Web Browsers တွေ ပိုက်ဆံ ဘယ်လိုရှာလဲ

date_range 05 September 2017

Web Browsers တွေ ပိုက်ဆံ ဘယ်လိုရှာလဲ

visibility 14860 Views

                ကျနော်တို့ နေ့စဉ် အင်တာနက်အသုံးပြုရာမှာ Web Browsers တွေက မရှိမဖြစ်လိုအပ်တဲ့ အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ Web Browser တွေကို အသုံးပြုပြီး၊ ကိုယ်ကြည့်ရှုချင်တဲ့ Website ကို သွားကြတယ်၊ ဗီဒီယိုတွေ ကြည့်ကြတယ်။ Search Engine တွေကနေတဆင့် လိုချင်တာရှာကြတယ်။ အမျိုးမျိုးပေါ့။

                ၂၀၁၇ ခုနှစ်၊ အခု August လမှာ Browser Market Share လို့ ခေါ်တဲ့ Browser စျေးကွက်ဝေစုက StatCounter အချက်အလက်တွေအရဆိုရင် Platform အားလုံးမှာ Chrome က 54.89 % ၊ Safari က 14.88 % ၊ UC Browser က 7.43 % ၊ Firefox က 5.9 % Opera က 4 % နဲ့ IE က 3.69 % အသီးသီး ရှိပါတယ်။ ဒါက Desktop ကော ၊ Mobile/ Tablet ကော ပလက်ဖောင်းအစုံအတွက် ဖြစ်ပါတယ်။

                Desktop သီးသန့် ချည်းပဲ ကြည့်မယ်ဆိုရင်တော့ Chrome က 63.58 % ၊ Firefox က 13.72 % ၊ IE ( Internet Explorer ) က 8.61 % ၊ Safari က 5.52 % ၊ Microsoft Edge က 3.96 % နဲ့ Opera က 2.36 % အသီးသီး ရှိပါတယ်။ တခြား Browsers တွေအားလုံးပေါင်းရဲ့ ဝေစုက 2.25 % လောက်ပဲ ရှိမှာပါ။

                ပလက်ဖောင်းတိုင်းလိုလိုမှာ Google ရဲ့ Chrome Browser ကပဲ ကြီးစိုးထားပေမယ့်၊ Browser အသစ်တွေကိုလည်း ကျနော်တို့ အမြဲလိုလိုမြင်တွေ့နေရပါတယ်။ ဒါဆို ဘာလို့ လူတိုင်းက Browser တွေ လုပ်ချင်ကြတာလဲ။ Browser တွေက မြတ်ကောမြတ်လို့လား။ ဟုတ်ကဲ့ မြတ်လို့ လုပ်နေကြတာပါ။ Web Browsers တွေဟာ အောင်မြင်သွားပြီဆိုရင် ငွေအသားကုန်ဝင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုထဲမှာ ပါ,ပါတယ်။

                Mozilla လိုမျိုး Non-Profit Organization တစ်ခုကနေ Firefox ဒီလောက်ကြာကြာရပ်တည်နိုင်ဖို့အတွက် များပြားတဲ့ငွေတွေ ဘယ်ကရလဲဆိုရင် Firefox ကနေပဲ ပြန်ဝင်လာတာ ဖြစ်ပါတယ်။ ဘယ်လိုရလဲဆိုတာ ကျနော်တို့ လေ့လာကြည့်ရအောင်။

                Browser တွေ ပိုက်ဆံ ဘယ်လိုရလဲဆိုတာ မလေ့လာခင်၊ အရင်ဆုံး Browser ဘာလဲဆိုတာ မသိသေးသူတွေအတွက် ပြောပြချင်ပါတယ်။

What is a Browser?

                Browser လို့ပဲ ကျနော်တို့ အလွယ်ခေါ်နေကြတဲ့ Web Browser (ဝါ) Internet Browser ဟာ အရိုးရှင်းဆုံး ပြောရရင် အင်တာနက်အသုံးပြုဖို့အတွက် ပြုလုပ်ပေးတဲ့ Software တစ်ခုလို့ ခေါ်နိုင်ပါတယ်။ World Wide Web မှာရှိသမျှ ဗီဒီယို၊ ဓာတ်ပုံ၊ သတင်းဆောင်းပါး၊ စာအုပ်၊ Online Shopping က ပစ္စည်းတွေ စတဲ့ Content အစုံအလင်ကို ရှာဖွေကြည့်ရှဖို့အတွက် Browser ကို အသုံးပြုကြပါတယ်။ Websites တွေကို ဝင်ရောက်ကြည့်ရှုဖို့အတွက် Browser ကို အသုံးပြုကြပါတယ်။ Browser တိုင်းလိုလိုက ပိုက်ဆံပေးစရာမလိုတဲ့ Free Browser တွေ ဖြစ်ပါတယ်။ အရင်က Netscape Navigator လိုမျိုး ပိုက်ဆံပေးဝယ်ရတဲ့ Browser မျိုး လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

                ဒါဆို Browser တွေအနေနဲ့ ပိုက်ဆံဘယ်ကရလဲ ကျနော်တို့ လေ့လာကြည့်ရအောင်။ Browser တွေ များလွန်းတာကြောင့် အကုန်ပြောဖို့ အဆင်မပြေနိုင်တဲ့အတွက် သဘောတရားချင်း မတူညီတဲ့ Major Browsers တွေကိုပဲ ပြောပေးသွားမှာဖြစ်ပါတယ်။

                ကျနော်တို့ အသုံးပြုနေတဲ့ Browser တိုင်းမှာ Default Search Engine တစ်ခု ပါဝင်တာကို သတိထားမိကြမှာပါ။ Apple Safari Browser ရဲ့ Default Search Engine က Google ဖြစ်နေတာကို တွေ့ရမှာဖြစ်သလို၊ Firefox ရဲ့ Default Search Engine က နိုင်ငံတော်တော်များများမှာ Yahoo ဖြစ်နေတာကို တွေ့ရမှာပါ။ သူတို့ Browser တွေမှာ သူတို့ကိုယ်တိုင် သဘောကျတဲ့ Search Engine တစ်ခုကို Users တွေ Default တန်းသုံးနိုင်ဖို့ ထားထားပေးတယ်ထင်ပါသလား။ တကယ်တမ်းတော့ မဟုတ်ပါဘူး။ ပိုက်ဆံရလို့ပါ။

                Browser တွေဟာ Search Engine တစ်ခုခုနဲ့ စာချုပ်ချုပ်ဆိုကာ Default Search Engine အဖြစ် ထားပေးကြပါတယ်။ Opera ဆိုရင် သူ့ Default Search Engine နေရာကို အမြဲလိုလို လေလံပစ်ရွေးလေ့ ရှိပါတယ်။

                Browser တွေက Search Engines တွေကနေ ပိုက်ဆံရတာဖြစ်ပြီး၊ Search Engines တွေက Search Traffic ၊ Search Results တွေကနေ ပိုက်ဆံရပါတယ်။ Search Engine တစ်ခုမှာ ရှာဖွေမှုအကြိမ်များလေလေ အဲဒီ Search Engine အတွက် ဝင်ငွေတိုးလေလေပါ။ ဒီအတွက် သူတို့ Search Engine ကို သုံးသူ ပိုများလာစေမယ့် Browser တွေရဲ့ Default Search Engine နေရာက မျက်စိကျစရာနေရာတစ်ခုဖြစ်ပါတယ်။ ( Search Engines တွေ ပိုက်ဆံဘယ်လိုရလဲဆိုတာကို ထပ်မံရေးသားဖို့ ကြိုးစားပါ့မယ်။) 

Firefox


                Browser တွေက ပိုက်ဆံမပေးရတဲ့အထဲ၊ Mozilla Foundation လို အကျိုးအမြတ်မယူတဲ့ Foundation တစ်ခုက Firefox Browser ကို ဒီလောက်အောင်မြင်အောင် နှစ်ရှည်လများ လုပ်နိုင်ခဲ့တာက အံ့သြစရာလို့ ထင်ချင်စရာပါပဲ။ 

                Mozilla ကနေ ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလမှာ Firefox Browser ကို စတင်မိတ်ဆက်ထုတ်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ Microsoft ရဲ့ Internet Browser က ကြီးစိုးနေချိန်ဖြစ်ပေမယ့်၊ Firefox ဟာ ငါးနှစ်အတွင်းမှာ IE ကို ကျော်ဖြတ်ပြီး၊ ၂၀၀၉ ခုနှစ်အရောက်မှာတော့ လူသုံးအများဆုံး Browser အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

                Mozilla Foundation က အခွန်ကောက်မခံရတဲ့ Non-Profit Organization တစ်ခုဖြစ်ပေမယ့်၊ သူ့လက်အောက်က Mozilla Corporation ကတော့ အခွန်ပေးရတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ Firefox Browser တို့၊ Mozilla Thunderbird Email Client တို့၊ အခု ရပ်ဆိုင်းသွားပြီဖြစ်တဲ့ Firefox OS တို့ အကုန်လုံးက Mozilla Corporation ကြီးရဲ့ Product တွေ ဖြစ်ပါတယ်။

                ၂၀၁၁ ခုနှစ်မှာ Mozilla Corporation ရဲ့ ဝင်ငွေ ကန်ဒေါ်လာ ၁၀၄ သန်းမှာ ပျှမ်းမျှ ၉၇ ရာခိုင်နှုန်းလောက်က Firefox Browser ရဲ့ Search Box ကနေ ရတာဖြစ်ပါတယ်။ Firefox Search Box ကနေ ဝင်တဲ့ ဝင်ငွေ အားလုံးပေါင်းရဲ့ ၈၆ ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ ၈၅ သန်းက Google ကနေ ရရှိတာဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ Mozilla ဟာ Firefox ကနေ ဝင်ငွေ ဒေါ်လာ ၃၁၄ သန်းအထိ ရရှိခဲ့ပြီး၊ ၉၇ ရာခိုင်နှုန်းက Search Providers တွေကနေ ဖြစ်ပါတယ်။ ဒီ ၃၁၄ သန်းထဲကမှ ဒေါ်လာ ၂၇၅ သန်းက Default Search Engine ဖြစ်တဲ့ Google ကနေ ရတာဖြစ်တယ်လို့ Mozilla ရဲ့  ၂၀၁၃ ခုနှစ် အစီရင်ခံစာတစ်ခုမှာ တွေ့ရပါတယ်။ ။ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ Firefox ရဲ့ အဓိကဝင်ငွေတွေအားလုံးက  ပြိုင်ဘက် Chrome Browser ဖန်တီးရှင် Google ကနေ ရခဲ့တာပါ။

                ၂၀၁၁ ခုနှစ်မှာ Google နဲ့ Firefox တို့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး၊ အဆိုပါအချိန်မှာ Google ကလည်း သူ့ Chrome Browser ထွက်နေပြီဆိုတော့၊ တော်တော်များများက Firefox နဲ့ Google တို့ စာချုပ်သစ်မချုပ်တော့ဘူးလို့ ထင်ခဲ့ကြပါတယ်။။ ဒါပေမယ့် Google ဟာ Firefox ကို အရင်စာချူပ်ကြေးတွေထက် သုံးဆပိုပေးပြီး၊ သုံးနှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ အဲဒီ သုံးနှစ်တာကာလအတွင်းမှာ Firefox ရဲ့ Default Search Engine အဖြစ် Google ဆက်ရှိနေဖို့အတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၃၀၀ နဲ့ စုစုပေါင်း တစ်ဘီလီယံနီးပါး ပေးအပ်ဖို့ Google ဘက်က သဘောတူညီခဲ့တာကို ကြည့်မယ်ဆိုရင်၊ Browser တွေရဲ့ အခန်းကဏ္ဍက တော်တော်အရေးပါတာကို တွေ့ရမှာပါ။ 

                ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှာတော့ Firefox ဟာ ကာလရှည်လက်တွဲခဲ့တဲ့ Google ကို ငြင်းပယ်ကာ၊ Yahoo! နဲ့ ငါးနှစ်စာချုပ်ချုပ်အသစ် ချုပ်ဆိုလိုက်ပြီး၊ US အပါအဝင် မြောက်အမေရိကနိုင်ငံတွေမှာ Yahoo ကို Firefox Default Search Engine အဖြစ် ပြောင်းထားခဲ့ပါတယ်။ ဒီ့အပြင် Firefox ဟာ တရုတ်နိုင်ငံမှာ  Baidu Search Engine နဲ့ စာချုပ်ချုပ်ဆိုခဲ့သလို၊ ရုရှားမှာဆိုရင် Yandex နဲ့ စာချုပ်ချုပ်ဆိုခဲ့တာကြောင့် အဆိုပါနိုင်ငံတွေကနေ Firefox ကို Download ပြုလုပ်မယ်ဆိုရင် Default Search Engine က Yandex နဲ့ Baidu တို့ ဖြစ်နေမှာပါ။ Firefox အနေနဲ့ Google ငွေကို မှုစရာမလိုပဲ၊ Browser တစ်ခုအနေနဲ့ အေးဆေးရပ်တည်နိုင်ကြောင်း သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။

                Firefox ရဲ့ အဓိကဝင်ငွေက Search Engine စာချုပ်တွေကနေ ဖြစ်တယ်ဆိုပေမယ့်၊ Donations တွေနဲ့ Sponsored New Tab Tiles လို့ခေါ်တဲ့ Firefox မှာ New Tab ဖွင့်လိုက်ရင် မြင်ရတဲ့ Websites အကွက်လေးတွေကနေလည်း ရပါသေးတယ်။

Safari


                Apple ရဲ့ Safari Browser ဝင်ငွေရပုံကလည်း Firefox နည်းအတူပါပဲ။ Google ဟာ iOS ရဲ့ Default Search Engine နေရာအတွက် တစ်နှစ်ကို ဒေါ်လာ ၃ ဘီလီယံလောက် ပေးနေရတယ်လို့ သတင်းတွေအရ သိရှိရပါတယ်။ ဒါက iOS အတွက်ပဲ ရှိသေးပုံပေါ်ပါတယ်။ macOS မှာကော ဘယ်လောက်ထပ်ပေးရသလဲ မသိပါဘူး။

Google Chrome


                Google ကိုယ်တိုင်က သူ့ Services တွေအတွက် ဘယ်လောက်အသုံးစရိတ်ရှိတယ်၊ ဘယ်လောက်ဝင်တယ်ဆိုတာ တိတိကျကျထုတ်ပြန်လေ့မရှိတော့ Chrome ကနေ ပိုက်ဆံဘယ်လောက်ရလဲဆိုတာကတော့  သိဖို့ မလွယ်ပါဘူး။ 

                Google ကတော့ Chrome Browser ဟာ “ မထင်မှတ်ထားလောက်အောင် အမြတ်ရတဲ့ Product” တစ်ခုလို့ သမုတ်ထားတာကြည့်ရင် Chrome ရဲ့ အမြတ်ဝင်ငွေက နည်းမှာမဟုတ်ပါဘူး။

                ဒါပေမယ့် Mozilla Firefox ဖြစ်စဉ်အတိုင်း တွေးမယ်ဆိုရင် Chrome ကရတဲ့ ဝင်ငွေက သူ့ကုမ္ပဏီဖြစ်တဲ့ Google ကနေပဲ ပြန်ရတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Chrome ဟာ Google အနေနဲ့ တခြား Browser မှာ ကြော်ငြာခသွားပေးစရာမလိုအောင် ခြွေတာပေးနေတဲ့ Product တစ်ခု ဖြစ်ပါတယ်။ တနည်းအားဖြင့် Google Search ကနေ ပိုက်ဆံအလုံးအရင်းပြန်ရအောင် လုပ်ပေးနေတဲ့ Product တစ်ခုပါ။

                Google Chrome ရဲ့ နောက်ထပ်အကျိုးအမြတ်တွေကတော့ Google ရဲ့ တခြား Services တွေဖြစ်ပါတယ်။ စစ်တမ်းတွေအရ Google Chrome အသုံးပြုသူအများစုဟာ Google ရဲ့ တခြား သက်ဆိုင်တဲ့ Services တွေ ဖြစ်တဲ့ Gmail, Google Apps, Google Docs စတာတွေ အသုံးပြုကြပါတယ်။ Google Products တွေကလည်း တစ်ခုနဲ့တစ်ခု တော်တော်လေးဆက်စပ်နေတာကြောင့် ဒီလိုနဲ့ Google Product တစ်ခု စသုံးလိုက်ပြီဆိုရင် နောက်ထပ် တစ်ခုပြီးတစ်ခု သုံးဖြစ်သွားပါတယ်။ ဥပမာ - Gmail ရှိရင် Google Docs ကနေ Documents တွေလုပ်၊ ပြီးရင်ရောက်ရာနေရာကနေ Cloud Print သုံးဖို့အတွက် Google Cloud Print သုံး၊ Print ထုတ်ဖို့အတွက် Chrome Browser စသဖြင့် Google Apps တွေက ဘယ်နေရာမှ ပြေးမလွတ်ပါဘူး။ Google ကလည်း သူ့ရဲ့ Products တွေ လူသုံးများလာ လေလေ၊ Page Views တွေ ပိုတက်လာလေပါပဲ။ ဒီအခါ ကြော်ငြာခတွေ ပိုရ၊ ပိုက်ဆံတွေ ပိုဝင်လာလေပါပဲ။  

                Chrome Browser ကနေ နောက်ထပ်အကျိုးဖြစ်တာကတော့ Google ရဲ့ AdSense Program အတွက်ပါ။ AdSense Program ဟာ Chrome ကနေ User တွေရဲ့ Data ကို ကောက်ယူပြီး၊ သူ့ Program ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပါတယ်။ User ဒေတာတွေ များများရတာနဲ့ ဒီလူတွေရဲ့ အကြိုက်ကို ပိုသိရပြီး၊ သူတို့ ကြိုက်မယ့် Product Ads တွေကို ပြနိုင်လေလေပါပဲ။ Facebook Ads တွေနဲ့ သဘောတရားချင်း ဆင်ပါတယ်။ AdSense ရဲ့ ကြော်ငြာစျေးနှုန်းတွေက Facebook ထက်တောင် ပိုမြင့်သေးတာကြောင့်၊ Google ဘယ်လောက် ဝင်မလဲဆိုတာ စဉ်းစားသာကြည့်ပါတော့။

AdBlock Plus


                ဒါဆို AdBlock Plus Browser လိုမျိုး ကြော်ငြာပိတ်တဲ့ Browser တွေအနေနဲ့ကော ပိုက်ဆံဘယ်ကရလဲ စဉ်းစားစရာပါ။ ဟုတ်ကဲ့၊ စေတနာရှင်တွေရဲ့ လှူဒါန်းမှု Donations တွေကနေ ရန်ပုံငွေ ရပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ ဒီ Donations တွေက ပမွှားပါ။ တကယ်အလုံးအရင်းဝင်ငွေကတော့ ကြော်ငြာတွေကပဲ ပြန်ရတာဖြစ်ပါတယ်။

                AdBlock Plus ကနေ တရားဝင်ထုတ်ပြန်ချက်အရ သူတို့မှာ “Acceptable Ads” List ဆိုပြီး ရှိပါတယ်။ ပြောရရင် သူတို့မှာ ပြခွင့်ပေးထားတဲ့ကြော်ငြာစာရင်းပေါ့။ ဒီစာရင်းထဲ ပါဖို့အတွက် စည်းကမ်းချက်တွေ ထုတ်ထားပါတယ်။ အဓိက စည်းကမ်းချက်က User ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကြော်ငြာမျိုး (Annoying Ads) တွေ မဖြစ်ရပါဘူး။ စသဖြင့် စည်းကမ်းချက်တွေညီရင် Acceptable Ads List ထဲ ပါမယ်ပေါ့။ ဒါပေမယ့် စည်းကမ်းချက်တွေနဲ့တင် မဟုတ်ပါဘူး။

                AdBlock ဟာ ဒီစာရင်းထဲပါချင်တဲ့ ကုမ္ပဏီတွေကို ပိုက်ဆံလည်း ကောက်ပါတယ်။ Affiliated Marketing အရ ကြော်ငြာဘယ်လောက်မြင်ရင် ဘယ်လောက်ရာခိုင်နှုန်းနဲ့ ပြန်ရမယ်ဆိုတာမျိုး ရှိသလို၊ စျေးတခါတည်းသတ်မှတ်ထားတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် AdBlock Plus ရဲ့ ပြောကြားချက်အရတော့ ဒီ စာရင်းထဲမှာ ပါပြီးသား ကုမ္ပဏီ ၉၀ ရာခိုင်နှုန်းလောက်က ပိုက်ဆံမပေးရဘူးလို့ ဆိုပါတယ်။ “Acceptable Ads Program” အတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာနိုင်ဖို့ပဲ လိုပါတယ်တဲ့။ 

                လူတော်တော်များများကတော့ AdBlock Plus ရဲ့ လုပ်ရပ်ကို မနှစ်ခြိုက်ကြပါဘူး။ ဒါဟာ ဆက်ကြေးတောင်းသလိုလုပ်ရပ်လို့ ဆိုကြပါတယ်။ AdBlock Plus ကလည်း သူတို့ဘယ်လောက်ဝင်တယ်ဆိုတာ တရားဝင်ကြေငြာတာမျိုး မရှိတော့ ဒီဝေဖန်မှုတွေက တွေးစရာဖြစ်လာပါတယ်။ စဉ်းစားကြည့်လေ။ သူတို့ က စုစုပေါင်း ဒေါ်လာဘီလီယံတန်ကြေးရှိတဲ့ ကြော်ငြာတွေကို ပိတ်ထားတာ၊ ဒီအချက်ကြောင့်လည်း လူတွေက သူတို့ Browser ကို စိတ်ဝင်စားပြီး သုံးနေကြတာ။ ဒီအခါ Acceptable Ads List ထဲပါတဲ့ ကြော်ငြာတွေရဲ့ တန်ကြေးက သာမန်စျေးထက်တောင် ပိုမြင့်နေနိုင်ပါသေးတယ်။ 

References
Investopedia Economy Secrets Extreme Tech
About Author
Assinged Tags
Google Chrome Chrome Browser Monetization Mozilla Advertising AdBlock Plus Mozilla Foundation Mozilla Corporation Revenue Income Browsers
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed