Trackpad လိုပါသုံးနိုင်တဲ့ Physical Keyboard ပါ BlackBerry KeyOne ထွက်ရှိ

date_range 28 February 2017

Trackpad လိုပါသုံးနိုင်တဲ့ Physical Keyboard ပါ BlackBerry KeyOne ထွက်ရှိ

visibility 1600 Views

                BlackBerry အမှတ်တံဆိပ်စမတ်ဖုန်းတွေ ထုတ်လုပ်ခွင့်ရထားတဲ့ TCL ကုမ္ပဏီဟာ နောက်ဆုံးမှာတော့ ပထမဆုံး TCL ကုမ္ပဏီထုတ် BlackBerry စမတ်ဖုန်းအသစ်ကို MWC 2017 ပွဲမှာ မိတ်ဆက်ပြသသွားခဲ့ပါတယ်။

                ယခုထွက်ရှိလာတဲ့ BlackBerry ဖုန်းဟာ လွန်ခဲ့တဲ့ CES ပွဲမှတုန်းက “Mercury” ဆိုတဲ့ ကုဒ်နာမည်နဲ့ ပြသသွားခဲ့တဲ့ဖုန်းပဲဖြစ်ပြီး၊ “Mercury” ဆိုတဲ့ နာမည်ကနေ ကီးဘုတ်ပါတယ်ဆိုတာကို ပိုပေါ်လွင်စေဖို့အတွက် “KeyOne” ဆိုတဲ့ နာမည်(ကြီး) ပေးထားတာတွေ့ရပါတယ်။

                TCL ဟာ BlackBerry အမာခံပရိတ်သတ်တွေအကြိုက် Touchscreen မဟုတ်တဲ့ Physical Keyboard ကို ဒီဖုန်းမှာ ထည့်သွင်းပေးထားပြီး၊ ကီးဘုတ်ရဲ့ ထူးခြားချက်တစ်ခုက Trackpad လိုမျိုး ကီးခလုတ်တွေပေါ်မှာတင် Scroll ဆွဲနိုင်တာကြောင့် အင်တာနက်သုံးရင် စခရင်ကိုပွတ်ပြီး Scroll လုပ်စရာလိုမှာမဟုတ်ပါဘူး။ TCL က လုပ်သွားတဲ့ အကွက်ဆန်းတစ်ခုကတော့ ကီးဘုတ်ရဲ့ Spacebar မှာ လက်ဗွေရာဆန်ဆာကို ထည့်ထားတာပါ။ ဒီအိုင်ဒီယာကတော့ တော်တော်ဆန်းသစ်တယ်ပြောရမှာပါ။


                BlackBerry KeyOne ရဲ့ အဓိကသုံးထားတဲ့ဟာဒ်ဝဲတွေကို ကြည့်မယ်ဆိုရင် မျက်နှာပြင် Display က အောက်မှာ ကီးဘုတ်နေရာယူထားတာကြောင့် ၄.၅ လက်မအကျယ် (3:2 Aspect Ratio) ပဲ ပါဝင်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့် Resolution က 1620 x 1080 pixels အထိရှိတာကြောင့် ရုပ်ထွက်ကတော့ တော်တော်ကြည်လင်ပြတ်သားမှာပါ။ ကင်မရာကတော့ Sony ဆန်ဆာသုံး 12-Megapixel, f/2.0 ကင်မရာကို အသုံးပြုထားပါတယ်။ ရှေ့ကင်မရာကတော့ 8MP ကင်မရာပါ။

                ပရိုဆက်ဆာကိုတော့  စွမ်းဆောင်ရည်အလယ်အလတ်လောက်ပဲရှိတဲ့ Snapdragon 625 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ ဂရပ်ဖစ်အတွက် Adreno 506 GPU ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 3GB ပါဝင်မှာြဖစ်ပြီး၊ Storage က 32GB ပါ။ နောက်ထပ်မိုက်တဲ့တစ်ချက်ကတော့ microSD ကတ်ကို 2TB အထိတောင် ထပ်စိုက်လို့ရမှာဖြစ်ပါတယ်။ USB Type-C ၊ NFC ၊ FM Radio တွေအကုန်ပါဝင်မှာဖြစ်ပြီး၊ ဘက်ထရီကတော့ 3510 mAh ဘက်ထရီနဲ့ဖြစ်ပါတယ်။

                BlackBerry KeyOne မှာ အဓိကထူးခြားတာတွေကို ပြောရမယ်ဆိုရင် Trackpad လိုမျိုး အသုံးပြုနိုင်တဲ့ Physical ကီးဘုတ်ပါဝင်တာနဲ့ Android 7.1 Nougat သုံးထားတာကိုပဲ ပြောရပါမယ်။

                သာမန် Touchscreen သီးသန့်စမတ်ဖုန်းတွေ ကိုင်ရတာ ရိုးနေတဲ့လူတွေ၊ ဒါမှမဟုတ် BlackBerry ပရိတ်သတ်စစ်တွေအတွက်တော့ KeyOne ဖုန်းက စိတ်တိုင်းကျလောက်မယ့် အနေအထားမှာရှိပြီး၊ တကယ်ဝယ်ယူချင်တယ်ဆိုရင်တော့ ၅၄၉ ဒေါ်လာစျေးနဲ့ ဧပြီလလောက်မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။




References
The Verge Engadget Android Authority
About Author
Assinged Tags
Android Smartphones MWC 2017 BlackBerry BlackBerry KeyOne
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed