Note 7 လို ဖြစ်ရပ်မျိုး Note 8 မှာ မကြုံတွေ့ရအောင် Samsung ဘက်က ဘယ်လိုပြင်ဆင်ထားလဲ

date_range 27 August 2017

Note 7 လို ဖြစ်ရပ်မျိုး Note 8 မှာ မကြုံတွေ့ရအောင် Samsung ဘက်က ဘယ်လိုပြင်ဆင်ထားလဲ

visibility 8820 Views

                ကျွန်တော်တို့ Samsung Galaxy Note 8 အကြောင်း စ မပြောခင်မှာ Battery ပြဿနာကြောင့် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ Samsung Galaxy Note 7 အကြောင်း စ ပြောလိုက်ကြရအောင်။ 

                Sasmung ကနေ Galaxy Note 7 ကို သြဂုတ် ၁၉၊ ၂၀၁၆ ခုနှစ်မှာ စတင်ထုတ်လုပ်ပေးခဲ့ပြီး၊ Note 7 ပေါက်ကွဲမှုတွေ ကမ္ဘာတစ်၀န်းမှာ ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် အောက်တိုဘာ ၁၁၊ ၂၀၁၆ မှာ Note 7 ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့သလို ထုတ်လုပ်ခဲ့တဲ့အလုံးတွေအားလုံးကိုလည်း ပြန်လည်သိမ်းခဲ့ပါတယ်။ 

                ဒါပေမဲ့လည်း Samsung ကနေ Galaxy Note 7 တွေအကုန်လုံးကို Recycle သဘောမျိုးနဲ့ Battery တွေကို ပြန်လည်စစ်ဆေးမွမ်းမံပြီး Galaxy Note Fan Edition ကို ယခုနှစ် ဇူလိုင်လမှာ ပြန်လည်မိတ်ဆက်ပေးခဲ့တယ်လို့ သတင်းတစ်ခုအရ သိရှိရပါတယ်။

                ဒါဆို Samsung ကနေ ယခုနှစ် သြဂုတ်လ ၂၃ ရက်နေ့မှာ တရား၀င်မိတ်ဆက်ပေးခဲ့တဲ့ Samsung Galaxy Note 8 ဟာ ဒီလိုမျိုး Battery ပြဿနာတွေကြောင့် ပေါက်ကွဲမှုတွေ ဖြစ်လာဦးမှာလား?

Samsung ကနေ ဒီလို Battery ပြဿနာတွေအတွက် ဘယ်လိုပြင်ဆင်ထားလဲ

                Samsung အနေနဲ့ ဖြေရှင်းချက်ပေးထားတာက Galaxy Note 7 မှာ ပေါက်ကွဲမှုတွေဖြစ်ရတာဟာ ဖုန်းချို့ယွင်းမှုကြောင့်မဟုတ်ပဲ Battery ကိုသေချာမစစ်ဆေးပဲနဲ့ ထုတ်လုပ်မိတဲ့ Manufacturing Errors ဖြစ်သွားတာကြောင့်လို့ ဆိုပါတယ်။

                Original Battery အချို့ဟာ သေချာတပ်ဆင်ထားမှုမရှိပဲ အနည်းငယ်ဖိနှိပ်မိသွားသလိုဖြစ်ခဲ့ပြီး၊ အချို့ Battery Replacements တွေမှာ Insulation Tapes တွေမပါ၀င်တာနဲ့၊ Battery အတွင်းထဲမှာရှိတဲ့ ထက်နေတဲ့ Metal အပိုင်းအစအချို့တွေကြောင့် ထိခိုက်မိတာဖြစ်တယ်လို့ဆိုပါတယ်။

                ဒါမှမဟုတ်လည်း Battery အတွင်းထဲမှာရှိတဲ့ Positive နဲ့ Negative Side တွေဟာ အချင်းချင်းထိခိုက်မိပြီး မီးလောင်မှုတွေဖြစ်ပွားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို Lithium-ion Battery တွေဘာကြောင့် မီးလောင်မှုတွေဖြစ်ပွားရတာလဲဆိုတာကို ကျွန်တော်တို့ ဆောင်းပါးတစ်ခု မှာ ရှင်းပြထားပါသေးတယ်။ 


                ဒီလိုမျိုး ပြဿနာတွေ နောက်ထပ်မဖြစ်ပွားအောင်နဲ့ ဘာကြောင့်ဖြစ်ပွားခဲ့ရတယ်ဆိုတာသိရှိဖို့ Samsung ကနေ ငွေကြေးအမြောက်အများ အကုန်အကျခံပြီး Battery တွေကို Testing ပြုလုပ်ဖို့အတွက် စက်ရုံအသစ်လေးခု၊ အင်ဂျင်နီယာပေါင်း ၇၀၀ ကျော်ပါ၀င်တဲ့ အဖွဲ့တစ်ဖွဲ့ ကိုဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့စည်းပြီးတဲ့အခါ Samsung Galaxy Note 7 ဖုန်းပေါင်း ၂ သိန်းကျော်ခန့်နဲ့အတူ Battery ပေါင်း ၃ သောင်းကျော်ခန့်ကို စမ်းသပ်ခဲ့ပါတယ်။ 

                စမ်းသပ်ပြီးတဲ့အခါမှာ ထွက်ရှိလာတဲ့အဖြေကတော့ ပေါက်ကွဲမှုတွေရဲ့ အဓိကတရားခံဟာ ဖုန်းကြောင့်မဟုတ်ပဲ တပ်ဆင်ထားတဲ့ Battery တွေကြောင့်သာ ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။ 


                ဒီလိုသိရှိရပြီးတဲ့နောက် Samsung ဟာ ဆက်လုပ်ထုတ်လုပ်မယ့်ဖုန်းတွေမှာ အသုံးပြုမယ့် Battery တွေအတွက် Eight-Point Inspection Process နဲ့ စစ်ဆေးမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။ ဒီ Process တွေထဲမှာ Battery ကိုလုံး၀ခြောက်သွေ့သွားတဲ့အထိ Drain ပြီးစမ်းသပ်တာ၊ X-Ray တွေနဲ့ Battery ကိုပစ်ခတ်စမ်းသပ်တာ၊ Battery ကိုတစ်စစီ ဖြုတ်ပစ်ပြီး Voltage အပြောင်းအလဲပြုလုပ်စမ်းသပ်တာ စတဲ့ စမ်းသပ်ချက်တွေကို Samsung နဲ့ Battery ထောက်ပံ့သူတွေ ပူးပေါင်း စမ်းသပ်ခဲ့ကြပါတယ်။ 

                Samsung ရဲ့ Commission အစီရင်ခံစာတစ်ခု အရလည်း Batteries တွေအတွက် Batch အားလုံးကို စစ်ဆေးခဲ့ပြီး၊ Batch တစ်ခုထဲက Battery တစ်ခု စမ်းသပ်တာမအောင်မြင်တာနဲ့ Batch တစ်ခုလုံးကိုပါ စွန့်ပစ်ခဲ့တယ်လို့ သိရှိရပါတယ်။ Samsung အနေနဲ့ Eight-Point Inspection Process နဲ့ စစ်ဆေးပြီး လစဉ် Battery Shipments တွေထဲက  ၃ ရာခိုင်နှုန်းလောက် ကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ 


                ဒါ့အပြင် Samsung Galaxy S8 မထုတ်လုပ်ခင်ကတည်းက Samsung ဟာ Battery တွေအတွက် Safety Check တွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ Note 8 အတွက်ကိုတော့ Samsung က ဒီထက်ပိုပြီးသေချာအောင် နာမည်ကြီး Safety Standard Company တစ်ခုဖြစ်တဲ့ Underwriters Laboratories (UL) ဆီမှာ အပ်နှံပြီး၊ Note 8 မှာ အသုံးပြုမယ့် Battery Pack တွေကို စစ်ဆေးမှုတွေလည်း ပြုလုပ်ခိုင်းတယ်လို့ သိရှိရပါတယ်။ 

UL မှ တာ၀န်ရှိသူတစ်ဦးကလည်း

ဘက်ထရီတွေကို Drop Tests, Crush Tests နဲ့ Eletrical Stress Tests တွေနဲ့ စမ်းသပ်ပြီးမှ ထုတ်လုပ်ခွင့်ပြုတာပါ

လို့ CNET သို့ပြောကြားထားပါသေးတယ်။

                တကယ်တော့ ဘယ် Manufacturers မှ မိမိဖုန်းကိုထုတ်လုပ်ဖို့အတွက် ဒီလို Safety Sandard Company တွေမှာ သပ်သပ်ထပ်ပြီး စစ်ဆေးမှုတွေပြုလုပ်တာမျိုးမရှိပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့်လည်း Samsung ဟာ သူတို့ရဲ့ Note Series အပေါ်မှာ ဂုဏ်သိက္ခာကျဆင်းခဲ့မှုကို Galaxy Note 8 မှာ အဖတ်ဆယ်ဖို့ကြိုးစားနေတာကို သိရှိရပါတယ်။ 

                ဒါတွေတင်ပဲမဟုတ်သေးပါဘူး။ Samsung ဟာ မနှစ်ကလိုမျိုး Galaxy Note 7 မှာ အသုံးပြုထားတဲ့ 3500 mAh တွေအစား 3200 mAh Battery ကိုပဲ Galaxy Note 8 မှာ တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်အတွင်းမှာ ထုတ်လုပ်ထားတဲ့ Galaxy S8 Plus မှာလည်း 3200 mAh Battery ကိုပဲ အများဆုံးအသုံးပြုထားတာဖြစ်ပါတယ်။ ဒီလိုမျိုးအသုံးပြုရတာဟာ Battery လွယ်လွယ်ကူကူ ပေါက်ကွဲ၊ ပျက်ဆီးတာမျိုးမရှိအောင် Protections တွေ ပိုပြီးထူထဲစွာ တပ်ဆင်ပေးထားလို့ဖြစ်ပါတယ်။

                သတိထားရမှာက Galaxy Note 8 မှာအသုံးပြုမယ့် Battery တိုင်းကိုစစ်ဆေးထားတာ မဟုတ်တာပါပဲ။ ဆိုလိုချင်တာက သင်၀ယ်ယူမယ့် Galaxy Note 8 ထဲက ဘက်ထရီဟာ စစ်ဆေးမှုတွေပြုလုပ်ထားတဲ့ Battery မဟုတ်ပါဘူး။ ဒီလိုမျိုးစမ်းသပ်မှုတွေပြုလုပ်ထားရင်လည်း စမတ်ဖုန်းထဲမှာ ထည့်သွင်းထုတ်လုပ်ထားလို့ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ Galaxy Note 8 ထဲမှာထည့်သွင်းမယ့် Battery အမျိုးအစားကိုတော့ သေချာစစ်ဆေးထားပါတယ်။ 

ကြောက်စရာမလိုပါဘူး

                Samsung ဟာ မီးမလောင်ကျွမ်းနိုင်တဲ့ Lithium-Ion Battery တွေ တီထွင်တာမျိုးနဲ့ Safe ဖြစ်စေမယ့် Chemical တွေ Battery ထဲမှာ ထည့်သွင်းပေးထားတာမျိုးတော့ မရှိပါဘူး။ Battery တွေဟာ မပေါက်ကွဲတတ်ဘူးလို့လည်း ဘယ်သူမှ အပြည့်အ၀ အာမ မခံနိုင်ပါဘူး။ 

                ဒါပေမဲ့လည်း ဒီလောက် စစ်ဆေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ထားတဲ့ Galaxy Note 8 အတွက် Battery တွေကိုတော့ ပေါက်ကွဲသွားမှာကို သိပ်အများကြီးစိုးရိမ်စရာမလိုပါဘူး။ ခန့်မှန်းခြေအရဆို Battery ပေါင်း ၁၀ သန်းကျော်ထဲကမှ တစ်ခုလောက်သာ ပေါက်ကွဲနိုင်ခြေရှိတယ်လို့လည်း Battery Expert တစ်ယောက်ဖြစ်တဲ့ Brian Barnett ရဲ့ Chemical & Engineering News မှာ ရှင်းပြချက်အရ သိရှိရပါတယ်။

                Galaxy Note 7 ပေါက်ကွဲမှုတွေ ဟာ ကုမ္ပဏီရဲ့ အကြီးမားဆုံးအမှားအယွင်းတစ်ခုဖြစ်ခဲ့ပေမဲ့ Samsung လို စမတ်ဖုန်း Industry ရဲ့ ထိပ်တန်းကုမ္ပဏီကြီးဟာ အမှားတစ်ခုကို နှစ်ခါကျူးလွန်ဖို့ဆိုတာ ဖြစ်နိုင်ချေနည်းပါး ပါတယ်။ 

                သာမန်အတိုင်းဆိုလည်း Lithium-ion Battery တွေဟာ တစ်ညလုံးအားသွင်းထားရင်တောင်မှ ဘာမှမဖြစ်ပါဘူး (ဒါပေမဲ့ ဒီလိုမျိုး မပြုလုပ်သင့်တဲ့အကြောင်းကို ကျွန်တော်တို့ ဆောင်းပါးတစ်ခု မှာ ရှင်းပြထားပါတယ်)။ Samsung ကနေပြီးတော့လည်း Battery Safety အတွက် Test တွေ အမြောက်အများပြုလုပ်ထားတဲ့အတွက် Galaxy Note 8 ဟာ ပေါက်ကွဲနိုင်ခြေသိပ်မရှိပါဘူး။

                ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့နှစ်ကလိုမျိုး Battery ကြောင့်ပေါက်ကွဲမှုဖြစ်ပေါ်နိုင်ခြေ အလွန်နည်းပါးသွားပြီး၊ Samsung အနေနဲ့လည်း Galaxy Note 8 မှာ အမှားအယွင်းလုံး၀မရှိအောင် ကြိုးစားထားပါတယ်။ 

References
Cnet
About Author
Assinged Tags
Samsung Battery Lithium-Ion Battery Galaxy Note 8 Battery Issue Battery Explosion Samsung Galaxy Note 8 Battery Test Eight-Point Inspection Process Safety Check Safety
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed