Apple ကို ကျော်တက်ပြီး ဒုတိယမြောက်အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီဖြစ်လာတဲ့ Huawei

date_range 07 September 2017

Apple ကို ကျော်တက်ပြီး ဒုတိယမြောက်အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီဖြစ်လာတဲ့ Huawei

visibility 26620 Views

                ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီဖြစ်ဖို့ ကြိုးစားနေတဲ့ Huawei ရဲ့ အစီအစဉ်တွေကတော့ တကယ်ဖြစ်မြောက်နေပြီလို့ ပြောရမှာပါ။

                Counterpoint Research ကနေ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ July လ စမတ်ဖုန်းစျေးကွက်အစီရင်ခံစာအရ Huawei ကုမ္ပဏီဟာ သမိုင်းတစ်လျှောက်မှာ ပထမဦးဆုံးအကြိမ်အဖြစ် Apple ကို ကျော်တက်ပြီး၊ ဒုတိယမြောက်အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီနေရာကို တက်လှမ်းနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။

                Counterpoint ရဲ့ အဆိုအရ Huawei ဟာ June နဲ့ July လတို့မှာ အရောင်းသွက်ခဲ့တာကြောင့်၊ အဆိုပါနှစ်လမှာ Apple ကို ကျော်လွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ August လမှာလည်း Huawei ရောင်းအားက အားရစရာဖြစ်တာကြောင့်၊ August လမှာပါ Apple ကို ကျော်လွန်ဖွယ်ရှိတယ်လို့ သိရပါတယ်။

                ဒါပေမယ့် Apple အနေနဲ့ အခု စက်တင်ဘာလ ၁၂ ရက်နေ့ကျရင် iPhone မော်ဒယ်အသစ်ကို မိတ်ဆက်ဖို့ရှိတာကြောင့်၊ Huawei ရဲ့ အခု ရပ်တည်နေတဲ့အဆင့်က ကြာရှည်တည်မြဲဖို့တော့ မရှိလောက်ပါဘူး။ ဘာပဲပြောပြော Apple လို ဝါရင့်နည်းပညာကုမ္ပဏီကြီးတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့တာက တရုတ်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei အတွက်တော့ ဂုဏ်ယူစရာပါပဲ။

                Counterpoint ရဲ့ ကမ္ဘာ့စျေးကွက်အတွင်းစမတ်ဖုန်းရောင်းချရမှုဝေရာခိုင်နှုန်းပြ Graph ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။ Counterpoint ဘက်က ရာခိုင်နှုန်းတိတိကျကျ ထုတ်ပြန်ခဲ့ခြင်းမရှိတာကြောင့် Huawei အနေနဲ့ စျေးကွက်ဝေစုဘယ်လောက်ရထားလဲဆိုတာ တိတိကျကျမသိရှိနိုင်ပေမယ့် Graph ကို ကြည့်မယ်ဆိုရင် Huawei က ၁၃ ရာခိုင်နှုန်းနဲ့ Apple က ၁၂ ရာခိုင်နှုန်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။


                ထိပ်ဆုံးမှာတော့ Samsung က နေရာယူထားဆဲဖြစ်ပြီး၊ ကမ္ဘာ့စမတ်ဖုန်းစျေးကွက်ရဲ့ ၂၀ ရာခိုင်နှုန်းတိတိကို Samsung က အပိုင်သိမ်းထားတာ တွေ့ရပါတယ်။

“ကမ္ဘာမှာလည်း နေရာရစပြုနေပြီဖြစ်တဲ့၊ တရုတ်အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီ Huawei အတွက်တော့ တကယ့်ကို သမိုင်းမှတ်ကျောက်တစ်ခုတင်နိုင်ခဲ့ခြင်းပါ။ Network ပစ္စည်းထုတ်လုပ်သူကုမ္ပဏီတစ်ခုအနေနဲ့ ပြီးခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ မိုဘိုင်းစမတ်ဖုန်းစျေးကွက်ထဲထိပါ နေရာရယူထားနိုင်ပြီဆိုတာ ဒါက သက်သေပါပဲ”

                လို့ Counterpoint Research ရဲ့ ဒါရိုက်တာဖြစ်သူ Peter Richardson က မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။

                Huawei အနေနဲ့ ကမ္ဘာ့စျေးကွက်မှာ အခုလိုအောင်မြင်လာတာဟာ သူတို့ရဲ့ R&D ( သုတေသနနဲ့ အကောင်အထည်ဖော်ရေးကဏ္ဍ) မှာ စဉ်ဆက်မပြတ် ရင်းနှီးမြှပ်နှံခဲ့မှုအပြင်၊ အရှိန်အဟုန်ပြင်းပြင်းနဲ့ စျေးကွက်ထိုးဖောက်ရေးလုပ်ဆောင်နိုင်ခဲ့မှု၊ ရောင်းအားမြှင့်တင်နိုင်ခဲ့မှုတွေကြောင့် ဖြစ်ပါတယ်။

“ ဒါပေမယ့် Huaewi ဟာ တောင်အာရှ၊ အိန္ဒိယနဲ့ မြောက်အမေရိကစျေးကွက်တွေမှာ သိပ်မထိုးဖောက်နိုင်သေးတာကြောင့်၊ Samsung အောက်၊ ဒုတိယနေရာမှာသာ ရပ်တည်နိုင်သေးတာ ဖြစ်တယ်” 

                လို့လည်း Peter Richardson က သုံးသပ်ခဲ့ပါတယ်။

                Huawei အနေနဲ့ Apple ကို ကျော်လွန်ကာ၊ ဒုတိယမြောက်အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီအဖြစ် တက်လှမ်းနိုင်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ်၊ ဂျူလိုင်လအတွင်း တစ်ကမ္ဘာလုံးမှာ အရောင်းရဆုံးစမတ်ဖုန်းမော်ဒယ် ၁၀ မျိုးထဲမှာတော့ Huawei ဖုန်းမော်ဒယ်တစ်ခုမှ မပါဝင်နိုင်သေးတာကို အံ့အားသင့်ဖွယ်တွေ့မြင်ရပါတယ်။


                Huawei ဟာ Apple က iPhone 8 မိတ်ဆက်မယ့်အချိန်နဲ့ သိပ်မကွာခင်မှာပဲ ကုမ္ပဏီရဲ့ နောက်ဆုံး Flagship မော်ဒယ်တစ်ခုဖြစ်တဲ့ Mate 10 စမတ်ဖုန်းကို မိတ်ဆက်သွားဖို့ရှိပြီး၊ Huawei Mate 10 ဟာ iPhone 8 ထက်တောင် ပိုမိုကောင်းမွန်မှာဖြစ်တယ်လို့ Huawei ကိုယ်တိုင်က ပြောကြားထားတာလည်း တွေ့ရပါတယ်။

References
CounterPoint Android Central
About Author
Assinged Tags
Huawei Smartphones Market Share Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed