Android One အကြောင်းသိကောင်းစရာ

date_range 13 September 2017

Android One အကြောင်းသိကောင်းစရာ

visibility 22380 Views

                ကျွန်တော်တို့အခုဆို  Xiaomi ကနေ Mi A1 လို့ခေါ်တဲ့ Android One စမတ်ဖုန်းအသစ် ကိုမိတ်ဆက်ပေးခဲ့ပြီးဖြစ်သလို၊ Motorola ကနေ မကြာခင် Android One စမတ်ဖုန်းအသစ်မိတ်ဆက်လာဖွယ်ရှိတယ် ဆိုတဲ့ကောလာဟလတွေ ထွက်ထားတာကို သိရှိခဲ့ရပြီးဖြစ်မှာပါ။ ဒါဆိုရင် Android One ဆိုတာကဘာလဲ။ Google နဲ့ ပူးပေါင်းပြီး ဘယ်လိုသဘောတူညီမှုတွေနဲ့ ထုတ်လုပ်ထားကြတယ်၊ Generation ဘယ်နှစ်ခုရှိတယ်ဆိုတာကို လေ့လာကြည့်လိုက်ကြရအောင်။ 

                Android One ဆိုတာကတော့ Google ကနေပြီးတော့ Android Operating System အတွက် သတ်မှတ်ထားတဲ့ Software နဲ့ Hardware စံနှုန်းတစ်ခုပါပဲ။ ဒီသတ်မှတ်ပေးထားတဲ့ Standard ကို Original Equipment Manufacturers (OEMs) (ဥပမာ- Motorola, Xiaomi, Samsung) တွေနဲ့အတူပူးပေါင်းပြီး Android One စမတ်ဖုန်းတွေအဖြစ်ထုတ်လုပ်ကြပါတယ်။ Android One ကို စျေးသက်သာပြီး Google ရဲ့ Pure Android UI အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေအဖြစ် စျေးကွက်ထဲမှာ တွေ့မြင်ရလေ့ရှိပါတယ်။

                Android One အဖြစ်ထုတ်လုပ်မယ့် စမတ်ဖုန်းတွေမှာ အခြား UI Design တွေပြင်ဆင်တာမျိုးမရှိရပါဘူး။ Nexus နဲ့ လက်ရှိထွက်ထားတဲ့ Pixel လို Flagship စမတ်ဖုန်းတွေလိုမျိုးပါပဲ။ ဒါပေမဲ့လည်း Google အနေနဲ့ OEMs တွေနဲ့ Mobile Carriers တွေရဲ့ သက်ဆိုင်တဲ့ Apps တွေကိုတော့ ထည့်သွင်းခွင့်ပြုထားပါတယ်။ နောက်တစ်ခုက Google ကိုယ်တိုင် OS နဲ့ Security Updates တွေကို Android One စမတ်ဖုန်းတွေအတွက် ထုတ်လုပ်ပေးပါတယ်။ များသောအားဖြင့်လည်း စမတ်ဖုန်း စတင် ထွက်ရှိတဲ့နေ့ကစပြီး နှစ်နှစ်တိတိ Latest System Updates တွေကို ရရှိမှာဖြစ်ပါတယ်။

                Android One Project ကို စက်တင်ဘာလ ၂၀၁၄ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး၊ India နိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ Micromax Mobile, Spice Digital နဲ့ Karbonn Mobile စ တဲ့ OEMs တွေက ထုတ်လုပ်ဖြန့်ချိပေးခဲ့တာဖြစ်ပါတယ်။ စတင်ဖြန့်ချိခဲ့တဲ့အချိန်တုန်းက Android Version 4.4 (Kit Kat) နဲ့ မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း Cherry Mobile One ကို Android One စမတ်ဖုန်းအနေနဲ့ ရောင်းချပေးခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ 

                Android One စမတ်ဖုန်းတွေကို India, Pakistan, Bangladesh, Nepal, Indonesia, Philippines, Sri Lanka, Myanmar နဲ့ အခြား အာရှနိုင်ငံအတော်များများမှာ စတင်ဖြန့်ချိပေးခဲ့ပါတယ်။ Infinix Hot 2 X510 (1GB or 2GB RAM Version နှစ်မျိုး) ဆိုတဲ့ Android One စမတ်ဖုန်းကို သြဂုတ်လ ၂၀၁၅ ခုနှစ်မှာ Nigeria နိုင်ငံမှာ စတင်ဖြန့်ချိပေးခဲ့ပြီး အာဖရိကတိုက်အတွက် ပထမဦးဆုံး Android One စမတ်ဖုန်းတစ်လုံးဖြစ်လာခဲ့ပါတယ်။ ဒီ Infinix Hot 2 X510 စမတ်ဖုန်းကိုလည်း အခြား အာဖရိကမှာရှိတဲ့ Egypt, Ghana, Ivory Coast, Morocco, Kenya, Cameroon, Uganda စ တဲ့ နိုင်ငံတွေမှာလည်း ဖြန့်ချိပေးခဲ့ပြီး၊ United Arab Emirates, Pakistan နဲ့ Indonesia စ တဲ့ အာရှနိုင်ငံတွေမှာလည်း 2GB RAM Version ကို ဖြန့်ချိပေးခဲ့ပါသေးတယ်။ 

                ၂၀၁၆ ခုနှစ်မှာတော့ Japan နိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ Softbank Carrier နဲ့ Sharp တို့ပူးပေါင်းပြီး Sharp Aquos 507SH ကိုထုတ်လုပ်ပေးခဲ့ပါတယ်။ Turkey နိုင်ငံမှာလည်း General Mobile 4G ဆိုတဲ့ Android One စမတ်ဖုန်းကိုထုတ်လုပ်ပေးခဲ့ပြီး၊ ဒီစမတ်ဖုန်းကို အခြား Europe နိုင်ငံတွေဖြစ်တဲ့ Netherlands နဲ့ Italy တို့မှာလည်း ဖြန့်ချိပေးခဲ့ပါသေးတယ်။

Android One Generations

First Generation

                Android One First Generation မှာ အဓိကထားအသုံးပြုခဲ့တဲ့ SoC ကတော့ MediaTek MT6582 ပဲဖြစ်ပါတယ်။ ဒီ First Generation စမတ်ဖုန်းတွေကို နိုင်ငံပေါင်း ခြောက်နိုင်ငံမှာ စတင်ဖြန့်ချိပေးခဲ့ပါတယ်။ First Gen Android One စမတ်ဖုန်းတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စျေးသက်သက်သာသာနဲ့ Android စမတ်ဖုန်းတစ်လုံးရရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြန့်ချိပေးခဲ့ကြတာဖြစ်ပါတယ်။

Micromax Canvas A1

Karbonn Sparkle V 

Spice Dream UNO

                India နိုင်ငံမှာတော့ Micromax Canvas A1, Karbonn Sparkle V နဲ့ Spice Dream UNO စ တဲ့ Android One စမတ်ဖုန်းတွေဖြန့်ချိပေးနိုင်ခဲ့ပါတယ်။

                Bangladesh နိုင်ငံမှာတော့ Micromax Canvas A1, Karbonn Sparkle V နဲ့ Spice Dream UNO အပြင် Local Brand တစ်ခုဖြစ်တဲ့ Symphony Roar A50 ကိုပါ ၀ယ်ယူရရှိနိုင်ခဲ့ပါတယ်။

Mito Impact

Evercross One X

Nexian Journey One

                Indonesia နိုင်ငံမှာတော့ Local Brand တွေဖြစ်တဲ့ Mito Impact, Evercross One X, Nexian Journey One စ တဲ့ Android One စမတ်ဖုန်းတွေကို ဖြန့်ချိပေးခဲ့ပါတယ်။


                Philippines နိုင်ငံမှာလည်း Cherry Mobile One နဲ့ MyPhone Uno လို့ခေါ်တဲ့ Android One စမတ်ဖုန်းတွေကို ပြည်တွင်း OEMs တွေကပဲ ထုတ်လုပ်ဖြန့်ချိပေးခဲ့ပါတယ်။

                Myanmar နိုင်ငံမှာတော့ Philippines နိုင်ငံရဲ့ Brand တစ်ခုဖြစ်တဲ့ Cherry Mobile One ကို ၀ယ်ယူရရှိနိုင်ခဲ့ပါတယ်။

QMobile A1

                Pakistan နိုင်ငံမှာ QMobile A1 လို့ခေါ်တဲ့ Local OEM ကပဲ ထုတ်လုပ်ပေးထားတဲ့ Android One စမတ်ဖုန်းကို ဖြန့်ချိပေးခဲ့ပါတယ်။

Second Generation

                Second Generation အတွက် MediaTek MT6582, MediaTek MT6580, Qualcomm Snapdragon 410, Qualcomm Snapdragon 425, Qualcomm Snapdragon 430, Qualcomm Snapdragon 617 စ တဲ့ SoC တွေအသုံးပြုပြီး Android One စမတ်ဖုန်းတွေထုတ်လုပ်ခဲ့ကြပါတယ်။ ဒီနေရာမှာတော့ ကျွန်တော့်အနေနဲ့ နိုင်ငံတစ်ခုချင်းစီထက်၊ SoC ကိုအဓိကထားပြီး ဘယ် Android One စမတ်ဖုန်းတွေကိုထုတ်လုပ်သွားတာလဲဆိုတာကို ရှင်းပြပေးသွားပါမယ်။

MediaTek


                Lava Pixel V1 ကို Local OEM တစ်ခုဖြစ်တဲ့ Lava မှ India နိုင်ငံမှာ ၂၀၁၅ ခုနှစ်က ဖြန့်ချိပေးခဲ့ပါတယ်။ Lava Pixel အတွက် First Gen မှာတုန်းကအသုံးပြုခဲ့တဲ့ MT6582 ကိုအသုံးပြုခဲ့ပါတယ်။


                Infinix Hot 2 X510 ကို Infinix Mobility လို့ခေါ်တဲ့ Hong Kong အခြေစိုက် OEM မှ ထုတ်လုပ်ပေးခဲ့ပြီး၊ Nigeria နဲ့ Indonesia နိုင်ငံတို့မှာ ဖြန့်ချိပေးခဲ့ပါတယ်။ Infinix Hot 2 X510 ဟာ MT6582 အစား MT6580 SoC ကိုအသုံးပြုထားပါတယ်။


                Spain နိုင်ငံရဲ့ OEM တစ်ခုဖြစ်တဲ့ BQ ဟာ BQ Aquaris A4.5 လို့ခေါ်တဲ့ Android One စမတ်ဖုန်းကို Portugal နဲ့ Spain နိုင်ငံတို့မှာ ဖြန့်ချိပေးခဲ့ပါတယ်။ ဒီ BQ Aquaris A4.5 စမတ်ဖုန်းကို MT6735M SoC ကိုအသုံးပြုပြီးထုတ်လုပ်ပေးခဲ့ပါတယ်။

Qualcomm Snapdragon 410


                Cherry Mobile ကနေ တတိယမြောက် Android One စမတ်ဖုန်းအနေနဲ့ Philippines နိုင်ငံမှာ Cherry Mobile G1 ကိုထုတ်လုပ်ပေးခဲ့ပါတယ်။ MediaTek Chipset အစား Qualcomm Snapdragon 410 SoC ကို Cherry Mobile G1 မှာ အစားထိုးအသုံးပြုခဲ့ပါသေးတယ်။


                Thai နိုင်ငံမှာတော့ i-Mobile ကနေ i-Mobile IQ II လို့ခေါ်တဲ့ Android One စမတ်ဖုန်းတစ်မျိုးကိုထုတ်လုပ်ပေးခဲ့ပါတယ်။ 


                Turkey နိုင်ငံမှာတော့ General Mobile OEM မှ General Mobile 4G ဆိုတဲ့ Android One စမတ်ဖုန်းတစ်မျိုးကို ဖြန့်ချိပေးခဲ့ပါတယ်။ ဒီ Android One စမတ်ဖုန်းကို အပေါ်မှာပြောခဲ့တဲ့အတိုင်း Netherlands နဲ့ Italy နိုင်ငံတွေမှာလည်း ဆက်လက်ဖြန့်ချိပေးခဲ့ပါတယ်။

Qualcomm Snapdragon 425


                ဂျပန်အခြေစိုက် Electronic ကုမ္ပဏီတစ်ခုဖြစ်တဲ့ Kyocera ကနေ Y!Mobile Kyocera S2 လို့ခေါ်တဲ့ Android One စမတ်ဖုန်းကို ဇန်နဝါရီလ၊ ၂၀၁၇ ခုနှစ်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီစမတ်ဖုန်းကို Android 7.0 (Nougat) နဲ့ စ တင်ထုတ်လုပ်ပေးခဲ့ပြီး၊ မတ်လ ၂၀၁၇ ခုနှစ်မှာတော့ Android 7.1 Update ကို ရရှိခဲ့ပါတယ်။

Qualcomm Snapdragon 430


                Sharp ကနေပြီးတော့ ဒုတိယမြောက် Android One စမတ်ဖုန်းဖြစ်တဲ့ Y!Mobile Sharp S1 ကို ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇ ခုနှစ်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ Snapdragon 430 SoC အသုံးပြုထားပြီး၊ မျက်နှာပြင် ၅ လက်မအကျယ်အ၀န်းရှိပြီး 1920 x 1080 IGZO Display နဲ့ ထွက်ရှိထားတဲ့ Android One စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။

Qualcomm Snapdragon 617


                ဂျပန်နိုင်ငံမှာ ပထမဦးဆုံး Android One ဖုန်းအနေနဲ့ Sharp ကုမ္ပဏီကနေ Y!Mobile Sharp 507SH ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီစမတ်ဖုန်းကို Y!Mobile (Softbank ရဲ့လက်အောက်ခံကုမ္ပဏီ) ကနေ ဦးဆောင်ထုတ်လုပ်ပေးခဲ့ပြီး၊ Aquos U စမတ်ဖုန်းကိုအခြေခံထုတ်လုပ်ထားတဲ့ Android One စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။

Third Generation


                Third Generation အတွက်ကတော့ Android One စမတ်ဖုန်းများများစားစား ထွက်ထားတာမရှိပါဘူး။ Snapdragon 617 နဲ့ ထုတ်လုပ်ထားတဲ့ General Mobile 5 Plus တစ်မျိုးပဲရှိပါတယ်။ ဒီ Android One စမတ်ဖုန်းကို General Mobile ကနေ Mobile World Congress မှာ မိတ်ဆက်ပြသခဲ့ပါတယ်။ GM 5 Plus မှာ RAM 3GB, 13MP Camera (Front & Back), USB Type-C Port နဲ့ 3100 mAh Battery ပါ၀င်ပါတယ်။ တစ်ခုထူးခြားတာက ဒီစမတ်ဖုန်းကိုတော့ အခြားနိုင်ငံတွေမှာ မဖြန့်ချိပဲ Turkey နိုင်ငံတစ်နိုင်ငံတည်းမှာပဲ ဖြန့်ချိခဲ့ပါတယ်။

Fourth Generation

                Fourth Generation အတွက် Android One စမတ်ဖုန်းတွေကို လက်ရှိအချိန်မှာ MediaTek MT6737T နဲ့ Qualcomm Snapdragon 625 စ တဲ့ SoC နှစ်မျိုးကိုအသုံးပြုပြီး ထွက်ရှိထားတာကိုတွေ့ရပါတယ်။ 

MediaTek MT6737T


                General Mobile ကနေ Mobile World Congress 2017 ပွဲမှာ General Mobile 6 လို့ခေါ်တဲ့ Android One စမတ်ဖုန်းကို မိတ်ဆက်ပြသခဲ့ပါတယ်။ GM 6 စမတ်ဖုန်းမှာ မျက်နှာပြင်အကျယ်အ၀န်း ၅ လက်မရှိပြီး 720p Resolution ကိုထောက်ပံ့ပေးနိုင်တဲ့ Display၊ 3GB RAM၊ 3000 mAh Battery နဲ့အတူ Fingerprint Scanner လည်းပါ၀င်ပါတယ်။ ဒီစမတ်ဖုန်းကိုတော့ Turkey နိုင်ငံအပြင်၊ ဇူလိုင် ၂၀၁၇ မှာ Netherlands နဲ့ Italy မှာပါ ရောင်းချပေးခဲ့ပါတယ်။


                Sharp ကုမ္ပဏီမှ Y!Mobile နဲ့ပူးပေါင်းပြီးတော့ Sharp X1 ကို MediaTek MT6737T SoC အသုံးပြုပြီး Android One စမတ်ဖုန်းအဖြစ် ဇူလိုင်၊ ၂၀၁၇ ခုနှစ်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ Sharp X1 မှာ Android 7.1.2 (Nougat) ပါ၀င်ပြီး၊ မျက်နှာပြင်အကျယ်အ၀န်း ၅.၃ လက်မရှိတဲ့ 1920 x 1080 IGZO Display ကိုအသုံးပြုထားပါတယ်။

Qualcomm Snapdragon 625


                မကြာသေးခင်ကမှ Xiaomi ကနေပြီး Mi A1 လို့ခေါ်တဲ့ Android One စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ Mi A1 စမတ်ဖုန်းရဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ကျွန်တော်တို့အနေနဲ့ ဆောင်းပါးတစ်ခု မှာရှင်းပြထားပြီးသားဖြစ်ပါတယ်။ Mi A1 အနေနဲ့ အခြား Android One စမတ်ဖုန်းတွေလို သက်ဆိုင်ရာနိုင်ငံမှာ ဖြန့်ချိတာမျိုးမဟုတ်ဘဲ၊ နိုင်ငံပေါင်း ၃၆ နိုင်ငံမှာ ဖြန့်ချိပေးသွာမှာဖြစ်ပါတယ်။ 

                လက်ရှိမှာ Motorola ကနေ Android One စမတ်ဖုန်းအသစ် မိတ်ဆက်ပေးတော့မယ် လို့ ကောလာဟလတွေထွက်ရှိထားပါသေးတယ်။ တကယ်လို့သာ Motorola ကနေ တကယ်ပဲ ဒီ Android One စမတ်ဖုန်းကိုမိတ်ဆက်ပေးလိုက်တယ်ဆိုရင်တော့ United States အတွက် ပထမဦးဆုံး Android One စမတ်ဖုန်းအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။

နိဂုံးချုပ်

                ကျွန်တော်တို့အနေနဲ့ Google ရဲ့ Android One အကြောင်းကို ဖတ်ရှုသူတွေ နားလည်သွားကြလောက်ပြီလို့ ယူဆပါတယ်။ Android One စမတ်ဖုန်းတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာသာ အစောပိုင်းကာလမှာ တွေ့ရှိခဲ့ရပေမယ့်၊ လက်ရှိအချိန်မှာတော့ နိုင်ငံအတော်များများမှာ (ဖွံ့ဖြိုးပြီးနိုင်ငံတွေအပါအ၀င်) ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိလာရပြီဖြစ်ပါတယ်။ 

                Google ဟာ Xiaomi ကနေ Mi A1 ကိုမိတ်ဆက်ပေးလိုက်တဲ့အချိန်မှာ Android One ဟာ Simple (ရိုးရှင်းသေသပ်ပြီး Bloatware တွေမပါ၀င်တာ)၊ Smart (Google Assistant, Google Photos နဲ့ အခြား Google Services တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်တာ)၊ Secure (Google Play Protect အသုံးပြုထားပြီး၊ Malware နဲ့ အခြား Security ပြဿနာတွေအတွက်လုံခြုံမှုပေးနိုင်တာ)၊ Fresh (နောက်ဆုံးထွက် Security နဲ့ OS Updates တွေကိုထုတ်လုပ်ပေးနိုင်တာ) စ တဲ့ ရပ်တည်ချက်လေးမျိုးနဲ့အတူ စျေးသက်သာတဲ့ စမတ်ဖုန်းတွေကို အသုံးပြုတွေလက်ထဲအရောက်ပေးစွမ်းနိုင်မယ်လို့ ပြောကြားထားပါတယ်။

                ကျွန်တော့်အနေနဲ့လည်း Google ရဲ့ Flagship Device တွေဖြစ်တဲ့ Pixel Series ဟာ စျေးအလွန်မြင့်မားတဲ့အတွက်၊ Google ရဲ့ Stock UI ကိုတွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ပြီး Latest OS Update တွေလည်းရရှိနိုင်မယ့် Android One စမတ်ဖုန်းတွေ နိုင်ငံတကာမှာဖြန့်ချိပေးလာနိုင်တာဟာ အတော်ကိုကောင်းမွန်တယ်လို့ယူဆပါတယ်။ လက်ရှိအချိန် စမတ်ဖုန်းစျေးကွက်တွေထဲမှာ Google ရဲ့ Pure Android UI အသုံးပြုထားတဲ့ စမတ်ဖုန်းနည်းပါးပြီး၊ Latest OS Update တွေလည်း OEM တွေကနေ မှန်မှန်မပေးနိုင်တဲ့အတွက်ကြောင့်လည်း Android ရဲ့ နောက်ဆုံးထွက် Features တွေကိုအသုံးပြုနိုင်ဖို့မလွယ်ကူပါဘူး။ 

                ဒါကြောင့်မို့လို့ စျေးနှုန်းသက်သာပြီး Mid-Range အနေနဲ့ပဲ အမြဲထွက်ရှိလာတဲ့ Android One စမတ်ဖုန်းတွေဟာ Google ရဲ့ Android Stock UI အသုံးပြုချင်တဲ့သူတွေ နဲ့ Pixel တို့လို စျေးနှုန်းမြင့်မားတဲ့ Flagship စမတ်ဖုန်းတွေထိလည်း မ၀ယ်နိုင်သေးတဲ့သူတွေအတွက် သင့်လျော်တယ်လို့ထင်မြင်မိပါတယ်။

                

References
Wikipedia
About Author
Assinged Tags
Google Android Android Smartphones Smartphone Android Operating System Android One
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed