Windows 10 S ရဲ့ မကောင်းတဲ့ အချက်များ

date_range 03 May 2017

Windows 10 S ရဲ့ မကောင်းတဲ့ အချက်များ

visibility 3840 Views

Windows 10 S ဆိုတာဘာလဲ?

                Windows 10 S ဆိုတာ Operating System အသစ်တော့ မဟုတ်ပါဘူး။ Microsoft အနေနဲ့ အမေရိကန်နိုင်ငံက စာသင်ခန်းတွေအတွက် ဈေးကွက်မှာ Chrome OS ကို မယှဉ်ပြိုင်နိုင်တာကြောင့် Chrome OS ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီး စာသင်ခန်းတွေမှာလည်း အသုံးပြုရတာအဆင်ပြေနိုင်မယ့် Operating System သစ်တစ်ခုကို ပြုလုပ်ခဲ့တာပါ။

                OS အသစ်ဆိုပေမယ့်လည်း Microsoft အနေနဲ့ OS တစ်ခုလုံးကို အစ၊ အဆုံး ပြန်ပြီးရေးသားခဲ့တာတော့ မဟုတ်ပါဘူး။ အခုလက်ရှိ လူသုံးများနေဆဲဖြစ်တဲ့ Windows 10 ကိုပဲ​ ပြန်လည်ပြုပြင်မွန်းမံပြီး စာသင်ခန်းတွေမှာအသုံးပြုရတာအဆင်ပြေအောင် လုပ်ခဲ့တာပဲဖြစ်ပါတယ်။

                Windows 10 S က Chrome OS ကို ယှဉ်ဖို့အတွက် စာသင်ခန်းတွေမှာ အသုံးပြုလို့အဆင်ပြေရုံအတွက်ပဲ ထုတ်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ Windows 10 S ကို အခြား Low-End Hardware တွေမှာလည်း Run လို့ ရမှာ ဖြစ်ပါတယ်။

ဘယ်နေ့က မိတ်ဆက်ခဲ့တာလဲ?

                နည်းပညာကျွမ်းကျင်သူတွေ၊ Microsoft ကျွမ်းကျင်သူတွေအနေနဲ့ Microsoft ဘက်က Chromebook နဲ့ Chrome OS ကို ယှဉ်ပြိုင်ဖို့အတွက် ပြန်လည်မွန်းမံထားတဲ့ OS အသစ်ကို မိတ်ဆက်သွားဖွယ်ရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ် (အပြည့်အစုံကို ဒီမှာ ဖတ်ရှုပါ)။

                ကျွမ်းကျင်သူတွေ ခန့်မှန်းထားတဲ့အတိုင်းပဲ Microsoft က မနေ့က အမေရိကန်နိုင်ငံ New York မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ပွဲမှာ Windows 10 S နဲ့အတူ Windows 10 S ကို Support လုပ်ပေးမယ့် Surface Laptop အသစ်ကိုလည်း မိတ်ဆက်ခဲ့ပါတယ် (အပြည့်အစုံကို ဒီမှာ ဖတ်ရှုပါ)။

                Windows 10 S ဆိုတာ ဘာလည်းဆိုတာလည်းသိပြီ၊ ဘယ်နေ့က မိတ်ဆက်ခဲ့တာလည်း သိပြီဆိုတော့ အောက်မှာ Windows 10 S ရဲ့ မကောင်းတဲ့အချက်လေးတွေကို ကြည့်လိုက်ရအောင်။

Windows Store က App တွေသာ Install လုပ်နိုင်ခြင်း

                Microsoft အနေနဲ့ အသုံးပြုသူအကုန်လုံးကို Microsoft ရဲ့ Eocosystem ထဲက ရုန်းမထွက်နိုင်အောင် လုပ်ချင်နေပုံရပါတယ်။ ဒါကတော့ Microsoft မှ မဟုတ်ပါဘူး။ တခြား နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google တို့၊ Apple တို့လည်း ဒီတိုင်းပါပဲ။

                Smartphone မှာတော့ သက်ဆိုင်ရာ App Store က App တွေပဲ Install လုပ်လို့ရတယ်ဆိုတာ လက်ခံလို့ရပါသေးတယ်။ ဘာလို့လဲဆိုတော့ Smartphone တွေဟာ Laptop တွေ၊ PC တွေလိုတော့ လုပ်ဆောင်ချက်ကြီးကြီးမားမားတွေ မလုပ်နိုင်လို့ပါ။

                Laptop ဒါမှမဟုတ် PC နဲ့ပဲ အလုပ်လုပ်တဲ့သူတွေဟာ သက်ဆိုင်ရာ App Store က App တွေနဲ့ပဲ အလုပ်လုပ်မှာမဟုတ်ပါဘူး။ Third-Party App တွေကိုလည်း အားကိုးရပါသေးတယ်။ ဒီလိုလူတွေအတွက်ကတော့ Windows 10 S ကို အသုံးပြုချင်ပေမယ့်လည်း Windows Store က App တွေပဲ Install လုပ်လို့ရမယ်ဆိုရင် သုံးတော့မှာ မဟုတ်ပါဘူး။

                အများနဲ့မတူ၊ အရမ်းသီးသန့်ဆန်လွန်းတဲ့ macOS မှာတောင် ဒီလိုမျိုး ကန့်သတ်ချက်မရှိပါဘူး။ Mac App Store ကမဟုတ်တဲ့ App တွေလည်း Install လုပ်ခွင့်ပေးထားပါတယ်။ Chrome OS မှာလည်း အတူတူပါပဲ။

                Microsoft အနေနဲ့ Windows 10 S ကို Chrome OS နဲ့ ယှဉ်ပြိုင်ဖို့ ထုတ်ခဲ့တာဆိုပေမယ့်လည်း ဒီအချက်နဲ့တင် Chrome OS ကို ရှုံးနေပြီလို့တောင် ပြောလို့ရပါတယ်။

Default Browser ပြောင်းခွင့် ပိတ်ထားခြင်း

                Microsoft အနေနဲ့ Web Browser နဲ့ ပက်သက်ရင် မကောင်းတာတွေကြီးပါပဲ။ အရင်တုန်းကလည်း IE ကို Free မပေးပဲ ရောင်းခဲ့တာပါ။ နောက်ပိုင်း အခြား Browser တွေကို မယှဉ်နိုင်လို့ Free ပေးခဲ့တာပါ။Free ပေးခဲ့တယ်ဆိုပေမယ့်လည်း IE ကို Developer တွေကအစ၊ အင်တာနက်အသုံးပြုသူအဆုံး၊ ဘယ်သူမှမသုံးပါဘူး။ 

                ဒါကြောင့်လည်း IE ကို Edge လို့ပြောင်းလဲခဲ့ပြီး အခုအချိန်မှာတော့ အသုံးပြုသူအနည်းငယ်ရှိနေပြီ ဖြစ်ပါတယ်။ အခု Edge အနေနဲ့ အနည်းငယ်အောင်မြင်မှု ရလာတယ်ဆိုတော့ Microsoft အနေနဲ့ IE တုန်းကလိုမျိုး ထပ်မံလုပ်လိုက်ပြန်ပါပြီ။

                Windows 10 S အသုံးပြုသူတွေဟာ Windows Store မှာရှိတဲ့ Third-Party Browser တွေတော့ Install လုပ်လို့ရပါတယ်။ ဒါပေမယ့် Default Browser တော့ ပြောင်းလို့မရပါဘူး။​ ဒီကိစ္စနဲ့ ပက်သတ်ပြီး Windows ရဲ့ အကြီးအကဲ Terry Myerson ကိုယ်တိုင်က

“Windows Store မှာ ရှိတဲ့ Third-Party Browser တွေတော့ Install လုပ်လို့ရမယ်ဗျ။ ဒါပေမယ့် Microsoft အနေနဲ့ အသုံးပြုသူတွေကို Default Browser ပြောင်းလဲခွင့် ပိတ်ထားမှာ ဖြစ်ပါတယ်”

လို့ ပြောခဲ့ပါတယ်။

                Default Browser ပြောင်းခွင့်ပိတ်ထားတဲ့အတွက် ဥပမာအနေနဲ့ အသုံးပြုသူက .html File ကို ဖွင့်မယ်ဆိုရင် အဲ့ဒီ့ File ကို Edge နဲ့ပဲ ဖွင့်ပြမှာ ဖြစ်ပါတယ်။ Developer တွေနဲ့၊ Chrome အသုံးပြုသူ၊ Firefox အသုံးပြုသူတွေအတွက်ကတော့ တော်တော်လေးကို စိတ်ပျက်စရာကောင်းတဲ့ အချက်ပါပဲ။

                Google အနေနဲ့ Chrome ကို Windows Store မှာ တင်ပေးသွားမလား ဆိုတာကတော့ မသိရသေးပါဘူး။ ကျွမ်းကျင်သူတွေကတော့ Google အနေနဲ့ ဒီလိုမျိုးလုပ်ပေးခဲ့တယ်ဆိုရင်တောင်မှ Chrome က Windows 10 S မှာ ဘာလိုမှအသုံးဝင်နိုင်တော့မှာ မဟုတ်တာကြောင့် လုပ်ပေးသွားဖို့ အစီအစဉ်မရှိလောက်ဘူးလို့ ခန့်မှန်းထားကြပါတယ်။

အခြား Search Engine ပြောင်းလို့မရခြင်း

                ဒီအချက်ကတော့ တော်တော်လေးကို ဆိုးရွားပါတယ်။ Microsoft ရဲ့ Bing က Google Search Engine လောက် အသုံးမဝင်ဘူးဆိုတာ လူတိုင်းသိပါတယ်။ ရှင်းရှင်းပြောရရင် တစ်ချို့ အင်တာနက်အသုံးပြုသူတွေဆို Bing Search Engine ဆိုတာ ကြားတောင်မကြားဖူးပါဘူး။

                Microsoft အနေနဲ့ Default Browser ကို ပြောင်းခွင့်ပိတ်ထားရုံတင် မဟုတ်ပါဘူး။ Edge မှာမှမဟုတ်ပဲ၊ အခြား Third-Party Browser ကိုအသုံးပြုပြီး တစ်ခုခုရှာချင်တယ်ဆိုရင်တောင် Bing နဲ့ပဲ ရှာလို့ရအောင် လုပ်ထားပါတယ်။ Google Search Engine အပြင်၊ အခြား Search Engine တွေကို လုံးဝအသုံးပြုလို့ရမှာ မဟုတ်ပါဘူး။

                Microsoft အနေနဲ့ Chrome OS ကို ယှဉ်ပြိုင်ချင်တာနဲ့ပဲ Google က Services တွေရော၊ အခြား Third-Party Services တွေရောပါ သုံးလို့မရအောင် လုပ်နေတာဆိုတော့ ဘယ်လိုစိတ်ကူးစိတ်သန်းနဲ့များ လုပ်နေလဲဆိုတာတော့ အတိအကျ မပြောတတ်ပါဘူး။

Chrome OS ကိုရော ယှဉ်ပြိုင်နိုင်မှာလား?

                သိသာပါတယ်။ မယှဉ်ပြိုင်နိုင်ပါဘူး။ Chrome OS မှာ ဒီလောက်ကြီး ကန့်သတ်ချက်တွေ မများတဲ့အပြင်၊ Google က ပေးနိုင်တဲ့ Services တွေကို Microsoft လုံးဝ မယှဉ်နိုင်ပါဘူး။

                နောက်တစ်ချက်က ဈေးနှုန်းပါ။ Surface Laptop အသစ်က အမေရိကန်ဒေါ်လာ ၁,၀၀၀ ရှိပါတယ်။ Chromebook တွေနဲ့ ယှဉ်ရင် ဈေးနှုန်းက မိုးနဲ့မြေလောက် ကွာသွားပါပြီ။

နိဂုံး

                ကျွမ်းကျင်သူတွေကတော့ Microsoft အနေနဲ့ အခုလိုမျိုး Windows အသုံးပြုသူတွေနဲ့ လုံးဝမရင်းနှီးသေးတဲ့ ကန့်သတ်ချက်တွေ လုပ်နေတယ်ဆိုပေမယ့်လည်း Windows 10 S အသုံးပြုသူတွေဆီကနေ ပြန်လာမယ့် Feedback တွေကိုမူတည်ပြီးတော့ ပြောင်းလဲမှုတွေ လုပ်ပေးမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမယ်လို့ ပြောကြပါတယ်။

References
The Verge Cult Of Mac
About Author
Assinged Tags
Google Microsoft Windows Bing Google Search Surface Laptop Windows 10 S
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed