Integrated AMD Radeon RX Vega Graphics ကို ပထမဆုံး အသုံးပြုထားမယ့် Intel Core i7-8809G ရဲ့ အချက်အလက်များ ပေါက်ကြား

date_range 03 January 2018

Integrated AMD Radeon RX Vega Graphics ကို ပထမဆုံး အသုံးပြုထားမယ့် Intel Core i7-8809G ရဲ့ အချက်အလက်များ ပေါက်ကြား

visibility 480 Views

                ၂၀၁၈ အစပိုင်းမှာပဲ Intel အနေနဲ့ မထင်မှတ်ထားတဲ့ ရွှေ့ကွက်တစ်ကွက်ကို စတင်ရွှေ့လိုက်ပြီလို့ ဆိုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ Integrated AMD Radeon RX Vega Graphics ကို ပထမဆုံး အသုံးပြုထားမယ့် Intel Core i7-8809G CPU ရဲ့ Overclock Information တွေပါဝင်တဲ့ ဇယားတစ်ခုကို Intel India မှာ မှားယွင်းဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် မကြာပါဘူး အချိန်ခဏလေးအတွင်းမှာတင် ပြန်ဖျက်ပစ်ခဲ့ရပါတယ်။


                အဲ့ဒီ ဇယားကို လေ့လာကြည့်မယ်ဆိုရင် Overclock လုပ်လို့ရတဲ့ Processor တွေဖြစ်တဲ့ Core i9-X, Core i7-X ၊ 8th Generation K Processor တွေ ဖြစ်တဲ့ Core i7-8700K, Core i5-8600K, Core i3-8350K Processor တို့နဲ့အတူ Graphic Options ၂ ခု ပါဝင်တဲ့ Quad Core Processor Core i7-8809G ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

                Intel အနေနဲ့ AMD နဲ့ ပူးပေါင်းပြီး Integrate Radeon Graphic ပါတဲ့ Mobile 8th Gen Core CPU တွေကို Gaming Laptop တွေအတွက် ထုတ်လုပ်တော့မယ်လို့ ၂၀၁၇ နိုဝင်ဘာလထဲက ကြေငြာ ထားခဲ့ပေမယ့်လည်း အသေးစိတ် အချက်အလက်တွေကိုတော့ ကြေညာခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် အခု ပေါက်ကြားလာတဲ့ Core i7-8809G Processor ဟာ အရင်တုန်းက ကြေငြာထားတဲ့ Intel ရဲ့ 2018 Roadmap ထဲမှာတော့ မပါဝင်ပါဘူး။

                Intel India က မှားယွင်းဖော်ပြခဲ့တဲ့ Overclocking ဇယားအရ Core i7-8809G ဟာ Hyper Threading နည်းပညာ အသုံးပြုထားတဲ့ Quad-Core Processor ကို သုံးထားတယ်၊ 3.1 GHz Base Frequency ကို Support လုပ်ပေးမယ်၊ 8 MB L3 Cache ပါဝင်မယ်၊ DDR4-2400 Channel နှစ်ခုကို Support လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ TDP Mobile CPU ဖြစ်တဲ့အတွက် Power Consumption ကိုတော့ 100W အထိပဲ သတ်မှတ်ထားပါတယ်။ Graphics ပိုင်းမှာတော့ Intel ရဲ့ Integrated Graphic (iGPu or IGP) ဖြစ်တဲ့ “Intel HD Graphics 630” နဲ့ အတူ Package Graphics (pGPU) အဖြစ် AMD ရဲ့ “Radeon RX Vega M GH Graphics” ပါဝင်မှာပဲ ဖြစ်ပါတယ်။

                Core i7-8809G ဟာ Intel ရဲ့ Core i7-8000 Series Processor တွေထဲမှာ ပါဝင်ပေမယ့် မကြာသေးမီ အချိန်က ထွက်ရှိထားတဲ့ Core i7-8700, Core i7-8700K Processor တွေလို Coffee Lake Processor အမျိုးအစားထဲကတော့ မဖြစ်နိုင်လောက်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ Coffee Lake အမျိုးအစား Core i7 8th Gen Processor တွေအားလုံးမှာ Core အရေအတွက် 6 Cores ရှိပြီး အသစ်ထွက်ရှိလာမယ့် Core i7-8809G မှာတော့ 4 Cores သာ ရှိပါတယ်။

                ဒါကြောင့်မို့လို့ i7-8809G ကို Kaby Lake Processor အနေနဲ့ပဲ မိတ်ဆက်လာဖို့ များပါတယ်။ Kaby Lake Processor မှန်း သိသာစေတဲ့ နောက်ထပ် တစ်ချက်ကတော့ i7-8809G မှာ Integrated Graphic အနေနဲ့ ပါဝင်မယ့် Intel Graphics ရဲ့ နာမည်ကို “HD Graphics 630” လို့ အသုံးပြုထားပြီး။ Coffee Lake Processor တွေမှာလို “HD Graphics 630” ကို “UHD Graphics” လို့ မသုံးထားတာကြောင့်ပဲ ဖြစ်ပါတယ်။

                ဒါ့အပြင် i7-8809G မှာ အခြား Kaby Lake Processor တွေလို DDR4-2400 Memory အထိသာ Support လုပ်ပြီး Coffee Lake Core i7 Processor တွေ ကတော့ DDR4-2666 Memory အထိ Support လုပ်ပေးပါတယ်။ ကောလာဟလသတင်းတွေ အရ i7-8809G Processor ကို “Kaby-G” လို့ အမည်ပေးထားတယ်လို့လည်း သိရပါတယ်။

                Graphics ပိုင်းမှာတော့ Intel ရဲ့ HD Graphics 630 နဲ့ အတူ AMD ရဲ့ နောက်ဆုံးပေါ် Graphics နည်းပညာဖြစ်တဲ့ Vega Architecture ကိုအသုံးပြုထားပြီး “Vega M GH Graphics” လို့ အမည်ပေးထားတဲ့ Radeon RX Vega Graphic Card ကိုပါ Integrated Graphics အနေနဲ့ ထည့်သွင်းထားမှာပဲ ဖြစ်ပါတယ်။ “Vega M GH Graphics” နဲ့ ပတ်သတ်လို့ တိကျတဲ့ Specifications တွေတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ Intel Website, AMD Website နှစ်ခုလုံးမှာလည်း ဒီ Graphic Card မှာ Compute Units ဘယ်လောက် ပါဝင်မလဲဆိုတာကို ဖေါ်ပြထားခြင်း မရှိသေးပါဘူး။

                လွန်ခဲ့တဲ့ နှစ်တုန်းက Intel အနေနဲ့ AMD နဲ့ ပူးပေါင်းပြီး Processor တွေ ထုတ်လုပ်တော့မယ်လို့ ကြေငြာခဲ့တုန်းကတော့ Integrated Graphic Card တွေမှာ (High Bandwidth Memory) HBM2 ကို Access လုပ်နိုင်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် Intel ရဲ့ EMIB နည်းပညာ ပါဝင်တာကြောင့် Integrated RX Vega Graphic Card ပါတဲ့ i7-8809 Processor ကို အခြား Dedicated AMD Graphic Card တွေနဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Integrated Graphic Card မှာ HBM2 Memory ဘယ်လောက်ပါမယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ကျွမ်းကျင်ပညာရှင်တွေကတော့ 2GB ဒါမှမဟုတ် 4GB ပါဝင်လောက်တယ်လို့ ခန့်မှန်းထားကြပါတယ်။

                Power Consumption ကို 100W ပဲသတ်မှတ်ထားတယ် ဆိုပေမယ့် ဇယားမှာပါတဲ့ အခြား Processors တွေ ရဲ့ TDP နဲ့ ယှဉ်မယ်ဆိုရင် သိသိသာသာကို နည်းပါးနေပါတယ်။ Intel HD Graphic သာ ပါဝင်တဲ့ i7-8700K Processor မှာတောင် TDP 95W လိုအပ်တာ ဖြစ်တာကြောင့် အခုလို Graphic Option 2 ခု ပါဝင်တဲ့ i7-8809G လို Processor မျိုးမှာ Power အသုံးပြုမှုကို Intel အနေနဲ့ ဘယ်လို စီမံခန့်ခွဲသွားမလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

                Intel အနေနဲ့ AMD နဲ့ ပူးပေါင်းပြီး Gaming Laptop တွေအတွက် Graphic Card ပါတဲ့ Processor ကို ထုတ်လုပ်တော့မယ်လို့ ကြေငြာသွားခဲ့တဲ့ ပွဲတုန်းကတော့ သူတို့အနေနဲ့ Radeon Graphic Card ပါတဲ့ CPU တွေမှာ Core-H Grade CPU တွေကို အသုံးပြုသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။ Core-H Grade CPU တွေရဲ့ ပါဝါ အသုံးပြုမှုဟာဆိုရင် 45W သာရှိတာကြောင့် ကျန်ရှိနေတဲ့ 55W ကို Graphic Card အတွက် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

                CU ၈ ခုပါတဲ့ RX 550 Level Graphic Card အတွက်တောင် 55W ပါဝါ လိုအပ်တာ ဖြစ်တာကြောင့် အခု အသစ်ထွက်ရှိလာမယ့် i7-8809G Processor ရဲ့ Integrated GPU ဖြစ်တဲ့ “Vega M GH Graphics” မှာ CU ဘယ်လောက် သုံးထားမလဲ ဆိုတာကို မသိရသေးတဲ့အတွက် Power Consumption Limit က 100W ကျော်သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် ရအုံးမှာပဲ ဖြစ်ပါတယ်။

                Core i7-8809G Processor ကို အခြား Desktop Processors တွေ ကြားထဲမှာ ဖေါ်ပြထားတာ ဖြစ်တဲ့အပြင် ဇယားထဲမှာ Mobile Processor တစ်ခုမှ ပါဝင်ခြင်းမရှိတာကြောင့် i7-8809G Processor ကို Desktop/Socketed Motherboard အတွက် ရည်ရွယ်ပြီး ထုတ်ထားတာလို့ ယူဆ ရပါတယ်။ Intel အနေနဲ့ i7-8809G Processor တွေကို Coffee Lake အသုံးပြုနိုင်တဲ့ Motherboard တွေမှာ အသုံးပြုနိုင်တဲ့ Processor အရွယ်အစားနဲ့ ထုတ်လုပ်လိုက်မယ် ဆိုရင်တော့ Coffee Lake Processor အသုံးပြုသူတွေ အနေနဲ့ Motherboard အသစ်ထပ်လဲစရာမလိုပဲ အဆင်ပြေပြေနဲ့ Graphic Option 2 မျိုးပါတဲ့ i7-8809G Processor ကို အသုံးပြုနိင်မှာပဲ ဖြစ်ပါတယ်။

                ဒါ့အပြင် Coffee Lake အသုံးပြုနိုင်တဲ့ Motherboard တွေဟာ Vega Graphic နဲ့ CPU အတွက် Power Management ကောင်းကောင်း ပြုလုပ်ပေးနိုင်တာကြောင့် User တွေအနေနဲ့ Power Distribution ပိုင်းအတွက် ဘာမှစိတ်ပူစရာလိုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Intel က ပြသသွားတဲ့ Render တွေအရ Coffee Lake Processor အသုံးပြုနိုင်တဲ့ Motherboard တွေမှာ အသစ်ထွက်လာမယ့် i7-8809G Processor ကို အသုံးပြုနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်လောက်ပါဘူး။ i7-8809G အတွက် Motherboard အသစ်တစ်ခုကို မြင်တွေ့ရနိုင်ပါတယ်။ ဒါမှမဟုတ် Intel ရဲ့ Atom Processor တွေလိုမျိုး Onboard CPU (Motherboard နဲ့ တွဲလျက်ပါတဲ့ CPU) အနေနဲ့လည်း ထွက်လာနိုင်ပါတယ်။

                မကြာမီ အချိန်အတွင်း CES 2018 ပွဲလည်း ကျင်းပတော့မှာ ဖြစ်တာကြောင့် Intel အနေနဲ့ သူတို့ရဲ့ Processor အသစ်ကို Las Vegas မှာ ကျင်းပမယ့် CES ပွဲမှာ မိတ်ဆက် သွားမလား ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရမှာပါ။

This Article is contributed by Phyo Kyaw Swar.
References
AnanTech
About Author
Assinged Tags
Intel Graphics Card AMD AMD Processor CPU AMD Graphics CPU Overclock
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed