Qualcomm အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ Snapdragon X50 5G NR Modem ကို အသုံးပြုပြီး 5G Smartphone တွေ ထုတ်လုပ်သွားမယ့် စမတ်ဖုန်းကုမ္ပဏီတွေ စာရင်းကို တရားဝင် ကြေငြာခဲ့ပြီး ဖြစ်သလို ဒီနေ့မှာတော့ Snapdragon X50 5G NR Modem အတွက် အခြေခံအုတ်မြစ်လို့ ပြောလို့ရမယ့် Snapdragon X24 Modem ကို တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။
Snapdragon X24 ဟာ ပထမဦးဆုံး Category 20 LTE Modem ဖြစ်သလို ဈေးကွက်ထဲမှာ ပထမဦးဆုံး 7nm Modem တစ်ခုလည်း ဖြစ်တယ်လို့ Qualcomm က ကြွေးကြော်ထားပါတယ်။ Snapdragon X24 ရဲ့ အဓိက Feature ကို ပြောပါဆိုရင် လက်ရှိအသုံးပြုနေတဲ့ Fibre Connection ထက်တောင် နှစ်ဆနီးပါး မြန်ဆန်မယ့် 2Gbps Download Speed ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။
Snapdragon 845 Soc နဲ့အတူ ထွက်ရှိလာမယ့် Snapdragon X20 Modem ကတော့ Download Speed 1.2Gbps အထိပဲ ပေးနိုင်ပြီး 10nm Modem တစ်ခုလည်း ဖြစ်ပါတယ်။ Snapdragon X24 ကတော့ Snapdragon X20 နဲ့မတူပဲ အနာဂါတ်အတွက် အဆင်သင့်ဖြစ်နေသလို 5G Network အတွက်လည်း အုတ်မြစ်ချပေးခဲ့တာလို့ ကျွမ်းကျင်သူများက သုံးသပ်ထားပါတယ်။
Snapdragon X24 ဟာ Galaxy S9 နဲ့ S9+ မှာ အသုံးပြုထားမယ့် Samsung ရဲ့ Exynos 9810 Soc နဲ့အတူပါဝင်လာတဲ့ LTE Modem လိုမျိုး Six Carrier Aggregation ကို Support ပေးမှာ မဟုတ်ပဲ Seven Carrier Aggregation ကို Support ပေးမှာ ဖြစ်တာကြောင့် Bandwidth ပိုင်းနဲ့ Bitrate ပိုင်းမှာ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။
Uplink ပိုင်းမှာတော့ Snapdragon X24 ဟာ Three Carrier Aggregation ကို Support ပေးသွားမှာဖြစ်ပြီး Upload Speed 316Mbps အထိ ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီလို Upload Speed မျိုးဟာ HQ Video တွေကို YouTube မှာပဲဖြစ်ဖြစ် Cloud Service တွေဖြစ်တဲ့ iCloud တို့ Dropbox တို့မှာပဲဖြစ်ဖြစ် မြန်မြန်ဆန်ဆန်နဲ့ အထစ်အငေါ့မရှိပဲ Upload လုပ်ပေးနိုင်မှာပါ။
Qualcomm နဲ့ အထွေထွေမန်နေဂျာ Serge Willenegger ကတော့
“Download Speed 2Gbps အထိ ပေးစွမ်းနိုင်တဲ့ Snapdragon X24 LTE Modem ဟာ နည်းပညာလောကထဲမှာတော့ မှတ်ကျောက်တင်စရာ တစ်ခုဖြစ်သွားပါပြီ”
လို့ ပြောကြားသွားပါတယ်။
Qualcomm အနေနဲ့ Snapdragon X24 နဲ့ ပက်သက်တဲ့ Core Features တွေကို မကြာမီ ကျင်းပတော့မယ့် Mobile World Congress (MWC) 2018 ပွဲမှာ Ericsson, Netgear, Telstra တို့နဲ့ ပူးပေါင်းပြီး Sneak Peek အနေနဲ့ ပြသသွားမှာ ဖြစ်ပါတယ်။ Snapdragon X24 ကို ၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှ Smartphone တွေမှာ မြင်တွေ့ရနိုင်ပြီး ၂၀၁၉ ခုနှစ်မှာတော့ Flagship တွေမှာ Snapdragon X24 နဲ့ Snapdragon X50 5G NR တို့ကို Multi-Mode Connectivity ပေးစွမ်းနိုင်ဖို့အတွက် တွဲဖက်အသုံးပြုသွားမယ်လို့ သိရပါတယ်။
Join Us On