ခေတ်မှီဆန်းသစ်တဲ့ ရုံးချုပ်အသစ်ကို တည်ဆောက်တော့မယ့် Microsoft

date_range 30 November 2017

ခေတ်မှီဆန်းသစ်တဲ့ ရုံးချုပ်အသစ်ကို တည်ဆောက်တော့မယ့် Microsoft

visibility 580 Views

                အမေရိကန်နိုင်ငံ၊ Redmond မြို့မှာ ရှိတဲ့ ရုံးချုပ်ကို ခေတ်မှီဆန်းသစ်အောင် ပြန်လည်တည်ဆောက်သွားမယ့် အစီအစဉ်တွေကို Microsoft က  ကြေညာ လိုက်ပါတယ်။ ဧက (၅၀၀) ကျယ်ဝန်းတဲ့ ရုံးချုပ်တည်နေရာကို (၂၀၁၈) နှစ်ကုန်ပိုင်းလောက်က စပြီး အကြီးစား ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

                ရုံးချုပ်ကို ပြန်လည် ပြင်ဆင်ပြီးတဲ့အခါ လက်ရှိ ရုံးချုပ်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းပေါင်း (၄၇၀၀၀) အပြင် နောက်ထပ် ဝန်ထမ်း အယောက် (၈၀၀၀) ကို နေရာပေးနိုင်ပါလိမ့်မယ်။ Microsoft ဟာ အခုလို လုပ်ဆောင်ဖို့အတွက် ဒေါ်လာ ဘီလီယံနဲ့ချီပြီး သုံးစွဲသွားမယ်လို့ သိရပါတယ်။ ရှိပြီးသား အဆောက်အဦး (၁၂၅) ခု အထဲက (၁၂) ခုကို ဖြိုချပြီး ပိုမိုကြီးမားတဲ့ အဆောက်အဦး အသစ် (၁၈) ခုနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။ Public Space တွေ၊ သယ်ယူပို့ဆောင်ရေး စနစ်သစ်တွေ နဲ့ အားကစားကွင်းတွေ ပါဝင်မယ့် ဒီ စီမံကိန်းကြီး ပြီးသွားတဲ့ အခါ ၎င်းတို့ရဲ့ Campus ထဲမှာ အဆောက်အဦး (၁၃၁) ခု အထိ ရှိလာမှာ ဖြစ်ပါတယ်။

                (၂) ဧက အကျယ်အဝန်းရှိပြီး လူ (၂၀၀၀) လောက် စုဝေးနိုင်မယ့် Open Plaza တစ်ခု လည်း ပါဝင်မှာပါ။ Sports Facility တွေ၊ Retail Space တွေ၊ ပြေးလွှား အားကစား လုပ်နိုင်မယ့် လျှောက်လမ်းတွေကို Microsoft ဝန်ထမ်းတွေတင် မဟုတ်ဘဲ အနီး ပတ်ဝန်းကျင်က လူတွေကိုပါ အသုံးပြုခွင့် ပေးသွားမှာပါ။ ကား ပါကင် အားလုံးကို မြေအောက်မှာ ထားရှိမှာ ဖြစ်ပြီး၊ (၂၀၂၃) မှာ ပြီးစီးမယ့် အနီးနားက Redmond Technology Center Light Rail (LRT) Station ကို လူတွေ၊ စက်ဘီးတွေ သွားလာနိုင်မယ့် တံတားငယ်လေးတွေလည်း တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ Microsoft ရုံးချုပ်ကို “Modernize” လုပ်မယ့် ဒီ စီမံကိန်းဟာ (၅) နှစ် ကနေ (၇) နှစ် အထိ ကြာမြင့်မယ် လို့ သိရပါတယ်။

                Microsoft နဲ့ အရမ်းမဝေးတဲ့ နေရာမှာပဲ ရုံးစိုက်တဲ့ Amazon ကလည်း ရုံးချုပ်အသစ် တည်ဆောက်ဖို့ သင့်တော်တဲ့ နောက်တစ်မြို့ကို ရှာဖွေနေပါတယ်။ Microsoft ကတော့ “Grow right here at home” ဆိုပြီး (၁၉၈၆) ကတည်းက ပြောင်းရွှေ့လာခဲ့တဲ့ လက်ရှိနေရာမှာပဲ Campus အသစ်ကို ဆောက်လုပ်သွားမှာပါ။ Microsoft နည်းတူ Google ကလည်း လက်ရှိရုံးစိုက်ရာ Mountain View မြို့မှာ Campus အသစ် ဆောက်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။

“အဆောက်အအုံ အသစ် (၁၈) ခု၊ ပြင်ဆင် မွမ်းမံထားတဲ့ Workspace စတုရန်းပေ (၆.၇) သန်း ပါဝင်ပြီး၊ ပို့ဆောင်ဆက်သွယ်ရေး၊ Public Space၊ အားကစားကွင်း နဲ့ Green Space တွေ အတွက် ဒေါ်လာ သန်း (၁၅၀) အသုံးပြုမယ့် Campus ပြန်လည် ဆန်းသစ်ခြင်း စီမံကိန်းကို နောက်နှစ် ဆောင်းဦးရာသီမှာ ကျွန်တော်တို့ စတင် အကောင်အထည် ဖော်ပါမယ်.. Microsoft နဲ့ Redmond မြို့ရဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်၊ Campus အသစ်ရဲ့ Architectural Design နဲ့ ဆောက်လုပ်ခွင့်တွေ ရရှိဖို့ အတွက် တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ အနီးကပ် ပူးပေါင်း လုပ်ဆောင်သွားမှာပါ။”

လို့ Microsoft က ရေးသားခဲ့ပါတယ်။

                Apple Park ကို စတင် ဖွင့်လှစ်ပြီး မကြာခင်မှာပဲ Microsoft ရဲ့ အစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Apple ရဲ့ Spaceship Campus လောက်တော့ မလန်းပေမယ့် လူတွေ၊ ပတ်ဝန်းကျင်တွေ အတွက် အထိုက်အလျောက် ထည့်သွင်း စီမံထားတာကို တွေ့ရပါတယ်။ အောက်တိုဘာလ တုန်းက ဝန်ထမ်းတွေ အစည်းအဝေး လုပ်နိုင်ဖို့အတွက် မြေပြင်နဲ့ (၁၂) ပေ ကွာဝေးတဲ့ သစ်ပင်အိမ်လေးတွေ ဆောက်လုပ် ပေးခဲ့ပါတယ်။ Campus အသစ်မှာလည်း ဝန်ထမ်းတွေရဲ့ Workspace တွေကို ပိုပြီး Open ဖြစ်အောင် ပြင်ဆင်သွားမှာ ဖြစ်ပြီး၊ အိမ်နီးနားချင်းတွေ အတွက်ပါ ထည့်သွင်း စဉ်းစားပေးထားတာကြောင့် အားလုံးကတော့ လိုလိုလားလား မျှော်လင့်နေကြမယ်လို့ ယုံကြည်ပါတယ်။ ဒီ စီမံကိန်းကြီး ပြီးသွားရင် ဘယ်လိုတွေ ပြောင်းလဲသွားမလဲ ဆိုတာကို အောက်က Video မှာ ကြည့်ရှုနိုင်ပါတယ်။



References
The Verge Microsoft Blog Tech Crunch
About Author
Assinged Tags
Microsoft Headquarters Redmond Campus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed