတဲ့အခါ မြင်တွေ့ရလေ့ရှိတဲ့ “Enjoy our app? Please rate us 5 stars on the App Store” ဆိုတဲ့ Pop-Up တွေ ထွက်ထွက်လာတတ်ပါတယ်။ တကယ်လို့ Review/Rate နှိပ်မိတဲ့အခါမှာ လက်ရှိသုံးနေတဲ့ App ထဲကနေ အပြင်ထွက်သွားပြီး App Store ထဲရောက်သွားမှာမို့ အတော်လေးစိတ်ပျက်စရာ ကောင်းပါတယ်။ 

                 App Developers တွေဘက်ကကြည့်ပြန်ရင်လည်း ကျွန်တော်တို့ App တစ်ခုမသုံးစွဲခင်မှာ Reviews တွေအရင်လေ့လာပြီးမှသာ Download ဆွဲ အသုံးပြုတတ်ကြတာမို့ Review ကောင်းကောင်းရရှိဖို့ကလည်း အတော်လေး အရေးကြီးပါတယ်။ ဒါပေမဲ့လည်း အသုံးပြုသူတွေဘက်က ဒီလိုမျိုး App Review Prompt တွေခဏခဏ ပေါ်ပေါ်လာပြီး Review တောင်းနေတာဟာ (တစ်ခါတလေဆို Review ပေးပြီးတာတောင် မပြီးနိုင်ပဲ ဆက်တိုက်တောင်းနေတတ်တာမျိုး) အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ပါတယ်။

                ဒီအတွက်ကြောင့်မို့လို့ Apple ကနေပြီးတော့ App Review တောင်းဆိုမှုတွေအတွက် စည်းကမ်းချက်အသစ် နှစ်ချက် ထုတ်ပြန်ခဲ့ပါတယ်။ 

  • ပထမအချက် အနေနဲ့ကတော့ Apps တွေဟာ Review တောင်းတဲ့အခါမှာ Apple ကိုယ်တိုင်ပြုလုပ်ပေးထားတဲ့ In-App Prompt ကိုပဲ သုံးစွဲရမှာပါ။ မေးစရာရှိတာက အဲ့လိုသုံးရင်ကော ဘာထူးလာမှာလဲဆိုတာပေ့ါ။ Apple ရဲ့ App Review Prompt ဟာ Users တွေ App ကိုအသုံးပြုနေရင်းပဲ App Store ထဲ၀င်စရာမလိုပဲ Rating နဲ့ Review တွေ ရေးပေးနိုင်မှာမို့လို့ပါ။ ဒါကြောင့်မို့လို့ Rating လည်းပေးချင်၊ လက်ရှိသုံးနေတဲ့ App ထဲကလည်း အပြင်ကို မထွက်ချင်သူများအတွက် အတော်အဆင်ပြေသွားမှာပါ (ဒီ Feature ကို iOS 10.3 မှာ API ထည့်ပေးထားပြီး ဖြစ်ပေမဲ့ Developers တွေအားလုံးကို ဒီ API ပဲအသုံးပြုရမယ်လို့ စည်းကမ်းချက်မထုတ်ပြန်ထားရသေးပါဘူး)။ အခုအခါမှာတော့ iOS 11 ထွက်ရှိလာတော့မယ့်အချိန်မှာ App Review Policy ကိုပါ တစ်ပါတည်းပြောင်းလဲသတ်မှတ်ခဲ့ပါပြီ။ 


  • ဒုတိယအချက် အနေနဲ့ Apps တွေဟာ တစ်နှစ်ကို သုံးကြိမ်ပဲ App Review တောင်းဆိုခွင့်ရှိမှာပါ။ Rating ပေးပြီးတဲ့ အသုံးပြုသူတွေကိုလည်း ထပ်ပြီး App Review Prompt လုပ်ခွင့်မရှိတော့ပါဘူး။ အသုံးပြုသူတွေအနေနဲ့လည်း App Review နဲ့ Rating တွေလုံး၀မပေးချင်ရင်လည်း Settings ထဲက App Store Option မှာ In-App Rating & Reviews ကို ပိတ်ပစ်လိုက်လို့ရပါသေးတယ်။ 

                အခုလိုပြောင်းလဲလိုက်တဲ့အတွက် အသုံးပြုသူတွေဟာ App Review ပေးဖို့ကို စိတ်ပျက်နေစရာမလိုတော့ပဲ App ထဲမှာတင် အလွယ်တကူပေးလိုက်လို့ရတာမို့ အတော်လေးကောင်းတဲ့ စည်းကမ်းချက်အသစ်တွေလို့ ပြောလို့ရပါတယ်။ နောက်တစ်ခါထပ်ပေါ်လာမှာ မဟုတ်တဲ့အတွက်လည်း ဒီ App အပေါ် Review တစ်ခါတည်းလုပ်ပေးလိုက်ဖို့ကို ၀န်လေးနေတော့မှာ မဟုတ်တာကြောင့် အသုံးပြုသူတွေဆီက Review ကို အရင်ကထက် ပိုပြီးရရှိလာမှာပါ။ 

                ဒီလိုမျိုး တင်းတင်းကြပ်ကြပ် စည်းကမ်းချက်တွေ ထုတ်ပြန်လိုက်တဲ့အတွက် Developers တွေဘက်က မနစ်နာအောင်လည်း Apple ကနေ Option အသစ်တွေ ထပ်ထည့်ပေးခဲ့ပါတယ်။ အရင်တုန်းက App Store မှာ Developer တွေ App Update ပေးတဲ့အခါ Update မတိုင်ခင်က Review တွေ နဲ့ Rating တွေဟာ လုံး၀ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း App Developers တွေအနေနဲ့ Rating တွေ မကြာခဏ အသုံးပြုသူတွေဆီက တောင်းခံခဲ့ရခြင်းဖြစ်ပါတယ်။ အခုဆိုရင်တော့ ဒီလိုမျိုး မပျောက်ကွယ်သွားအောင် Developers တွေအတွက် Option အသစ်တစ်ခု ထပ်မံထည့်သွင်းပေးခဲ့ပါတယ်။ 

                Google အနေနဲ့လည်း Google Play Store ပေါ်မှာ Fake Apps နဲ့ အသုံးမ၀င်တဲ့ Apps တွေ ၊ မက်လုံးပေးပြီး App Download ဆွဲခိုင်း/ Review အတင်းပေးခိုင်းတာတွေကို ဖယ်ရှားနေပါပြီ။ Apple ရဲ့ iOS မှာတော့ ဒီလိုကိစ္စတွေ နည်းပါးပေမဲ့ ကျန်နေသေးတဲ့ App Review မကြာခဏ တောင်းခံနေမှုကို တင်းကြပ်ပေးခဲ့တာတော့ အသုံးပြုသူတွေအတွက် သတင်းကောင်းတစ်ခုပါပဲ။ 

References
The Verge
About Author
Assinged Tags
iOS App Store iOS Games iOS App Related App Review iOS 11 iOS 10 App Rating iOS Developer App Developers
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed