Microsoft နဲ့ Qualcomm တို့ ပူးပေါင်းပြီး Snapdragon 835 Processor သုံး Windows 10 Laptops တွေကို ထုတ်လုပ်သွားမည်

date_range 23 April 2017

Microsoft နဲ့ Qualcomm တို့ ပူးပေါင်းပြီး Snapdragon 835 Processor သုံး Windows 10 Laptops တွေကို ထုတ်လုပ်သွားမည်

visibility 460 Views

                Samsung Galaxy S8,S8+ နဲ့ Xiaomi Mi 6 စမတ်ဖုန်းတွေမှာ အသုံးပြုထားတဲ့ Snapdragon 835 SoC ကို မကြာမီအချိန်အတွင်း Laptop တွေမှာပါ မြင်လာရဖို့ ရှိပါတယ်။

                ARM Architecture သုံး Hardware တွေမှာ Windows 10 ကို အဆင်ပြေပြေ အသုံးပြုနိုင်ဖို့အတွက် Microsoft နဲ့ Qualcomm ကုမ္ပဏီကြီးနှစ်ခုဟာ လွန်ခဲ့တဲ့နှစ်၊ ဒီဇင်ဘာလလောက်မှာ စတင်ပူးပေါင်းလုပ်ဆောင်နေကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။

                ဒီနေ့မှာတော့ ဒီသတင်းတွေအတိုင်း တကယ်ဖြစ်လာပြီလို့ ဆိုရမှာပါ။

                Qualcomm ရဲ့ CEO ဖြစ်တဲ့ Steve Mollenkopf ဟာ ယနေ့မှာပဲ ကုမ္ပဏီရဲ့ ARM based Mobile Processor တစ်ခုဖြစ်တဲ့ Snapdragon 835 ကို Windows 10 သုံး Laptop တွေမှာ အသုံးပြုသွားဖို့ရှိပြီး၊ ယခုနှစ် စတုတ္ထသုံးလပတ်အတွင်း ပထမဆုံး Snapdragon 835 Processor သုံး Laptop တွေကို ထုတ်လုပ်သွားဖို့ရှိတယ်လို့ တရားဝင်ပြောကြားလိုက်ပါတယ်။

                Microsoft ဟာ ဒီ့အရင်ကလည်း Windows OS ကို ARM Architecture သုံး စက်တွေမှာ ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်ဖို့အတွက် Windows RT ဆိုပြီး OS တစ်ခု ထုတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် Windows 8 ဗားရှင်းတစ်ခုဖြစ်တဲ့ Windows RT ဟာ ထင်သလောက် အောင်မြင်မှုမရရှိခဲ့ပါဘူး။ ယခုတစ်ကြိမ် ကြိုးစားမှုကတော့ ARM Based Hardware တွေဆီ Windows စနစ်ကို ယူဆောင်ဖို့အတွက် Microsoft ရဲ့ ဒုတိယအကြိမ် ကြိုးစားမှုလို့ ခေါ်ဆိုနိုင်ပါတယ်။

                လက်ရှိမှာ Windows 10 စက်တွေဟာ Intel နဲ့ AMD တို့ရဲ့ x86 Chipsets တွေမှာပဲ အသုံးပြုနေတာပါ။ Snapdragon 835 Laptops တွေသာ ဒီနှစ်ထဲ ထွက်ရှိလာမယ်ဆိုရင် ပထမဆုံး x86 Architecture သုံး Processor မဟုတ်တဲ့ Windows 10 Laptops တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

                Microsoft က Windows and Devices Group ရဲ့ အကြီးအကဲဖြစ်သူ Terry Myerson ရဲ့ လွန်ခဲ့တဲ့နှစ်တုန်းက ပြောကြားချက်တစ်ခုကို ပြန်ကောက်မယ်ဆိုရင် Microsoft ဟာ Windows 10 OS ကို အစပိုင်းမှာ ARM Laptops တွေအတွက်ပဲ ဦးတည်လုပ်ဆောင်သွားဖို့ရှိပေမယ့်၊ နောက်ပိုင်းမှာတော့ Laptop အပြင် တခြား Devices အမျိုးမျိုးပါ ထုတ်လုပ်ဖို့ရှိပြီး၊ Ecosystem အသစ်တစ်ခု တည်ဆောက်ဖို့ ရှိနေပါတယ်။

                Microsoft ဟာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလထဲမှာပဲ Snapdragon Processor သုံးထားတဲ့ fan-less Laptop အပါး ရှေ့ပြေးမော်ဒယ်တစ်ခုမှာ Windows 10 OS ကို အစမ်းသုံးပြခဲ့ဖူးပါတယ်။ အဆိုပါ Demo မှာ လူသုံးအများဆုံး Desktop App တစ်ခုဖြစ်တဲ့ Adobe Photoshop ကို အဆင်ပြေပြေ သုံးပြသွားတာ တွေ့ခဲ့ရပါတယ်။

                ယခုလအစောပိုင်းလောက်တုန်းကလည်း Microsoft ဟာ Qualcomm ၊ Cavium ကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီး၊ Windows Server OS ကို ARM Chips တွေအတွက် Support ပေးဖို့ ပြင်ဆင်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ အဲဒီ့တုန်းက အစမ်းပြသခဲ့တဲ့ ဆာဗာစက်မှာ Qualcomm ရဲ့ 10nm Centriq 2400 Server Processor နဲ့ Cavium ရဲ့ 64-bit ThunderX2 ARMv8-A Server Processor တွေကို အသုံးပြုပြီး၊ Windows Server OS ကို တင်သုံးပြခဲ့တာပါ။ အဆိုပါ Processor နှစ်ခုလုံးဟာ Cloud Server တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ARM-Based Chips တွေဖြစ်တာကြောင့် Microsoft ရဲ့ ARM Project ကတော့ တော်တော်အလှမ်းနီးနေပြီလို့ ယူဆနိုင်ပါတယ်။

                Snapdragon 835 Processor သုံး Windows 10 Laptops တွေ ထွက်လာရင် ဘာများ ထူးခြားမလဲဆိုတာကတော့ ပထမဆုံးအနေနဲ့ ARM Architecture Processor တွေရဲ့ ပါဝါသုံးစွဲမှုနည်းတဲ့ အားသာချက်ကြောင့် Snapdragon Laptop တွေဟာ အခုလက်ရှိ Laptop တွေထက် ဘက်ထရီသက်တမ်း ပိုခံလာနိုင်မယ်။ Intel Processor တွေလောက် စျေးမကြီးတဲ့အတွက် လက်ပ်တော့တွေက တော်တော်စျေးသက်သာလာနိုင်မယ်။ စသဖြင့် User ဘက်ကတော့ တော်တော် အကျိုးရှိလာနိုင်ပါတယ်။

                အရင် Windows RT တုန်းကလိုမျိုး သုံးနေကြ Windows App တွေ သုံးမရတာမျိုး မရှိအောင်လို့လည်း Microsoft ဘက်က Emulator တစ်ခုပါ လုပ်ပေးဖို့ ရှိတယ်ဆိုတော့ ဒီတစ်ခါတော့ Microsoft ရဲ့ အားထုတ်မှုက အောင်မြင်နိုင်လောက်ပါတယ်။ 

References
Gadgets NDTV Tech Times
About Author
Assinged Tags
Microsoft Qualcomm Snapdragon 835 Windows 10 Snapdragon Laptops Snapdragon 835 Laptops
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed