ဘာဖြစ်လို့ Web Browser တွေကို Update မှန်မှန်လုပ်ပေးသင့်တာလဲ?

date_range 08 May 2017

ဘာဖြစ်လို့ Web Browser တွေကို Update မှန်မှန်လုပ်ပေးသင့်တာလဲ?

visibility 10150 Views

                ဒီဆောင်းပါးလေးကို ရေးရတာ အကြောင်းရှိပါတယ်။ မြန်မာနိုင်ငံက အင်တာနက်အသုံးပြုသူတွေအနေနဲ့ Web Browser တွေကို Update မှန်မှန်မလုပ်ရင် ဘယ်လိုဆိုးကျိုးတွေရှိလာမလဲ သိရှိအောင်လို့ပါ။ ဘယ်လိုဆိုးကျိုးတွေရှိမလဲဆိုတာကို အရင်မပြောခင် Web Browser ဆိုတာ ဘာကြီးလဲ အရင်ကြည့်လိုက်ရအောင်...

Web Browser ဆိုတာဘာလဲ?

                Web Browser ကို အင်တာနက်အသုံးပြုနေသူ အများစုအနေနဲ့ Browser လို့ပဲ သိကြပါလိမ့်မယ်။ Web Browser ဆိုတာ World Wide Web ထဲမှာရှိနေတဲ့ သတင်းအချက်အလက်တွေအကုန်လုံးကို Internet ရဲ့အကူအညီနဲ့ သွားယူမယ်၊ သတင်းအချက်အလက်တွေရှိနေတဲ့နေရာက မှန်ကန်မှုရှိရဲ့လားဆိုတာကို URL နဲ့ ခွဲခြားမယ်၊ URL မှန်ကန်တယ်ဆိုရင် HTTP ကိုသုံးပြီး သက်ဆိုင်ရာ Web Server ကို Request လှမ်းလုပ်မယ်၊ Web Server က ပြသဖို့အတည်ပြုပြီးရင် သတင်းအချက်အလက်ရှာဖွေသူကို ပြသပေးနိုင်တဲ့ Software ဒါမှမဟုတ် App ဖြစ်ပါတယ်။

World Wide Web ဆိုတာဘာလဲ?

                World Wide Web ကို အတိုကောက်အနေနဲ့ WWW လို့ခေါ်ပြီး နောက်တစ်မျိုးအနေနဲ့ The Web ဒါမှမဟုတ် Web လို့လည်း ခေါ်ပါတယ်။ Web ဟာ သတင်းအချက်အလက်နည်းပညာ (Information Technology) ခေတ်ကြီးထဲမှာ အရေးအကြီးအဆုံးဖြစ်တဲ့ သတင်းအချက်အလက်တွေကို စုစည်းပေးထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 

                ဒီနေရာမှာ တစ်ခုပြောချင်တာက World Wide Web နဲ့ Internet က မတူပါဘူး။ တခြားစီပါပဲ။ အဲ့တော့ WWW နဲ့ Internet ဘာများ ကွာခြားမှုရှိလဲ ကြည့်လိုက်ရအောင်...

Internet ဆိုတာဘာလဲ?

                Internet ဆိုတာက ကမ္ဘာတစ်ဝန်းလုံးမှာ နေထိုင်ကြတဲ့သူတွေ အချိန်တိုအတွင်း ဆက်သွယ်လို့ရအောင်၊ သတင်းအချက်အလက်တွေ မျှဝေလို့ရအောင် ပြုလုပ်ပေးနေတဲ့ Device Network ကြီးတစ်ခု ဖြစ်ပါတယ်။ ဒီ Network ကြီးထဲမှာရှိနေတဲ့ Device တွေအကုန်လုံးကို ချိတ်ဆက်ပေးဖို့အတွက် TCP/IP (Transmission Control Protocol and Internet Protocol) ကို အသုံးပြုပါတယ်။ 

                World Wide Web ကြီးထဲမှာ သတင်းအချက်အလက်တွေ ဘယ်လောက်ပဲရှိနေနေ၊ Internet မရှိရင်တော့ WWW ထဲက သတင်းအချက်အလက်တွေကို ခေါ်ယူကြည့်ရှုလို့ရမှာ မဟုတ်ပါဘူး။ ပြောရရင် Internet က Hardware Devices တွေကို ချိတ်ဆက်ပေးထားတဲ့ Network ဖြစ်ပြီး၊ ကျနော်တို့ User တွေက အဆိုပါ Network ကို အသုံးပြုကာ World Wide Web ထဲက သတင်းအချက်အလက်တွေကို Web Browser နဲ့ ရှာဖွေဖတ်ရှုရတာဖြစ်ပါတယ်။


URL ဆိုတာဘာလဲ?

                URI သို့မဟုတ် URL (Uniform Resource Identifier) ဆိုတာ ရှင်းအောင်ပြောရမယ်ဆိုရင် Website လိပ်စာပေါ့။ ဥပမာအနေနဲ့ www.google.com , www.techx.com.mm , www.facebook.com စသည်ဖြင့်ပေါ့။ မိမိဝင်ရောက်လိုက်တဲ့ Website တစ်ခုရဲ့လိပ်စာကို သိရှိချင်တယ်ဆိုရင် Browser တိုင်းရဲ့ အပေါ်ဆုံးမှာရှိတဲ့ Address Bar မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

HTTP ဆိုတာဘာလဲ?

                HTTP ဟာ Application Protocol တစ်ခုဖြစ်ပြီး အရှည်ကောက်အနေနဲ့ Hypertext Transfer Protocol လို့ ခေါ်ပြီး World Wide Web အတွက် သတင်းအချက်အလက်ဆက်သွယ်ရေး အုတ်မြစ်တစ်ခု ဖြစ်ပါတယ်။

                သတင်းအချက်အလက်ရှာဖွေသူဟာ URL တစ်ခုကို Browser ကနေခေါ်လိုက်ပြီဆိုရင် ခေါ်လိုက်တဲ့ URL ရှိနေတဲ့ Computer တစ်လုံး ဒါမှမဟုတ် Web Server တစ်ခုထဲမှာ သိုလှောင်ထားတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေသူကို ပြသပေးနိုင်ဖို့အတွက် HTTP ကိုအသုံးပြုကာ ပြသခွင့်တောင်းရပါတယ်။

                သက်ဆိုင်ရာ Server က ပြသခွင့်ပြုလိုက်ပြီဆိုရင်တော့ Browser က မိမိခေါ်လိုက်တဲ့ URL မှာရှိနေတဲ့ သတင်းအချက်အလက်တွေကို ပြသနိုင်ပြီ ဖြစ်ပါတယ်။

                Web Browser ဆိုတာလည်း သိပြီ၊ Browser ဘယ်လိုအလုပ်လုပ်လဲဆိုတာလည်း သိပြီဆိုတော့ Browser ကို Update မှန်မှန်မလုပ်ရင် မိမိအတွက် ဘယ်လိုဆိုးကျိုးတွေရှိမလဲ ကြည့်လိုက်ရအောင်...

မိမိ Data များ လုံခြုံမှုမရှိတော့ခြင်း

                နည်းပညာတိုးတက်လာတာနဲ့အမျှ မသမာတဲ့နည်းလမ်းတွေနဲ့ ငွေရှာချင်သူတွေလည်း ပေါလာပါတယ်။ မိမိက Facebook လောက်ပဲ သုံးတယ်ဆိုရင်တောင်မှ ကိုယ့်ရဲ့ Data နဲ့ Privacy ကို အလေးထားသင့်တယ်လို့ အကြံပြုပါတယ်။

                Browser တွေအနေနဲ့ Update ထွက်ချင်လို့ ထွက်နေကြတာမဟုတ်ပါဘူး။ Browser တွေကို ရေးသားထားတဲ့ နည်းပညာကုမ္ပဏီကြီးတွေမှာ အသုံးပြုနေကြတဲ့ Browser ရဲ့ Security ပိုင်းကို တိုက်ခိုက်နေတဲ့ Adware တွေ၊ Malware တွေအပြင်၊ အခြား Security Threats တွေကို အချိန်ပြည့် လေ့လာစောင့်ကြည့်နေတဲ့ Security Team တွေ ရှိပါတယ်။

                ဒီ Security Team တွေဟာ အချိန်မရွေးထိုးဖောက် တိုက်ခိုက်နေတဲ့ Security Threats တွေကို အချိန်ပြည့် စောင့်ကြည့်နေကြပြီး ထိုးဖောက်ခြင်းခံနေရပြီဆိုရင်လည်း အချိန်မီတားဆီးနိုင်မယ့် Security Update တွေကို ထုတ်ပေးရပါတယ်။

                အကယ်လို့ Browser ကို Update မှန်မှန် မလုပ်ဘူးဆိုရင်တော့ မိမိ Data တွေဟာ လုံခြုံမှုမရှိတော့ဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အသစ်အသစ်ထွက်ရှိလာတဲ့ Security Threats တွေကို တားဆီးထားနိုင်မယ့် Security Fix တွေ မိမိ Browser ထဲမှာ ရှိမနေလို့ ဖြစ်ပါတယ်။

တစ်ချို့ Website များကို မှန်မှန်ကန်ကန် မပြသနိုင်တော့ခြင်း

                Website တွေကို ရေးသားလို့ရတဲ့ Programming Language တွေကလည်း ဒီအတိုင်းမနေပါဘူး။ အမြဲတမ်း Update ရှိပါတယ်။ Update မလုပ်ထားတဲ့ Browser ဟာ Update လုပ်ထားတဲ့ Programming Language တွေနဲ့ ရေးသားထားတဲ့ Website တွေကို မှန်မှန်ကန်ကန် မပြသနိုင်တော့ပါဘူး။

                Website ရေးသားသူတွေအနေနဲ့ မိမိရေးသားထားတဲ့ Website ကို Browser အဟောင်းတွေမှာလည်း အဆင်ပြေအောင် ရေးသားပေးဖို့မလွယ်ပါဘူး။ Browser အဟောင်းတွေအတွက် အရမ်းကြီးထည့်တွက်ပြန်ရင်လည်း Developer တွေအနေနဲ့ Website တစ်ခု ဖြစ်မြောက်လာတော့မှာ မဟုတ်ပါဘူး။

                နောက်ပြီး Developer တွေအနေနဲ့ Browser အဟောင်းတွေမှာ ကိုယ်ရေးသားထားတဲ့ Website က အဆင်ပြေပါ့မလားဆိုတာကို ကြည့်ရှုဖို့အတွက် Simulator တွေဘာတွေကလည်း ရှိတယ်ဆိုပေမယ့်၊ ရှာဖို့ကလည်းခက်တဲ့အပြင်၊ Simulator နဲ့ကျအဆင်ပြေပြီး တကယ် Server ပေါ်တင်လိုက်တော့မှ တလွဲတွေကြီး ဖြစ်ကုန်တာကြောင့် Browser အဟောင်းတွေအတွက် Coding သက်သက် မရေးကြတော့ပါဘူး။

                CSS Frameworks တွေ၊ Javascript Frameworks တွေ၊ Plugins တွေကလည်း အငြိမ်မနေပါဘူး။ Website ရေးသားလို့ရတဲ့ Programming Language တွေမှာ Update ရှိလာရင် သူတို့တွေလည်း Update ရှိလာမှာ ဖြစ်ပါတယ်။ ဒီ Frameworks တွေ Plugins တွေကလည်း Browser အဟောင်းကိုပဲ ဦးစားပေးမှာ မဟုတ်ပါဘူး။

Website က ပေးနိုင်တဲ့ Function တစ်ချို့ အလုပ်မလုပ်တော့ခြင်း

                CSS3 နဲ့ HTML5 ဟာ Developer တွေကို သက်သက်သာသာနဲ့ အလုပ်မြန်မြန်ပြီးအောင် လုပ်ပေးနိုင်ပါတယ်။ Javacsript နဲ့ အရှည်ကြီးရေးသားရမယ့် Animation တွေကို CSS3 နဲ့ သက်သက်သာသာ ရေးသားလို့ရပါတယ်။ Flash နဲ့အချိန်အကြာကြီး လုပ်ရမယ့် Animation တွေကို CSS3 နဲ့ အချိန်တိုအတွင်း လုပ်လို့ရမယ်။ အဲ့တော့ CSS3 Support မပေးတဲ့ Browser မှာဆိုရင် CSS3 Animation တွေကို မမြင်ရတော့ပါဘူး။

                နောက်ပြီး Responsive Website တွေဆိုရင်လည်း Responsive မဖြစ်တော့ပါဘူး။ Responsive ဖြစ်တဲ့ Website ဆိုတာ Mobile, Tablet, Laptop, Desktop, TV ဘာနဲ့ပဲကြည့်ကြည့်၊ အဆင်ပြေပြေကြည့်လို့ရတဲ့ Website အမျိုးအစားဖြစ်ပါတယ်။ Browser အဟောင်းက Responsive Website တွေကို သေသေချာချာ မပြသနိုင်ပါဘူး။ ပြသနိုင်ခဲ့တယ်ဆိုရင်တောင် မှန်ကန်မှုရှိမှာ မဟုတ်ပါဘူး။

နှေးကွေးခြင်း

                Website တစ်ခုကို မှန်ကန်စွာ ပြသပေးနိုင်ဖို့အတွက် စက္ကန့်အတွင်းမှာ Browser လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေအများကြီးရှိပါတယ်။ Browser ရေးသားတဲ့ နည်းပညာကုမ္ပဏီကြီးတွေဟာ Browser ရဲ့ Security ပိုင်းတင်မကပဲ၊ Browser က လျှင်လျှင်မြန်မြန် တွက်ချက်နိုင်အောင်လည်း ပြုပြင်ကြရပါတယ်။

                Website တစ်ခု မြန်မြန်တက်လား၊ မတက်လားဆိုတာက Internet Connection နဲ့တင် သက်ဆိုင်တာမဟုတ်ပဲ၊ Browser က လျှင်လျှင်မြန်မြန် တွက်ချက်နိုင်ရဲ့လားဆိုတာနဲ့လည်း သက်ဆိုင်ပါသေးတယ်။ ဒီတော့၊ Internet Connection Speed အတူတူမှာပဲ Browser အဟောင်းနဲ့ အသစ် Website တစ်ခုကို ပြိုင်ခေါ်ကြမယ်ဆိုရင် Browser အဟောင်းက ရှုံးမှာအသေအချာပါပဲ။

                အပေါ်ကအချက်လေးချက်က Browser ကို မှန်မှန်လေး Update မလုပ်ရင် ဘာတွေဖြစ်လာမလဲဆိုတာတွေပေါ့။ ဒီအချက်တွေကို လိုက်နာပြီး Browser ကို Update မှန်မှန် လုပ်ပေးရုံနဲ့တင် မလုံလောက်ပါဘူး။ ဘယ် Browser တွေကို သုံးရမလဲဆိုတာကလည်း အရေးကြီးပါတယ်။ အဲ့တော့ ဘယ် Browser တွေကို သုံးသင့်လည်း၊ ဘယ် Browser တွေကိုတော့ မသုံးသင့်ဘူးလည်း ဆက်ကြည့်လိုက်ရအောင်...

ဘယ် Browser တွေကို မသုံးသင့်ဘူးလဲ?

                Facebook App မှာထည့်ပေးထားတဲ့ In-App Browser ကို လုံးဝမသုံးသင့်ပါဘူး။ Facebook က In-App Browser ထည့်ပေးထားတယ်ဆိုတာ စေတနာနဲ့တော့ မဟုတ်ပါဘူး။ Facebook သုံးနေတဲ့လူ Facebook App ထဲကနေ အပြင်ကိုထွက်မသွားအောင် In-App Browser ထည့်ပေးထားတာပါ။ 

                Security ပိုင်းလဲစိတ်မချရတဲ့အပြင်၊ နှေးလည်းနှေးပါတယ်။ Android သမားတွေအတွက်ကတော့ Facebook App သုံးနေရင်း Link တစ်ခုတွေ့လို နှိပ်လိုက်ရင် In-App Browser နဲ့မပွင့်ပဲ အခြား Major Browser မှာ သွားပွင့်အောင် လုပ်လို့ရပေမယ့် iOS သမားတွေကတော့ လုပ်လို့မရပါဘူး။ 

                Samsung Browser, Mi Browser, Vivo Browser စတဲ့ Smartphone ထုတ်လုပ်သူတွေထည့်ပေးထားတဲ့ Browser တွေကိုလည်း အဓိကထား မသုံးသင့်ပါဘူး။ နောက်ပြီး App Store တွေမှာ ရှိတဲ့ ကောင်းပါတယ်လို့ ကြေငြာထားတဲ့ Browser တွေ လုံးဝမသုံးပါနဲ့။ ကြေငြာတာပဲရှိတာပါ။ တကယ်တမ်းကျတော့ ဒီ Browser တွေအကုန်လုံး လုံခြုံမှုမရှိတဲ့အပြင် Update လည်း မှန်မှန်မပေးနိုင်ပါဘူး။

                ဥပမာအနေနဲ့၊ ကျနော်တို့ TechX Website အတွက် Unicode Font ကိုပဲ အသုံးပြုထားတာကြောင့် Zawgyi Font အသုံးပြုသူတွေလည်း အဆင်ပြေအောင် Unicode Font ကို Embed လုပ်ပေးထားပါတယ်။ Font Embed လုပ်ထားတာကြောင့် Zawgyi အသုံးပြုသူတွေလည်း မိမိစက်ထဲမှာ Unicode Font မရှိရင်တောင်မှ Unicode Font နဲ့ ဖတ်ရှုလို့ရမှာ ဖြစ်ပါတယ်။

                ဒါပေမယ့် ခက်သွားတာက တစ်ချို့ဝင်ရောက်ကြည့်ရှုသူတွေအနေနဲ့ Facebook App မှာပါတဲ့ In-App Browser နဲ့ပဲကြည့်ရှုကြတာကတစ်ကြောင်း၊ Major Browser တွေဖြစ်တဲ့ Chrome, Safari, Firefox, Edge တို့မသုံးပဲ တခြား Browser တွေသုံးကြတာက တစ်ကြောင်း၊ ကိုယ်အသုံးပြုနေတဲ့ Browser က Update မဖြစ်တာကတစ်ကြောင်း၊ စတာတွေကြောင့် Unicode Font ကို မမြင်ရတာပဲ ဖြစ်ပါတယ်။

ဘယ် Browser တွေကို သုံးသင့်လည်း?

                Major Browser တွေဖြစ်တဲ့ Chrome, Safari, Firefox, Edge တို့ကိုပဲ သုံးပါ။ ဒီ Browser လေးခုဟာ Major Browser တွေဖြစ်တဲ့အပြင် Security ပိုင်းလည်း လုံခြုံတဲ့ Browser တွေဖြစ်ပါတယ်။ 

                ဘာလို့လုံခြုံတာလည်းလို့ ပြောနိုင်တာလည်းဆိုရင် ဒီ Browser တွေကို ရေးသားတဲ့ နည်းပညာကုမ္ပဏီအသီးသီးမှာ နေ့စဉ်ထိုးဖောက်ဖို့ကြိုးစားနေတဲ့ Security Threats တွေကို စောင့်ကြည့်နေတဲ့ Security Team တွေရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

နိဂုံး

                မြန်မာနိုင်ငံမှာက အင်တာနက်အသုံးပြုသူတွေအနေနဲ့ Mobile Internet ကိုပဲ အားကိုးနေရတဲ့ အချိန်ဖြစ်တာကလည်း Browser တွေကို Update မလုပ်ကြတဲ့အချက်ထဲမှာပါပါတယ်။ နောက်ပြီး App တွေကလည်း Update ထွက်ပြီဆိုရင် 20MB လောက်ကအနည်းဆုံးဆိုတော့ ဒေါင်းလိုက်ပြီဆိုရင် ရှိသမျှဖုန်းဘေလ်အကုန်ပြောင်ဆိုတော့ ဘယ်သူမှ Update မလုပ်ကြတော့ပါဘူး။

                Android သမားတွေအတွက်ကတော့ တစ်ယောက်ကဒေါင်းပြီး တခြား Android သမားကို မျှဝေနိုင်တယ်ဆိုပေမယ့် iOS သမားတွေကတော့ ကြေကွဲပါပဲ။ iOS မှာ App တွေက Apple ID မတူရင် မျှဝေလို့မရတာကြောင့် iOS သမားတွေအနေနဲ့ App ကို Update လုပ်ဖို့မပြောနဲ့၊ OS တောင် Update မလုပ်ကြတော့ပါဘူး။

                Browser တွေကို မှန်မှန် Update လုပ်ပေးသင့်တယ်ဆိုတာကလည်း ထွက်သမျှ Update တိုင်းကို ဒေါင်းစရာတော့မလိုပါဘူး။ တစ်လတစ်ခါလောက်လေး Browser ကို Update လုပ်ပေးမယ်ဆိုရင် အဆင်ပြေသွားပါပြီ။ 

                နောက်ဆုံးအချက်အနေနဲ့ Major Browser တွေဖြစ်တဲ့ Chrome, Safari, Firefox, Edge တို့ကိုပဲ သုံးပါလို့ အကြံပြုချင်ပါတယ်။

References
TechX Features
About Author
Assinged Tags
Safari Chrome Edge Browser Firefox
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed