Qualcomm Modem တွေကိုပဲ အသုံးပြုအောင် Apple ကို လာဘ်ထိုးခဲ့တာကြောင့် ဥရောပသမဂ္ဂကို ဒဏ်ကြေး ကန်ဒေါ်လာ ၁.၂ ဘီလီယံ ပေးဆောင်ရတော့မယ့် Qualcomm

date_range 25 January 2018

Qualcomm Modem တွေကိုပဲ အသုံးပြုအောင် Apple ကို လာဘ်ထိုးခဲ့တာကြောင့် ဥရောပသမဂ္ဂကို ဒဏ်ကြေး ကန်ဒေါ်လာ ၁.၂ ဘီလီယံ ပေးဆောင်ရတော့မယ့် Qualcomm

visibility 1240 Views

                Qualcomm အနေနဲ့ မပြီးပြတ်နိုင်သေးတဲ့ Copyright စစ်ပွဲတွေကို Apple နဲ့ ယှဉ်ပြိုင်တိုက်ခိုက်နေရတာကြောင့် ကုမ္ပဏီရဲ့ အကျိုးအမြတ်တွေလည်း ၉၀% အထိ ဆုံးရှုံးခဲ့ရတဲ့အပြင် Apple ဘက်ကလည်း Qualcomm နဲ့ လက်တွဲဖြုတ်ပြီး Intel နဲ့ MediaTek က ထုတ်လုပ်တဲ့ Modem တွေပဲ အသုံးပြုတော့မယ့် ဆိုးဆိုးရွားရွား အခြေအနေတွေ ဖြစ်နေပါတယ် ဆိုကာမှ EU ဥရောပသမဂ္ဂကိုလည်း ဒဏ်ကြေးပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။

                ဒဏ်ကြေးကလည်း နည်းနည်းနောနော မဟုတ်ပါဘူး။ ၉၉၉ မီလီယံယူရို၊ ကန်ဒေါ်လာ ၁.၂ ဘီလီယံတောင် ပေးရမှာဖြစ်ပါတယ်။ ဥရောပသမဂ္ဂက ဘာဖြစ်လို့ Qualcomm ကို ဒဏ်ရိုက်ရတာလည်းဆိုတဲ့ အကြောင်းပြချက်ကလည်း အဆန်းကြီးပါ။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ထုတ်လုပ်ရောင်းချခဲ့တဲ့ Apple Product တွေမှာ Qualcomm Modem ကိုပဲ အသုံးပြုစေဖို့အတွက် Apple ကို Qualcomm က ကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး လာဘ်ထိုးခဲ့လို့ပါတဲ့။

                “ဒီလိုမျိုး ကိုယ့်ထုတ်ကုန်ကိုပဲ သုံးစွဲစေဖို့အတွက် တခြားကုမ္ပဏီကို လာဘ်ထိုးခဲ့တာဟာ ပြောရရင် ဈေးကွက်ထဲမှာ အတူတူ ယှဉ်ပြိုင်ရောင်းချနေကြတဲ့ ပြိုင်ဘက်ကုမ္ပဏီတွေဆီက ထုတ်ကုန်တွေ ဘယ်လောက်ပဲ ကောင်းနေနေ၊ ဈေးကွက်ထဲမှာ Qualcomm ကပဲ ကြီးစိုးမယ်ဆိုတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်”

လို့ ဥရောပသမဂ္ဂရဲ့ Margrethe Vestager က သတင်းစာရှင်းတမ်းမှာ ပြောကြားထားပါတယ်။

                သူမကပဲ ဆက်လက်ပြီး

                “အခုလို လုပ်ရပ်ဟာ ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီပါဘူး။ ဒါကြောင့်လည်း ဥရောပသမဂ္ဂက ဒီလိုမျိုးဒဏ်ရိုက်ရတာ ဖြစ်ပါတယ်။ Qualcomm အနေနဲ့ ပြိုင်ဘက်ဖြစ်တဲ့ Intel ကိုလည်း ဈေးကွက်ထဲမှာ ပိတ်ပင်ထားခဲ့ပြီး Apple ဘက်က ကြည့်မယ်ဆိုရင်လည်း စာချုပ်ကြီးရှိနေတဲ့အချိန်မှာ Intel ဘက်ကို ပြောင်းဖို့အတွက်ဆိုရင် ငွေပိုကုန်လိမ့်မယ်”

လို့ ပြောကြားခဲ့ပါသေးတယ်။

                Apple အနေနဲ့ Qualcomm နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ချိန်မှာတော့ iPhone 7 နဲ့ iPhone 7 Plus တို့မှာ Intel Modem တွေကို စတင်အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂ အနေနဲ့ အခုကိစ္စကို ၂၀၁၅ ခုနှစ်ကတည်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုဒဏ်ရိုက်လိုက်တဲ့ ငွေကြေးပမာဏကလည်း၂၀၁၇ ခုနှစ်အတွင်း Qualcomm ပိုင်ဆိုင်ခဲ့တဲ့ ငွေကြေးပမာဏရဲ့ ၄.၉% ဖြစ်တယ်လို့ သိရပါတယ်။

                Qualcomm ဘက်ကကတော့ အခုလိုဒဏ်ရိုက်တာကို ခါးခါးသီးသီး ရှုံ့ချခဲ့ပြီး ဥရောပသမဂ္ဂ တရားရုံးမှာ ချက်ချင်းတရားပြန်စွဲသွားမယ်လို့ သိရပါတယ်။ Qualcomm အနေနဲ့ ၂၀၁၇ ခုနှစ်မှာ အကျိုးအမြတ် များများစားစား မရရှိခဲ့တဲ့အပြင် NXP ဆိုတဲ့ Chip ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုကိုလည်း ကန်ဒေါ်လာ ၄၇ ဘီလီယံနဲ့ ဝယ်ယူသွားဖို့ အစီအစဉ်ရှိတာဆိုတော့ ဒဏ်ကြေး ကန်ဒေါ်လာ ၁.၂ ဘီလီယံ ပေးဆောင်လိုက်ရရင်တော့ တော်တော်လေး အထိနာသွားမှာပါ။

References
The Verge
About Author
Assinged Tags
Qualcomm Qualcomm Modems Intel Fines Apple Intel Modems
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed