Razer Phone ထည့်သွင်းပြီး Laptop တစ်လုံးလို အသုံးပြုလို့ရမယ့် Laptop Dock ကို CES 2018 မှာ မိတ်ဆက်ပေးလိုက်တဲ့ Razer

date_range 11 January 2018

Razer Phone ထည့်သွင်းပြီး Laptop တစ်လုံးလို အသုံးပြုလို့ရမယ့် Laptop Dock ကို CES 2018 မှာ မိတ်ဆက်ပေးလိုက်တဲ့ Razer

visibility 1080 Views

                မကြာသေးမီ အချိန်ကမှ ဂိမ်မာတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Flagship စမတ်ဖုန်း တစ်လုံးနဲ့ အတူ စမတ်ဖုန်း လောကထဲကို ဝင်ရောက်လာခဲ့တဲ့ Razer ဟာ အခုအခါမှာလည်း Razer Phone ထည့်သွင်း အသုံးပြုလို့ရပြီး Project Linda လို့အမည်ရတဲ့ ရှေ့ပြေးမော်ဒယ် Laptop Dock ကို CES 2018 မှာ ထပ်မံ မိတ်ဆက်လိုက်ပြီပဲ ဖြစ်ပါတယ်။


                Project Linda လို့ အမည်ရတဲ့ Laptop Dock ဟာ အရင်တုန်းက ထွက်ရှိဘူးတဲ့ Docking Station တွေဖြစ်တဲ့ Motorola Atrix, Samsung Dex Dock တို့နဲ့ ကွာခြားချက် အနည်းငယ် ရှိနေပါတယ်။ Project Linda Laptop Dock ဟာ အခြား Docking Station တွေလို ဖုန်းကို သီးသန့် ချိတ်ဆက်စရာ လိုအပ်မှာမဟုတ်ပဲ ပုံမှန် Laptop တွေရဲ့ Trackpad နေရာမှာ ဖုန်းကို ထည့်သွင်းပြီး အသုံးပြုရမှာပဲ ဖြစ်ပါတယ်။


                Project Linda ရဲ့ Trackpad နေရာမှာ Razer ဖုန်းကို ထည့်လိုက်မယ်။ ပြီးရင် Keyboard အပေါ်ဘက်နားက Docking Button ကို နှိပ်လိုက်မယ်ဆိုရင် USB Type C Connector တစ်ခုထွက်လာပြီး ဖုန်းရဲ့ USB Type-C Port နဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ Power ဖွင့်ပြီးတာနဲ့ Project Linda ကို Laptop တစ်လုံးလို စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Razer ဖုန်းနဲ့ Project Linda ချိတ်ဆက်မိတဲ့ အချိန်ကစပြီး ဖုန်းအားဝင်နေမှာ ဖြစ်တဲ့အတွက် ဖုန်းအားကုန်သွားမှာကိုလည်း စိတ်ပူစရာ မလိုပါဘူး။


                Project Linda မှာ Power Button တော့ ပါဝင်မှာမဟုတ်ပါဘူး။ Razer ဖုန်းရဲ့ Finger Print Sensor ပါတဲ့ Power Button ကနေတစ်ဆင့် Project Linda ကို ပါဝါ အဖွင့်အပိတ် လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ Project Linda ရဲ့ ဖုန်း အထည့်အသွင်းလုပ်တဲ့ နေရာမှာ Notch ထည့်ပေးထား တဲ့အတွက် Power အဖွင့်အပိတ်ရော ဖုန်း အထည့်အသွင်းရော အဆင်ပြေပြေ လုပ်လို့ရမှာပါ။ Project Lindaမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ Razer Phone ရဲ့ Screen ကို Trackpad အနေနဲ့ အသုံးပြုနိုင်တာပါပဲ။


                Project Linda မှာ ၁၃.၃ လက်မ QHD Display ကို အသုံးပြုထားတယ်။ 720p Webcam တစ်ခုပါဝင်တယ်။ Dual-Array Mic တစ်ခု ပါဝင်တယ်။ ဒါ့အပြင် Razer ဖုန်းမှာတောင် မပါတဲ့ 3.5mm Audio Jack တစ်ခု ပါဝင်မှာပဲ ဖြစ်ပါတယ်။


                Project Linda ဟာ Laptop Dock ဖြစ်တဲ့အတွက် Processor တို့ RAM တို့တော့ ပါဝင်မှာမဟုတ်ပါဘူး။ Speaker လည်း ပါဝင်မှာမဟုတ်ပါဘူး။ Razer Phone မှာ ပါဝင်တဲ့ Speaker ကိုပဲ အသုံးပြုမှာပါ။ Storage Space 200GB နဲ့ 53.6Wh Battery တို့သာ Project Linda ရဲ့ အတွင်းပိုင်းမှာ ပါဝင်မှာ ဖြစ်ပါတယ်။ 53.6Wh Battery ဟာဆိုရင် Razer Phone ကို သုံးကြိမ် အားအပြည့် သွင်းပေးနိုင်မယ်လို့ သိရပါတယ်။


                Keyboard အတွက် Razer ရဲ့ Backlit Chroma Keyboard ကိုအသုံးပြု ပေးထားပါတယ်။ Connectivity ပိုင်းအတွက် USB Type C တစ်ပေါက် နဲ့ USB 3.0 တစ်ပေါက် ပါဝင်မှာပဲ ဖြစ်ပါတယ်။ USB 3.0 Port ပါဝင်တဲ့အတွက် ဂိမ်းဆော့တဲ့အခါမှာ Touchpad မသုံးချင်ဘူးဆိုရင် Mouse သုံးပြီး ဆော့နိုင်မှာ ဖြစ်ပါတယ်။ Project Linda ဟာ ဖုန်းချိတ်ဆက်ထားတဲ့ အချိန်မှာတောင် 1.25 ကီလိုဂရမ်သာ အလေးချိန် ရှိတာကြောင့် တော်တော်ပေါ့တဲ့ Laptop Dock တစ်လုံး အဖြစ် သတ်မှတ်နိုင်မှာပဲ ဖြစ်ပါတယ်။

 

                    CES 2018 မှာပြသခဲ့တဲ Project Linda  ဟာ တော်တော်ကြီးကို ပြီးပြည့်စုံတဲ့ Laptop Dock တစ်ခုလို့ နည်းပညာစိတ်ဝင်စားသူများက သတ်မှတ်ထားပေမယ့် Razer ကတော့ ရှေ့ပြေးမော်ဒယ်အဆင့်ပဲ ရှိသေးတာကြောင့် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ Second Screen အနေနဲ့ အသုံးပြုတဲ့ နေရာမှာ Error တွေရှိနေသေးသလို Palm-Rejection နည်းပညာပိုင်းကိုလည်း ပိုမိုကောင်းမွန်အောင် ပြုလုပ်ရဦးမယ် လို့ Razer က ပြောကြားသွားခဲ့ပါတယ်။


                ဒါ့အပြင် Razer အနေနဲ့ Project Linda ရဲ့ Screen ကို ဖုန်းရဲ့ Screen လို HDR Support 120Hz QHD Touchscreen အဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ Project Linda ရဲ့ Screen ကို Razer ဖုန်း Screen လို ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင် ၁၃.၃ လက်မ Display တွေထဲမှာ ပထမဆုံး HDR Support 120Hz QHD Touchscreen ဖြစ်လာမှာပဲ ဖြစ်ပါတယ်။


                အခုအချိန်မှာတော့ Project Linda ဟာ ရှေ့ပြေးမော်ဒယ် အဆင့်ပဲ ရှိသေးတာဆိုတော့ Final Product အနေနဲ့ ဘယ်အချိန်မှာ စျေးကွက်ထဲကို ဖြန့်ချီလာမယ်ဆိုတာကို ဆက်လက် စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။


This Article is contributed by Phyo Kyaw Swar.
References
The Verge Engadget
About Author
Assinged Tags
Razer Razer Smartphone Samsung DeX DeX Dock Project Linda Razer Laptop Dock Laptop Dock
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed