Steve Jobs ရဲ့ အခမ်းနားဆုံး နဲ့ နောက်ဆုံး Product: Apple Park

date_range 21 May 2017

Steve Jobs ရဲ့ အခမ်းနားဆုံး နဲ့ နောက်ဆုံး Product: Apple Park

visibility 6590 Views

                ၂၀၁၁ ခုနှစ်၊ ဂျူလိုင်လ ၇ ရက်နေ့မှာ အသက်ငါးဆယ်ကျော်အရွယ်ရှိပြီဖြစ်တဲ့ အဝတ်အစားခပ်နွမ်းနွမ်း နဲ့ ပိန်လျလျလူတစ်ယောက်ဟာ Cupertino မြို့တော်ကောင်စီအစည်းအဝေးကို Presentation တစ်ခု လုပ်ဖို့အတွက် တက်ရောက်လာခဲ့ပါတယ်။

                ရောဂါတစ်ခုခုဒဏ် ခံစားနေရပုံပေါ်တဲ့ သူဟာ တစ်ကမ္ဘာလုံးက မြင်တွေ့နေကြပုံစံအတိုင်း ဆွယ်တာအင်္ကျီ၊ အပြာရောင်ဂျင်းဘောင်းဘီနဲ့ပဲ မြို့တော်ကောင်စီအစည်းအဝေးကို တက်ရောက်လာတာဖြစ်ပြီး၊ သူ့ကုမ္ပဏီရဲ့ ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်အစီအစဉ်တစ်ခုကို Cupertino ကောင်စီလူကြီးတွေကို အသေးစိတ်ရှင်းပြဖို့အတွက် ရောက်လာခဲ့တာပါ။

                အဆိုပါနေ့ဟာ Steve Jobs ကို လူထုကြားထဲမှာ တွေ့မြင်ခဲ့ရတဲ့ နောက်ဆုံးနေ့ဖြစ်ခဲ့ပြီး၊ Steve ဟာ Cupertino မြို့တော်ကောင်စီအစည်းအဝေးကို တက်ရောက်ပြီး လေးလအကြာ၊၊ အောက်တိုဘာလ ၅ ရက်၊ ၂၀၁၁ ခုနှစ်မှာ ပန်ကရိယကင်ဆာနဲ့ သူချစ်တဲ့ကုမ္ပဏီ၊ သူရဲ့ စည်းစိမ်ဥစ္စာတွေ အားလုံးကို ချန်ထားရစ်ကာ ဘဝတစ်ပါးကူးပြောင်းသွားခဲ့ပါတယ်။

Cupertino မြို့တော်ကောင်စီနဲ့ Steve Jobs တို့ရဲ့ တွေ့ဆုံမှု

                Cupertino မြို့တော်ကောင်စီကို Steve Jobs တစ်ယောက် တင်ပြအစီရင်ခံခဲ့တဲ့ Project ဟာ၊ Apple ကုမ္ပဏီအတွက် သူ့ရဲ့ နောက်ဆုံး Product တစ်ခုလို့လည်း ဆိုရမယ့် “Apple Campus II” ပဲ ဖြစ်ပါတယ်။

“ Apple ဟာ ပေါင်းပင်တွေလိုပဲ မြန်မြန်ဆန်ဆန်ကြီးထွားလာခဲ့တာပါ။ ကျနော်တို့ Cupertino မြို့မှာပဲ အမြဲရှိနေခဲ့တာ ခင်ဗျားတို့ သိမှာပေါ့၊ ရုံးဝင်းသေးသေးလေးတစ်ခုကနေ စတင်ခဲ့ပြီး အခုဆို Danns နဲ့ 280 ထောင့်က အဆောက်အဦးတွေ ( Apple Campus) တောင် ဝယ်နိုင်ခဲ့ပါပြီ။ ဒါပေမယ့် ဒီအဆောက်အဦးတွေမှာ ဝန်ထမ်းဦးရေက ၂၆၀၀ ကနေ ၂၈၀၀ ၊ အင်းအဲလောက်ပဲ ဆံ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ တကယ်ရှိတဲ့ ဝန်ထမ်းက ၁၂,၀၀၀ လောက်ရှိပါတယ်။ ဒီတော့ မလောက်လို့ ရုံးခန်းတွေ ဌားပြီး ထားခဲ့ရတယ်။ သိပ်ကောင်းတဲ့ ရုံးခန်းတွေလည်း မဟုတ်ပါဘူး။ ဒီတော့ ပြောချင်တာက ကျနော်တို့ Campus အသစ်တစ်ခု ဆောက်ဖို့ လိုနေပြီ ဆိုတာပါပဲ”

                Steve က သူ့ကုမ္ပဏီရဲ့ ရုံးအသစ်ဟာ တခြားကုမ္ပဏီကြီးတွေရဲ့ ရုံးခန်းတွေလို “ပျင်းဖို့ကောင်းတဲ့” အဆောက်အဦးပုံစံမျိုး မဟုတ်ဘဲ၊ စက်ဝိုင်းပုံစံဒီဇိုင်းနဲ့ ဆောက်လုပ်မှာဖြစ်ပြီး ဝန်ထမ်းအားလုံးကို ပင်မရုံးခန်းအဆောက်အဦးတစ်ခုတည်းမှာ ထားရှိဖို့ ရည်ရွယ်ထားကြောင်း Cupertino ကောင်စီလူကြီးတွေကို ပြောကြားခဲ့ပါတယ်။ 

“ တကယ်အထာကျတဲ့ အဆောက်အဦးပါ။ အာကာသယာဉ်တစ်စင်း ဆင်းပြီး နားနေသလိုပါပဲ”

လို့ Steve က ကောင်စီလူကြီးတွေကို အားတက်သရောပြောပြပါတယ်။

                Steve ဟာ စကားပြောရာမှာ အနည်းငယ်မောနေပေမယ့်၊ သူဖြစ်ချင်တဲ့အရာကို အကောင်အထည်ဖော်ဖို့ တက်ကြွနေတဲ့ပုံပါပဲ။

                Steve Jobs ဟာ ဒီလို Campus အသစ်ဆောက်မယ့် အစီအစဉ်ကို ၂၀၀၆ ခုနှစ်ကတည်းက Cupertino မြို့တော်ကောင်စီကို လာရောက်ပြောကြားခဲ့ဖူးပေမယ့်၊ အခု ၂၀၁၁ ခုနှစ်ကျမှ Apple Campus ရဲ့ ဒီဇိုင်းအသစ်တွေကို သေချာရှင်းလင်းပြောကြားခဲ့တာပါ။


                ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ Cupertino ကောင်စီလူကြီးတွေဟာ ခြောက်နာရီကြာ အစည်းအဝေးပြန်ထိုင်ခဲ့ပြီး၊ Steve လုပ်ချင်တဲ့အရာကို ခွင့်ပြုပေးခဲ့ပါတယ်။ ခွင့်မပြု၊ ပြုအောင်လည်း Steve က ပညာသားပါပါ ပြောသွားခဲ့တာပါ။

                ဒီလို Apple Campus အသစ် ဆောက်ခွင့်ပေးမယ်ဆိုရင် Cupertino မြို့ခံတွေအတွက် ဘာများအကျိုးကျေးဇူးရှိမလည်းဆိုတာကို ကောင်စီလူကြီးတစ်ဦးက မေးမြန်းခဲ့ရာမှာ Steve က 

“ Cupertino မှာ ငါတို့က အခွန်ပေးဆောင်မှုအများဆုံးကုမ္ပဏီပဲလေ။ ငါတို့ ဒီမှာ ဆက်နေပြီး၊ အခွန် ဆက်ဆောင်ချင်တယ်။ ဒါက နံပါတ်တစ်အချက်ပေါ့။ အကယ်လို့ ဒီမြို့မှာ ဆောက်ခွင့်မရဘူးဆိုရင်တော့၊ Mountain View လိုမျိုး နေရာတစ်ခုခုသွားပြီး ဆောက်လို့ရတယ်။ ငါတို့ ဝန်ထမ်းတွေအကုန်လုံးလည်း ခေါ်သွားမှာပေါ့။ ဒီလိုသာဆို မင်းတို့ကို အခွန်အများဆုံးပေးနေတဲ့ကုမ္ပဏီကို လက်လွှတ်ရမှာပေါ့။ Cupertino အတွက်လည်း  ကောင်းမယ်မထင်ဘူး။”

                လို့ ဖြေကြားပြီး၊ ဆောက်လုပ်ခွင့်ရယူခဲ့တာပါ။ Cupertino မြို့တော်ကောင်စီဟာ နောက်ဆုံးမှာ Apple ကုမ္ပဏီအနေနဲ့ Apple Campus အသစ်ဆောက်လုပ်ရမှာ တွေ့ရမယ့်အခက်အခဲတွေပါ ဝိုင်းဖြေရှင်းပေးပြီး၊ ဒီ Campus ကြီး မဖြစ်ဖြစ်အောင် လုပ်ပေးဖို့ Steve ကို ကတိပေးခဲ့ပါတယ်။

                အခုဆိုရင် Steve Jobs ရဲ့ နောက်ဆုံး Product တစ်ခုဖြစ်တဲ့ Apple Campus အသစ်ကြီးဟာ ပြီးဆုံးလုနီးပါး အခြေအနေကို ရောက်ရှိလာပါပြီ။ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာတော့ Apple ကုမ္ပဏီဟာ Campus အသစ်ကို “Apple Park” လို့ တရားဝင်အမည်ပေးလိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပြီး၊ Campus ဝင်းထဲက အမြင့်ဆုံးတောင်ကုန်းတစ်ခုပေါ်မှာ ဆောက်လုပ်ထားတဲ့ ခန်းမကို Steve Jobs ကို ဂုဏ်ပြုတဲ့အနေနဲ့ “ Steve Jobs Theater” လို့ နာမည်ပေးသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ Apple Park သာ အလုံးစုံပြီးသွားပြီဆိုရင်တော့ နောက်ထွက်မယ့် Apple Product တွေကို San Francisco အထိ သွားပြီး မိတ်ဆက်စရာမလိုတော့ဘဲ၊ Steve Jobs Theater မှာတင် မိတ်ဆက်တော့မှာပါ။

သဘာဝနဲ့ နည်းပညာကို ပေါင်းစပ်ထားတဲ့ Apple Park


                ကမ္ဘာ့အကြီးမားဆုံးနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Apple ဟာ ရုံးအသစ်ဆောက်လုပ်မယ့်နေရာကို တခြားကုမ္ပဏီကြီးတွေဖြစ်တဲ့ Amazon တို့ Twitter တို့လိုမျိုး မြို့ထဲမှာ ဆောက်လုပ်ဖို့ မစဉ်းစားဘဲ၊ ဆင်ခြေဖုံးဘက်မှာ ဆောက်ဖို့ စဉ်းစားခဲ့တာကလည်း Steve Jobs ရဲ့ အမြင်တွေ အဓိကပါဝင်ပါတယ်။

                ဆင်ခြေဖုံးမှာပဲ ကြီးလာတဲ့ Steve ဟာ သူ့ကုမ္ပဏီရုံးခန်းကို လူနေထူထပ်ပြီး၊ တိုက်တာအဆောက်အုံများတဲ့ မြို့ထဲမှာ ဆောက်ဖို့ မစဉ်းစားဘဲ ဆင်ခြေဖုံးဘက်ကိုပဲ ရွေးခဲ့ပါတယ်။ ဒီ့အပြင် ၁၇၅ ဧကရှိတဲ့ ရုံးဝင်းဧရိယာရဲ့ ၈၀ ရာခိုင်နှုန်းတိတိကို သစ်ပင်တွေနဲ့ စိမ်းစိမ်းစိုစိုရှိဖို့ကိုလည်း အဓိကဦးစားပေးထားပါတယ်။ ကုမ္ပဏီတစ်ခုအနေနဲ့ ဒီလောက် ကျယ်ဝန်းတဲ့မြေကြီးတွေကို ဝယ်ယူပြီး၊ ၈၀ ရာခိုင်နှုန်းတိတိကို သဘာဝပတ်ဝန်းကျင်အတွက် ထားပေးထားတာကလည်း ချီးကျူးစရာပါ။

Apple Park အကြောင်း သိထားသင့်သမျှ

  1. Apple Park ရဲ့ ကုန်ကျစရိတ်ကို မြေဝယ်ခတွေ အပြီးအစီး ဒေါ်လာ သန်း ၅၀၀ လို့ အစက ခန့်မှန်းထားခဲ့ပေမယ့်၊ နောက်ဆုံးမှာတော့ စုစုပေါင်းကုန်ကျစရိတ်ဟာ ဒေါ်လာ ၅ ဘီလီယံအထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
  2. Apple ဟာ Apple Park ဆောက်လုပ်မယ့်အစီအစဉ်ကို ၂၀၀၆ ခုနှစ်မှာ Cupertino မြို့တော်ကောင်စီကို စတင် မပြောခင်ကတည်းက မြေတွေကို ဝယ်ယူထားပြီးဖြစ်ပြီး၊ မြေစျေးတွေ မတက်အောင်လို့ Apple က ဝယ်မှန်းမသိအောင် လှို့ဝှက်ဝယ်ယူခဲ့တာပါ။ အဆိုပါမြေဧကတွေထဲမှာ Steve Jobs ငယ်ငယ်က လုပ်ဖူးတဲ့ HP ကုမ္ပဏီရုံးခန်းတွေလည်း ပါဝင်ပြီး၊ အဆောက်အဦးအကုန်လုံးကို ပြန်လည်ဖြိုချကာ၊ အားလုံး ပြန်လည်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
  3. Apple Park ပြီးတဲ့အခါ ဝန်ထမ်းပေါင်း ၁၂,၀၀၀ ကနေ ၁၃,၀၀၀ လောက်ထိ ဆံ့မှာဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် ဧပြီလအတွင်းမှာ ဝန်ထမ်းအချို့ Apple Park ကို ပြောင်းလာပြီးဖြစ်ပါတယ်။
  4. Apple Park မှာရှိတဲ့ကဖေးဟာ ဝန်ထမ်း ၃,၀၀၀ လောက် ထိုင်စားသုံးနိုင်ပြီး၊ ကဖေးအပြန် ပီဇာပါဆယ်ထုပ်ဖို့ ဘူးကအစ Apple ကပဲ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။
  5. Steve Jobs Theater ဟာ ခုံ ၁၀၀၀ ဆံ့ ခန်းမကြီးတစ်ခုဖြစ်ပါတယ်။


  6. Campus ရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ပန်းသီးပင်တွေအပါအဝင် သစ်ပင်၊ပန်းမာန်တွေနဲ့ ပြည့်နှက်နေမှာပါ။

  7. Apple ရဲ့ အဆိုအရ Apple Park ဟာ ကမ္ဘာမှာ စွမ်းအင်သုံးစွဲမှုအနည်းဆုံးအဆောက်အဦးတစ်ခုဖြစ်ပြီး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ပဲ အဓိကလည်ပတ်မှာဖြစ်တယ်လို့ သိရပါတယ်။
  8. ကားပါကင်ကို Apple Park ပင်မအဆောက်အဦးရဲ့ မြေအောက်ထပ်မှာ ဆောက်လုပ်ထားသလို၊ ကားပါကင်အဆောက်အဦးကြီး နှစ်ခုလည်း သက်သက်ပါရှိမှာပါ။
  9. ကားပါကင်နေရာများသလို၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်အောင်အတွက်လည်း Traffic နဲ့ Parking Spaces တွေကို Senors တွေ၊ Apps တွေနဲ့ ထိန်းချုပ်မယ်လို့ သိရပါတယ်။
  10. အဓိကအဆောက်အဦးက မြေပေါ်မှာ လေးထပ်ဖြစ်ပြီး၊ မြေအောက်မှာ သုံးထပ်ရှိပါမယ်။
  11. Apple Park ဆောက်လုပ်မယ့်အိုင်ဒီယာကို Steve Jobs ရခဲ့တာဖြစ်ပေမယ့်၊ ဒီဇိုင်းကိုတော့ ဗြိတိန်ဗိသုကာပညာရှင် Norman Foster က ဆွဲပေးခဲ့တာပါ။ ဒါပေမယ့် Steve ရဲ့ စိတ်ကူးစိတ်သန်းတွေလည်း အမြောက်အများပါဝင်ပါတယ်။
  12. စက်ဝိုင်းပုံစံအဓိကအဆောက်အဦးကြီးဟာ အကျယ်အဝန်းအားဖြင့် ၂.၈ မီလီယံ စတုရန်းပေရှိပါတယ်၊ ဒါဟာ ဘောလုံးကွင်း ၄၉ ကွင်းရဲ့ အရွယ်အစားပါပဲ။
  13. ပင်မအဆောက်အဦးကြီးရဲ့ အပြင်ဘက်မှန်တွေအကုန်လုံးကို အမာခံ၊ကွေးညွတ်နိုင်တဲ့ဖန်သားတွေနဲ့ ပြုလုပ်ထားပြီး၊ Apple ရဲ့ အဆိုအရ “ကမ္ဘာမှာ အကြီးဆုံး မှန်အကွေးချပ်ကြီးတွေ” ဖြစ်ပါတယ်တဲ့။

  14. Apple Park ကို ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပြီးမှာ အပြီးသတ်ဖို့ မျှော်မှန်းထားပါတယ်။

                Apple ကုမ္ပဏီပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Steve Jobs ရဲ့ နောက်ဆုံး Product လို့ ခေါ်ဆိုရမယ့် Apple Park ကြီး ပြီးစီးသွားတာကို Steve တစ်ယောက် အသက်ထင်ရှားမြင်တွေ့ခွင့်တော့ ရှိမှာမဟုတ်တော့ပါဘူး၊ ဒါပေမယ့် ဒီ Apple Park ကြီးကတော့ Steve လုပ်ခဲ့သမျှ Product တွေထဲမှာ ကြီးကျယ်ခမ်းနားမှုအရှိဆုံးနဲ့ အထူးခြားဆုံး Product တစ်ခုဆိုတာ ဘယ်သူမှ ငြင်းနိုင်စရာမရှိပါဘူး။



References
Wired Mac World Wikipedia
About Author
Assinged Tags
Apple Park Steve Jobs Featured Articles Apple Campus 2 Steve Jobs Theater
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed