Huawei P20, P20 Plus တို့ရဲ့ ဒီဇိုင်းနဲ့ Specification တစ်ချိူ့ ပါဝင်တဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံများ ပေါက်ကြား

date_range 20 February 2018

Huawei P20, P20 Plus တို့ရဲ့ ဒီဇိုင်းနဲ့ Specification တစ်ချိူ့ ပါဝင်တဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံများ ပေါက်ကြား

visibility 900 Views

                ဘာစီလိုနာမြို့မှာ ကျင်းပသွားမယ့် မိုဘိုင်းဖုန်းနည်းပညာပြပွဲကြီး Mobile World Congress (MWC) 2018 ကို ရောက်ရှိဖို့ ၆ ရက်သာ လိုပါတော့တယ်။ ဒီပွဲမှာ Samsung က Galaxy S9 နဲ့ S9+ ကို မိတ်ဆက်ပေးမှာ ဖြစ်ပြီး Sony, Nokia, LG နဲ့ Xiaomi တို့ကလည်း သူတို့ရဲ့ Flagship စမတ်ဖုန်းတွေကို အပြိုင်အဆိုင် မိတ်ဆက်ပြသသွားနိုင်ဖွယ် ရှိပါတယ်။

                MWC 2018 မှာ OEM တော်တော်များများက ၄င်းတို့ရဲ့ Flagship စမတ်ဖုန်းတွေကို မိတ်ဆက်သွားနိုင်ဖွယ် ရှိတာကြောင့် Flagship စမတ်ဖုန်းတွေ တိုက်ဆိုင်နေမှာ ဖြစ်တဲ့အတွက် Huawei အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ Huawei P20, P20 Plus နဲ့ P20 Lite တို့ကို နောက်လထဲမှာ ကျင်းပမယ့် ပဲရစ်မြို့က နည်းပညာပြပွဲမှာ မိတ်ဆက်သွားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

                ဒီနေ့မှာတော့ Huawei P20 နဲ့ P20 Plus တို့ရဲ့ ဒီဇိုင်းနဲ့ Specification တစ်ချိူ့ ပါဝင်တဲ့ 3D Render Video နဲ့ ဓာတ်ပုံများ ပေါက်ကြားခဲ့ပါတယ်။ ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေအရ Huawei P20 Plus ဟာ ဘက်ထရီ သိုလှောင်မှု ပမာဏ 4000mAh ပါဝင်နိုင်ဖွယ် ရှိပြီး ကျောဘက်မှာလည်း ကင်မရာ ၃လုံးကို  တပ်ဆင်ထားနိုင်ဖွယ် ရှိပါတယ်။


                Huawei P20 ကတော့ ဘက်ထရီ သိုလှောင်မှု ပမာဏ 3320mAh ပါဝင်နိုင်ဖွယ်ရှိတယ်လို့ XDA Developers ကနေတဆင့် သိရပါတယ်။ ဒါ့အပြင် Huawei P20 Plus က Huawei Mate 10 Pro မှာ စတင်ပါဝင်လာခဲ့တဲ့ Always-On Display Feature လည်း ပါဝင်နိုင်ဖွယ် ရှိပါတယ်။ ဒါ့ကြောင့် P20 Plus ဟာ Mate 10 Pro လိုမျိူး OLED Display ကို အသုံးပြုပြီး ပွဲထွက်လာနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းပြောဆို ထားကြပါတယ်။

                ပေါက်ကြားခဲ့တဲ့ 3D Render Video နဲ့ ဓာတ်ပုံတွေကတော့ Tipster တစ်ဦးဖြစ်တဲ့ Steve H.(Onleaks) နဲ့ နည်းပညာဝက်ဆိုက် တစ်ခုဖြစ်တဲ့ TigerMobiles တို့ကနေတစ်ဆင့် ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။


                မကြာသေးမီက ထွက်ရှိခဲ့တဲ့ ကောလဟလတွေမှာလည်း Huawei P20 နဲ့ P20Plus တို့ရဲ့ ကျောဘက်မှာ ကင်မရာ ၃ လုံး ပါဝင်နိုင်ဖွယ်ရှိပြီး အဲ့ဒီကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ P20 Lite ကတော့ Dual Camera Setup နဲ့ပဲ ပွဲထွက်လာနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်း ပြောဆိုထားကြပါတယ်။

                Display အပိုင်းမှာတော့ P20 က ၅.၇ လက်မ Display ကို အသုံးပြုထားနိုင်ဖွယ် ရှိပြိး P20 Plus ကတော့ ၆ လက်မ Display နဲ့ ပွဲထွက်လာနိုင်ပါတယ်။ Huawei P20 Series တွေဖြစ်တဲ့ P20, P20 Plus နဲ့ P20 Lite ၃ မျိူးစလုံးမှာ Selfie ပိုင်းအတွက် Dual Camera Setup ကို အသုံးပြုနိုင်ဖွယ် ရှိပါတယ်။ ဒါ့အပြင် Huawei ရဲ့ ကင်မရာပိုင်းဆိုင်ရာ နည်းပညာ အသစ်ဖြစ်တဲ့ “Point Cloud Depth Camera” စနစ်ပါဝင်မှာ ဖြစ်တာကြောင့် Face Recognition စနစ်လည်း ပါဝင်လာဖွယ်ရှိပြီး iPhone X မှာလို Notch ပါဝင်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။


                Huawei P20 နဲ့ P20 Plus တို့မှာ မတူညီတဲ့ အချက် ၁ ချက် ရှိပါသေးတယ်။ Home Button ပါ။ Huawei P20 မှာ Home Button ပါဝင်နေတဲ့အတွက် Fingerprint ရော၊ Face Recognition ပါ ၂ မျိူး စလုံး အသုံးပြုနိုင်ဖွယ် ရှိပြီး P20 Plus ကတော့ Home Button ပါဝင်လာတာကို မတွေ့ရပါဘူး။ Processor အပိုင်းမှာတော့ Honor View 10 နဲ့ Mate 10 Series တွေမှာ အသုံးပြုထားတဲ့ HiSilicon Kirin 970 SoC ကို အသုံးပြုနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ Software ပိုင်းမှာတော့ Android 8.1 Oreo ကို ပြန်လည်ဆန်းသစ်ထားတဲ့ EMUI 8.1 နဲ့  မြင်တွေ့နိုင်ဖွယ်ရှိပါတယ်။

This Article is contributed by Thaw Zin.
References
Gadgets NDTV
About Author
Assinged Tags
Huawei Smartphones Smartphone Leaks Leaks Huawei P20 Huawei P20 Plus Huawei P20 Lite
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed