ပြင်သစ်နိုင်ငံက တရားစွဲဆိုမှုကြောင့် ကန်ဒေါ်လာ သန်းနဲ့ချီပြီး လျော်ကြေးပေးရနိုင်တဲ့အပြင် အမှုဆောင်အရာရှိတွေပါ ထောင်နန်းစံရကိန်းရှိနေတဲ့ Apple

date_range 29 December 2017

ပြင်သစ်နိုင်ငံက တရားစွဲဆိုမှုကြောင့် ကန်ဒေါ်လာ သန်းနဲ့ချီပြီး လျော်ကြေးပေးရနိုင်တဲ့အပြင် အမှုဆောင်အရာရှိတွေပါ ထောင်နန်းစံရကိန်းရှိနေတဲ့ Apple

visibility 3200 Views

                Battery Capacity နည်းသွားတဲ့ iPhone မော်ဒယ်လ်အဟောင်းတွေကို CPU Performance လျော့ချပစ်တဲ့ Fix တစ်ခုကို ထုတ်ပေးခဲ့တယ်လို့ Apple အနေနဲ့ အရင်တစ်ပါတ်က ဝန်ခံခဲ့ပြီးတဲ့နောက်မှာတော့ အမေရိကန်နဲ့ အစ္စရေးနိုင်ငံတွေမှာ တန်ကြေးမြင့် တရားစွဲဆိုမှုတွေ ခံခဲ့ရပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့မှာ ပြဌာန်းထားတဲ့ ဥပဒေက ပြင်သစ်နိုင်ငံလောက် မပြင်းထန်ပါဘူး။

                “ပစ္စည်းတစ်ခုက ဘယ်လောက်ထိ ကြာကြာခံနိုင်ရည် ရှိလဲဆိုတာကို သိရဲ့သားနဲ့ ပစ္စည်းအသစ်တစ်ခု ထပ်မံဝယ်ယူစေဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ကြိုးစားခဲ့မယ်ဆိုရင် ရာဇဝတ်မှုမြောက်တယ်” ဆိုတဲ့ ဥပဒေသစ်ကို ပြင်သစ်နိုင်ငံ အနေနဲ့ ၂၀၁၅ ခုနှစ် သြဂုတ်လတုန်းက ထပ်မံထည့်သွင်းခဲ့တယ်လို့ သိရပြီး ပြစ်မှုကျူးလွန်ခဲ့မယ်ဆိုရင် ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်နိုင်တဲ့အပြင် ယူရို ၃၀၀,၀၀၀ ဒဏ်ကြေးနဲ့အတူ အပြစ်ကျူးလွန်တဲ့ ကုမ္ပဏီရဲ့ ၁ နှစ်စာ အမြတ်ငွေရဲ့ ၅% ကိုလည်း ပြင်သစ်အစိုးရကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။

                ပြင်သစ်နိုင်ငံက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Halte à l’Obsolescence Programmée (HOP) က တရားစွဲဆိုခဲ့တာဖြစ်ပြီး Co-Founder Laetitia Vasseur ကတော့

                “အသုံးပြုသူတွေဘက်က အပြည့်အဝ ကာကွယ်ပေးနိုင်ဖို့နဲ့ Apple Product တွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ ဖြစ်နေရတာကို တားဆီးနိုင်ဖို့က ကျမတို့ရဲ့ ရည်ရွယ်ချက်ပါပဲ”

လို့ ပြောကြားသွားပါတယ်။

အခု တရားစွဲဆိုမှုက HOP အတွက်တော့ ပထမဦးဆုံးအကြိမ် မဟုတ်ပါဘူး။ အခုလက်ရှိမှာလည်း Epson အပြင် အခြား Printer ထုတ်လုပ်သူတွေနဲ့အတူ အမှုရင်ဆိုင်နေရပါသေးတယ်။ တစ်ဖက်မှာလည်း HOP အနေနဲ့ Apple ကို ၂၀၁၅ ခုနှစ်ထုတ် iPhone မော်ဒယ်လ်ကနေစပြီး တရားစွဲဆိုနိုင်မယ်လို့ မျှော်လင့်ထားပါသေးတယ်။ 

                အမေရိကန်နဲ့ အစ္စရေးနိုင်ငံတွေမှာအပြင် ပြင်သစ်မှာလည်း တရားရင်ဆိုင်ရဦးမှာဖြစ်သလို ဒီနေ့မှာပဲ HTC နဲ့ Motorola တို့က “သူ့တို့အနေနဲ့ Apple လိုမျိုး ဖုန်းမော်ဒယ်လ်အဟောင်းတွေကို CPU Performance မလျော့ပစ်ပါဘူး” လို့ ပြောကြားခဲ့တယ်ဆိုတော့ Tim Cook နဲ့အတူ Apple က အမှုဆောင်အရာရှိတွေလည်း ခေါင်းမီးတောက်နေကြပြီလို့ ထင်ပါတယ်။ ပြင်သစ်တရားရုံးက ဘယ်လိုစီရင်ချက်ချမလဲ ဆိုတာကိုတော့ မသိရသေးပေမယ့် ပြင်သစ်နိုင်ငံရဲ့ ပြင်းထန်တဲ့ ဥပဒေကြောင့် ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် Apple ဘက်က တော်တော်လေး အထိနာသွားမှာ အသေအချာပါပဲ။

References
The Verge 9to5Mac AppleInsider
About Author
Assinged Tags
iPhone Battery CPU Battery Issue Mobile CPU Lawsuit Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed