HomePod စမတ်စပီကာတွေ ရောင်းချမယ့်ရက်ကို ၂၀၁၈ ခုနှစ်အစပိုင်းအထိ ရွှေ့ဆိုင်းလိုက်တဲ့ Apple

date_range 18 November 2017

HomePod စမတ်စပီကာတွေ ရောင်းချမယ့်ရက်ကို ၂၀၁၈ ခုနှစ်အစပိုင်းအထိ ရွှေ့ဆိုင်းလိုက်တဲ့ Apple

visibility 280 Views

                Apple ဟာ ပြီးခဲ့တဲ့ ဂျွန်လတုန်းက ပြုလုပ်သွားတဲ့ WWDC 2017 ပွဲမှာ Siri Assistant သုံး “HomePod” စမတ်စပီကာ ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ WWDC ပွဲမှာတုန်းကတော့ HomePod စပီကာတွေကို ရှေ့လ၊ ဒီဇင်ဘာမှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့်၊ အခုတော့ ကတိပေးထားတဲ့အတိုင်း ဒီဇင်ဘာမှာ မရောင်းနိုင်တော့ဘဲ နောက်နှစ်အစပိုင်းအထိ ရွှေ့ဆိုင်းလိုက်ကြောင်း သောကြာနေ့မှာ တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။


                စျေးကွက်လေ့လာသူပညာရှင်တစ်ချို့က Apple အနေနဲ့ HomePod ကို ဒီဇင်ဘာမှာ ရောင်းချမယ်ဆိုရင်တောင် Amazon Echo နဲ့ Google Home တို့ အခိုင်အမာခြေကုပ်ယူပြီးဖြစ်တဲ့ စမတ်စပီကာစျေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲမယ်လို့ ကြိုတင်သုံးသပ်ထားကြတာကြောင့်၊ အခုလို ရက်ထပ်မံရွှေ့ဆိုင်းလိုက်ရတာက Apple အတွက် နစ်နာမှုတွေ ဖြစ်လာနိုင်ပါတယ်။

                Apple ကတော့ HomePod မှာ Siri စွမ်းဆောင်ရည်တွေ အကုန်ပါဝင်မှာဖြစ်သလို၊ အသံအရည်အသွေးပိုင်းကို ပိုမိုကောင်းမွန်အောင် ဦးစားပေးလုပ်ထားတာကြောင့် တခြားပြိုင်ဘက်စမတ်စပီကာတွေထက် ထူးခြားသာလွန်နေမယ်လို့ WWDC ပွဲမှာ ကတိပေးခဲ့ပါတယ်။ အခုပုံစံအတိုင်းဆိုရင်တော့ Apple အနေနဲ့ ပေးထားတဲ့ ကတိတွေထဲက တစ်ခုဖြစ်တဲ့ ရောင်းချမယ့်ရက်ကိုတော့ မတည်နိုင်တော့တဲ့ ပုံပါပဲ။

“Apple ရဲ့ Wireless Speaker နည်းပညာအသစ်ဖြစ်တဲ့ HomePod ကို အားလုံးကို သုံးကြည့်စေချင်နေပါပြီ။ ဒါပေမယ့် Customers တွေအတွက် အဆင်သင့်ဖြစ်ဖို့ ကျနော်တို့ အချိန်နည်းနည်းလောက် ထပ်လိုပါသေးတယ်။ ဒါကြောင့် U.S, UK နဲ့ Australia တို့မှာ ၂၀၁၈ အစပိုင်းလောက်မှ HomePod ကို စတင် တင်ပို့ရောင်းချပေးသွားမှာပါ။” 

လို့ Apple က သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

                HomePod ရောင်းမယ့်ရက်ကို နောက်နှစ်အစပိုင်းရွှေ့လိုက်တာက Apple အတွက် တခြားနစ်နာမှုလေးတွေ ရှိနေပါသေးတယ်။ ဘာလို့လဲဆိုတော့ ဒီဇင်ဘာဟာ ခရစ်စမတ်ပွဲတော်ကျင်းပတဲ့ လတစ်လဖြစ်ပြီး၊ လက်ဆောင်ပစ္စည်းတွေ အရောင်းသွက်တဲ့ ရာသီလည်းဖြစ်တာကြောင့် HomePod သာ စျေးကွက်ထဲရောက်နေမယ်ဆိုရင် ရောင်းအားလည်း အတိုင်းအတာတစ်ခုထိ တက်နိုင်မှာပါ။ ပြိုင်ဘက်တွေဖြစ်တဲ့ Amazon ဆို မကြာသေးမီက စမတ်စပီကာမော်ဒယ်သစ် သုံးမျိုးမိတ်ဆက်ခဲ့ပြီး၊ နှစ်မျိုးက စျေးကွက်ထဲဝင်နေပြီဖြစ်ပါတယ်။ Google ဆိုလည်း တန်ဖိုးနည်း Google Home Mini နဲ့ အရည်အသွေးမြင့် Home Max တို့ကို Pixel 2 ပွဲမှာ မိတ်ဆက်ခဲ့ပြီး၊ လာမယ့် ဒီဇင်ဘာထဲ ရောင်းချသွားတော့မှာပါ။

References
Gadgets 360
About Author
Assinged Tags
Siri Gadgets Smart Home Smart Speaker HomePod Apple Speaker Apple HomePod Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed