120 Hz Refresh Rate၊ Ultramotion နည်းပညာသုံး QHD Display နဲ့ ထွက်ရှိလာပြီဖြစ်တဲ့ Razer Phone

date_range 02 November 2017

120 Hz Refresh Rate၊ Ultramotion နည်းပညာသုံး QHD Display နဲ့ ထွက်ရှိလာပြီဖြစ်တဲ့ Razer Phone

visibility 1460 Views

                Razer ပရိတ်သတ်တွေ မျှော်လင့်နေတဲ့ ပထမဆုံး Razer Smartphone ကတော့ တရားဝင်ထွက်ရှိလာပါပြီ။ နာမည်ကို ‘Razer Phone’ လို့ပဲ ရိုးရိုးရှင်းရှင်းပေးထားပြီး၊ Gaming Smartphone လို့ ဒဲ့မကြော်ငြာထားပေမယ့် အခုခေတ်စားလာတဲ့ Mobile Gaming အတွက် အဓိကရည်ရွယ်ထုတ်လုပ်ထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။


                လွန်ခဲ့တဲ့တစ်နှစ်ခန့်လောက်တုန်းက Razer ဟာ Robin စမတ်ဖုန်းထုတ်လုပ်တဲ့ Nextbit ကုမ္ပဏီကို ဝယ်ယူပြီးကတည်းက Razer ကနေ ဖုန်းထုတ်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေ အလျှံပယ်ထွက်ပေါ်လာခဲ့ပြီး၊ မနေ့က (အင်္ဂါနေ့) မှာတော့ Razer ရဲ့ ပထမဆုံး Android ဖုန်းကို ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်။

                Razer ဟာ သူ့ရဲ့ ဖုန်းကို ပိုပြီးပရီမီယမ်ဆန်ဖို့အတွက် Nextbit’s Robin ရဲ့ ပလတ်စတစ်ကိုယ်ထည်ကို စွန့်ခွာပြီး၊ အလူမီနီယမ်ကိုယ်ထည်ကို ဒီဖုန်းမှာ အသုံးပြုထားတာတွေ့ရပါတယ်။ တခြား Razer Product တွေလိုပဲ Matte Black ကာလာကို အဓိကထားအသုံးပြုထားကာ ဖုန်းနောက်ဘက်မှာ Razer Logo ကို တွေ့မြင်ရမှာပါ။ Razer စမတ်ဖုန်းမျက်နှာပြင် အပေါ်ဘက်နဲ့ အောက်ဘက်မှာ ကြီးမားတဲ့စပီကာပေါက်တွေကို ကိုယ်ထည်အပြည့်တွေ့ရှိရမှာဖြစ်ပြီး၊ Dolby နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Atomos-certited စပီကာတွေဖြစ်ကာ၊ စပီကာတစ်ခုချင်းစီအတွက် Amplifier လည်း ပါရှိမှာပါ။ အလေးချိန်ကတော့ ၁၉၇ ဂရမ်ဆိုတော့ တခြားစမတ်ဖုန်းတွေနဲ့ ယှဉ်ရင် နည်းနည်းလေး လေးနေပါလိမ့်မယ်။


                Razer စမတ်ဖုန်းရဲ့ နောက်တစ်ခုထူးခြားချက်ကတော့ Display ပါ။ VR တွေလည်း ခေတ်စားလာပြီဖြစ်တဲ့အတွက် VR အတွက် အသင့်တော်ဆုံး Resolution လို့ ပြောလို့ရမယ့် 2560x1440 QHD Display ကို အသုံးပြုထားပြီး၊ တခြား Razer Products တွေကအတိုင်းပဲ Sharp က ထုတ်ပေးထားတဲ့ 5.7-inch IGZO LCD Display နဲ့ ဖြစ်ပါတယ်။ Display Refresh Rate က လိုသလိုချိန်ညှိနိုင်ပြီး၊ အမြင့်ဆုံး 120 Hz အထိ Support လုပ်နိုင်ပါတယ်။ Display Protection အတွက်တော့ Gorilla Glass 3 ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဒီ Display မှာ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ဖုန်း GPU Power နဲ့ Screen Refresh Rate တို့ကို Sync လုပ်ပေးနိုင်မယ့် Razer ရဲ့ “Ultramotion” technology ပါဝင်လာတာပါ။ ဒီနည်းပညာက Nvidia GPU တချို့မှာ ပါဝင်တဲ့ Gsync နဲ့ အလားတူပါပဲ။


                Razer Phone ရဲ့ ဘေးနှစ်ဖက်ကတော့ နည်းနည်းလေးထူနေတာကို သတိထားမိပြီး၊ ဖုန်းဘယ်ဘက်မှာ ပါဝါခလုတ်နှစ်ခု၊ ဖုန်းအောက်ဘက်မှာ USB Type-C Port တစ်ခု၊ Fingerprint Sensor တပါတည်းပါတဲ့ Power Button က ဖုန်းညာဘက်ခြမ်းမှာ ရှိပါတယ်။ Sony Xperia ဖုန်းတွေရဲ့ Fingerprint ထားတဲ့ ပုံစံမျိုးပါပဲ။ 
ဖုန်းကျောဘက်မှာတော့ အခုနောက်ပိုင်းဖုန်းတွေမှာ အတွေ့များလာတဲ့ Dual Camera Setup ကို တွေ့မြင်ရပြီး၊ 12MP, f/1.7 Wide Lens နဲ့ 13MP f/2.6 Zoom Lens နှစ်ခုတွဲ Setup ဖြစ်ပါတယ်။ LED Flash ကတော့ မီးနှစ်ရောင်ပြနိုင်တဲ့ Dual LED (dual tone) Flash နဲ့ ဖြစ်ပါတယ်။ Front Camera ကတော့ 8MP f/2.0 Lens နဲ့ပါ။

                အဓိက Specifications တွေ ပြောဖို့ မေ့နေတယ်။ Razer Phone မှာ Processor (SoC) အနေနဲ့ Android ဖုန်းတွေအတွက် အခုလက်ရှိ Performance အမြင့်ဆုံးလို့ ပြောလို့ရတဲ့ Snapdragon 835 SoC ကို အသုံးပြုထားပြီး၊ 8GB RAM နဲ့ 64 GB UFS Internal Storage တို့ ပါဝင်ပါတယ်။ microSD ကတ်ကိုလည်း 2TB အထိတောင် ထပ်စိုက်နိုင်မှာပါ။ 2TB microSD ကတ်က လက်ရှိမှာ စျေးကွက်တောင် မဝင်သေးဘူးဆိုတော့ ဒါက Specs သက်သက်လောက်ပဲ ဖြစ်ပါလိမ့်မယ်။

                Razer Phone မှာ Android Nougat ကို အသုံးပြုထားပြီး၊ Customization တွေ သိပ်မလုပ်ထားတာကြောင့် Pure Android နီးပါးဖြစ်ပြီး၊ ကိုယ့် Android ဖုန်းကို Theme တွေဘာတွေနဲ့ ရွှိုင်းချင်တဲ့လူတွေအတွက်လည်း Gaming နဲ့ အဓိကသက်ဆိုင်မယ့် Razer Theme Store တစ်ခုလည်း ပါဝင်မှာပါ။ ဒီ့အပြင် Razer Phone ဟာ ၂၀၁၈ ပထမသုံးလပတ်အတွင်းမှာ Android Oreo Update ရမယ်လို့ Razer က ကတိပေးထားပါတယ်။ Android Software Updates ကိုလည်း ၂ နှစ်တိတိ ပေးသွားမှာပါတဲ့။ Software ပိုင်းကတော့ စကားနဲ့တင် အားရဖို့ ကောင်းပါတယ်။

                Battery အတွက်ကတော့ 4,000mAh ဘက်ထရီပါဝင်ပြီး၊ Qualcomm ရဲ့ Quick Charge 4.0 နည်းပညာနဲ့ တပါတည်းပါတဲ့ Charger နဲ့တင် ၃၅ မိနစ်အတွင်းမှာ အား ၅၀ ရာခိုင်နှုန်းအထိ Fast Charging သွင်းနိုင်မှာ ဖြစ်ပါတယ်။ Razer ရဲ့ Game Booster Setting ကနေလည်း Battery Power သုံးစွဲမှုတွေကို ချိန်ညှိနိုင်တာ၊ Display Frame Rate ချိန်တာနဲ့ တခြားဂိမ်းနဲ့ ပတ်သတ်တဲ့ Settings လေးတွေ ပြင်ဆင်နိုင်မယ်လို့ သိရပါတယ်။

                Razer ကုမ္ပဏီရဲ့ ပထမဆုံးဖုန်းဖြစ်တဲ့ ‘Razer Phone’ ကို ၆၉၉ ဒေါ်လာစျေးနဲ့ ယနေ့ကစ Pre-Order မှာယူနိုင်ပြီဖြစ်ပြီး၊ မြောက်အမေရိကနဲ့ ဥရောပနိုင်ငံတွေမှာ နိုဝင်ဘာ ၁၇ ရက်နေ့ကျရင် ရရှိနိုင်မယ်လို့ သိရပါတယ်။ 
   

References
Ars Technica Razer
About Author
Assinged Tags
Razer Smartphones Gaming Related Mobile Gaming Related News Razer Smartphone Razer Phone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed