Windows 10 Fall Creators Update မှာဘာတွေပါ၀င်လာမလဲ

date_range 28 August 2017

Windows 10 Fall Creators Update မှာဘာတွေပါ၀င်လာမလဲ

visibility 2440 Views

                Microsoft ကနေပြီးတော့ Windows 10 အတွက် Update တွေကို စဉ်ဆက်မပြတ်ထုတ်လုပ်ပေးလျက်ရှိပြီး၊ Security အတွက် Patch Fix တွေလည်း အမြဲထွက်ရှိနေပါတယ်။ ဒီထဲကမှ တိုးတက်ပြောင်းလဲမှုအတော်များများပါ၀င်တဲ့ Creators Update ကို ကျွန်တော်တို့ ဧပြီလမှာ စ တင်ရရှိခဲ့ပြီးပါပြီ။ 

                အခု အသစ်ထွက်ရှိလာမယ့် Windows 10 Fall Creators Update ကိုတော့ စက်တင်ဘာလနောက်ပိုင်းမှာ ထုတ်လုပ်ပေးသွားဖို့ရှိတယ်လို့ သိရှိရပါတယ်။ Fall Creators Update မှာကော ဘာ Feature အသစ်တွေပါ၀င်လာမယ်၊ ဘာတွေပြောင်းလဲသွားမလဲဆိုတာကို ကျွန်တော်တို့ တစ်ချက်ကြည့်လိုက်ရအောင်။ 

Windows Photo App အသစ်ပါ၀င်လာမယ်

                Microsoft ဟာ Story Remix ဆိုတဲ့ Standalone App ကို Windows Photo App ထဲ ပေါင်းထည့်သွားဖို့ရှိပါတယ်။ Story Remix App မှာ Photos နဲ့ Video တွေပေါင်းစပ်ပြီး Video ပြုလုပ်လို့ရတဲ့ Function တွေ၊ 3D Animations တွေနဲ့ စာတမ်းထိုးတဲ့ Effect စ တဲ့ Features တွေပါ၀င်ပါတယ်။ 

                အရင်တုန်းကတော့ Microsoft Store ထဲမှာ သီးသန့် App တစ်ခုအနေနဲ့ပဲ မြင်တွေ့ခဲ့ရပြီး၊ Fall Creators Update ထွက်ရှိလာတာနဲ့ Windows 10 ထဲမှာရှိတဲ့ Photos App ထဲကိုပေါင်းထည့်ပေးသွားဖို့ရှိတယ်လို့သိရပါတယ်။ 

                ဒါပေမဲ့လည်း နောက်ထပ်ဖြစ်နိုင်ချေရှိတာက Windows Photos App အတွက် Windows Store ကနေပဲ App Update အဖြစ် Story Remix ကိုပါ ပေါင်းထည့်ပေးသွားဖို့လည်းရှိပါတယ်။

Fluent Design

                အခုထွက်ရှိလာမယ့် Fall Creators Update မှာ အဓိကကျတဲ့အစိတ်အပိုင်းကတော့ Microsoft ရဲ့ Fluent Design ပါပဲ။ Microsoft ဟာ Fluent Design ထွက်ရှိမလာခင်မှာလည်း Codename အနေနဲ့ Project Neon လို့လည်းခေါ်ဆိုခဲ့ပါသေးတယ်။ Fluent Design မှာ အခြေခံသဘောတရားအနေနဲ့ Light, Depth, Motion, Material, Scale ဆိုပြီး ငါးမျိုးပါ၀င်ပါသေးတယ်။ 


                Microsoft ဟာ Fall Creators Update မှာ Fluent Design ကို ပိုမိုမွမ်းမံပေးထားမှာဖြစ်ပါတယ်။ ဒီလို မွမ်းမံထားတာကို ကျွန်တော်တို့ Calculator App ရဲ့ Screenshot (အောက်မှာပြထားတဲ့ပုံ) မှာကြည့်ရင်သိသာပါတယ်။ Transparent Background ကိုလည်းအသုံးပြုထားပြီး၊ Flat Color Design ကိုလည်း Action Center မှာထည့်သွင်းပေးတာကို တွေ့မြင်ရဦးမှာဖြစ်ပါတယ်။


                ဒါ့အပြင် Fluent Design နဲ့အတူ အခြား Features တွေလည်း ထပ်မံထည့်သွင်းပေးထားပါသေးတယ်။ ဥပမာ- Edge Browser အသုံးပြုနေတုန်း Pen Input Action တစ်ခုခုပြုလုပ်လိုက်တဲ့အခါမှာ App ကအလိုအလျောက်သိရှိပြီး Inteliigent Pen Input UI ပေါ်လာတာမျိုးတွေ မြင်တွေ့ရမှာဖြစ်ပါတယ်။


                Fluent Design ကို Windows 10 Interface တစ်ခုလုံးမှာ ပြောင်းလဲထားခြင်းမရှိသေးပေမယ့် Update တွေနဲ့အတူ တဖြည်းဖြည်းချင်းတော့ ပြောင်းလဲသွားမယ်လို့လည်းယူဆရပြီး၊ Fall Creators Update မှာလည်း App အတော်များများဟာ Fluent Design နဲ့အတူ မြင်တွေ့ရမယ်လို့လည်း သိရှိထားပါတယ်။

Microsoft Edge ပိုမိုကောင်းမွန်လာမယ်

                Microsoft ဟာ Edge Browser အတွက် ပိုမိုကောင်းမွန်လာအောင် နည်းမျိုးစုံနဲ့ကြိုးစားနေပြီး အခု Fall Creators Update မှာလည်း အသုံး၀င်မယ့် Feature အချို့ကို ထပ်မံထည့်သွင်းထားမှာဖြစ်ပါတယ်။

  • Improved EPUB Support – EPUB ebooks တွေကို Edge အသုံးပြုပြီး ဖတ်ရှုတဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ User Experience တွေရရှိအောင် ပြုပြင်ပေးထားမှာဖြစ်ပြီး၊ Ask Cortana Support လည်းပါ၀င်မှာဖြစ်ပါတယ်။ ဒါ့အပြင် Notes မှတ်တဲ့ Feature လည်းပါ၀င်လာမှာဖြစ်ပြီး၊ Microsoft Ink လည်းအသုံးပြုလို့ရလာမှာဖြစ်ပါတယ်။ တကယ်လို့သာ Ebooks တွေကို Windows Store ကနေ ရယူထားတာဆိုရင် ဖတ်ရှုထားတဲ့နေရာတွေကို မှတ်သားထားတာ၊ Bookmarks ပြုလုပ်ထားတာနဲ့ Notes မှတ်သားထားတာတွေကို မိမိ Windows 10 Device တွေအားလုံးမှာ ပြန်လည်ကြည့်ရှုနိုင်ဦးမှာဖြစ်ပါတယ်။
  • Enhanced Favorites – မိမိမှတ်သားထားချင်တဲ့ URL တွေကို Edge မှာ Favorites နဲ့မှတ်သားထားရတာ ပိုမိုလွယ်ကူလာမှာဖြစ်ပါတယ်။ Tree View လည်းပါ၀င်လာမှာဖြစ်ပြီး မှတ်သားထားတဲ့ Folder တစ်ခုချင်းစီကို လိုသလို Expand/Collapse ပြုလုပ်လို့ရလာမှာဖြစ်ပါတယ်။ မှတ်သားထားချင်တဲ့ URL အတွက်လည်း Menu ကနေ တစ်ဆင့်၊ ဒါမှမဟုတ် Favorites Bar ကနေပဲ လွယ်လွယ်ကူကူသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။
  • Better PDF Support – PDF ဖိုင်တွေကို Edge အသုံးပြုပြီး ကြည့်ရှုတဲ့အခါ ပိုမိုအဆင်ပြေသွားအောင် မွမ်းမံပေးထားဦးမှာဖြစ်ပါတယ်။ PDF Form Support ကိုထည့်သွင်းပေးထားပြီး PDF Table တွေနဲ့ အခြား Contents တွေကြည့်ရှုရအဆင်ပြေလာမှာဖြစ်ပါတယ်။ ဒါ့အပြင် PDF ပေါ်မှာ Ink အမှတ်အသားတွေလည်း Edge မှာ ပြုလုပ်လို့ရလာမှာဖြစ်ပါတယ်။
  • Pin Web Pages To Taskbar – Edge အသုံးပြုပြီးတော့ ကိုယ်အလွယ်တကူ ကြည့်ရှုချင်တဲ့ Web Page တွေကို Windows Taskbar မှာ Pin ပြုလုပ်လို့ရတော့မှာဖြစ်ပါတယ်။ ပြုလုပ်ချင်တယ်ဆိုရင်လည်း Menu ထဲကနေ “Pin this page to the taskbar” ကိုနှိပ်လိုက်ရုံပါပဲ။ 
  • Go Full Page – Microsoft Edge မှာ Fullscreen Mode ပါ၀င်လာတော့မှာဖြစ်ပါတယ်။ Keyboard ကနေ F11 နှိပ်လိုက်တာ၊ ဒါမှမဟုတ် Menu ထဲက Fullscreen Icon ကိုနှိပ်လိုက်ရုံနဲ့ Fullscreen Mode ကိုမြင်တွေ့နိုင်မှာပါ။

My People ကို စတင်မြင်တွေ့ရပြီ

                Microsoft အနေနဲ့ Windows 10 Fall Creators Update မှာ My People Feature ကိုထည့်သွင်းပေးသွားဖို့ရှိပါတယ်။ My People Hub Icon ကို Task Bar မှာ မြင်တွေ့လာရမှာဖြစ်ပြီး၊ မိမိမှတ်ထားတဲ့ Contacts တွေ (Skype, Mail, People) ကို အလွယ်တကူကြည့်ရှု ဆက်သွယ်နိုင်လာမှာဖြစ်ပါတယ်။ 


                ဒါ့အပြင် အရေးကြီး Contacts တွေကိုလည်း အလွယ်တကူဆက်သွယ်လို့ရအောင် Windows Task Bar မှာ အများဆုံးသုံးယောက်အထိ Pin ပြုလုပ်ထားနိုင်ပါသေးတယ်။

မိမိစမတ်ဖုန်းတွေနဲ့ Link ပြုလုပ်ပြီး တွဲဖက်အသုံးပြုလို့ရလာမည်

                ဒီအကြောင်းကိုတော့ ကျွန်တော်တို့ ဆောင်းပါးတစ်ခု မှာ ရှင်းပြထားပြီးသားဖြစ်ပါတယ်။ မိမိ Android ဒါမှမဟုတ် iOS စမတ်ဖုန်းမှာ ကြည့်ရှုနေတဲ့ Web Pages တွေကို Windows 10 ပေါ်မှာဆက်လက်ဖတ်ရှုလို့ရအောင် ချိတ်ဆက်အသုံးပြုနိုင်တဲ့ Feature တစ်မျိုးပါပဲ။


                လက်ရှိအချိန်မှာတော့ ဒီ Feature ကို Windows Insider Build မှာ စတင်တွေ့မြင်နေရပြီး၊ Android အတွက်အဆင်ပြေပြေအသုံးပြုနိုင်ပေမယ့် iOS အတွက်တော့ Link ပြုလုပ်လို့ မရသေးဘူးလို့လည်း သိရှိရပါတယ်။

OneDrive Files on Demand

                Microsoft Windows 10 မှာ File Syncing နဲ့ Cloud Storage Service အတွက် အဓိကပါ၀င်လာတဲ့ OneDrive အတွက် ပြုပြင်မွမ်းမံမှုအချို့ Fall Creators Update မှာပြုလုပ်ထားပါတယ်။ အဲ့ဒါကတော့ OneDrive ပေါ်မှာသိမ်းဆည်းထားတဲ့ Files တွေကို Download ပြန်လုပ်နေစရာမလိုပဲ Cloud ကနေ တိုက်ရိုက်အသုံးပြုနိုင်တဲ့ On Demand Feature ပါပဲ။ 

                ဒီ On Demand Feature ကြောင့် ကိုယ့်ကွန်ပျုတာထဲမှာ ဖိုင်တွေသိမ်းဆည်းထားစရာမလိုတဲ့အတွက်ကြောင့် Hard Drive Space မကုန်တဲ့အပြင်၊ Windows Explorer ကနေပဲ အခြား Local Files တွေအသုံးပြုသလို OneDrive ပေါ်ကဖိုင်တွေကို အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။


အခြားပြောင်းလဲမှုများ

                Microsoft ဟာ Fall Creators Update မှာ Operating System ပိုင်းအတွက်လည်း အသုံးပြုရအဆင်ပြေအောင် ပြုပြင်မွမ်းမံပေးထားဦးမှာဖြစ်ပါတယ်။

                Input System တွေ (Mouse, Keyboard, Touch, Pen) ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးထားပြီး၊ Touch Keyboard အတွက်လည်း Shape Writing (တစ်ချက်ချင်းနှိပ်တာမျိုးမဟုတ်ပဲ Swipe ပြုလုပ်ပြီးစာရိုက်တဲ့ပုံစံ) လည်းထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Pen နဲ့ Handwriting ပြုလုပ်မှုတွေအတွက်လည်း ကောင်းမွန်အောင်ပြုလုပ်ပေးထားပြီး၊ Emoji တွေအသုံးပြုရလွယ်ကူလာအောင်လည်း မွမ်းမံပေးထားတယ်လို့ သိရှိရပါတယ်။

                Task Manager ရဲ့ Performane နေရာမှာ GPU ကိုပါအသစ်ထည့်သွင်းပေးထားမှာဖြစ်ပြီး Gamers တွေနဲ့ Graphic Designer တွေအနေနဲ့ မိမိစက်ရဲ့ GPU ရဲ့အခြေအနေကို အလွယ်တကူသိရှိလာနိုင်အောင် ရည်ရွယ်ထားတယ်လို့ သိရှိရပါတယ်။


                အခြား Performance နဲ့ Stablility တွေအတွက်လည်း တိုးတက်ကောင်းမွန်အောင် Fall Creators Update မှာ ပြုပြင်မွမ်းမံမှုတွေပြုလုပ်ထားပါသေးတယ်။ ဥပမာ- Power Throttling Feature ဟာ Background Apps တွေကနေ CPU Resource တွေအသုံးချနေတာကို သိသိသာသာလျှော့ချပေးနိုင်ပြီး၊ Laptop Battery တွေအတွက်လည်း အရင်ကထက် ၁၁ ရာခိုင်နှုန်းခန့် Power Consumption သက်သာအောင် ပြုလုပ်ပေးနိုင်မယ်လို့လည်းသိရှိရပါတယ်။

                လက်ရှိအချိန်မှာတော့ Windows 10 Fall Creators Update အတွက် အထက်ပါ Features တွေပါ၀င်လာမယ်လို့ပဲ သိရှိရသေးပြီး၊ နောက်ထပ် Features အသစ်တွေပါ၀င်လာခဲ့ရင်လည်း ထပ်မံတင်ဆက်ပေးသွားပါမယ်။ 

References
Digital Trends
About Author
Assinged Tags
Microsoft Windows Windows 10 PC Edge Browser Laptop Update Fluent Design System Fall Creators Update Windows 10 Fall Creators Update Microsoft Edge
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed