Apple အနေနဲ့ Mac မှာသုံးမယ့် Processor ရဲ့ Architecture ကို ကိုယ်ပိုင်ဒီဇိုင်းဆွဲတော့မှာလား?

date_range 06 April 2017

Apple အနေနဲ့ Mac မှာသုံးမယ့် Processor ရဲ့ Architecture ကို ကိုယ်ပိုင်ဒီဇိုင်းဆွဲတော့မှာလား?

visibility 3350 Views

                နှစ်ပေါင်းများစွာ iPhone တွေအတွက် GPU တွေရဲ့ Architecture ကို ဒီဇိုင်းဆွဲပေးခဲ့တဲ့အပြင်၊ Graphics နည်းပညာတွေပါ မျှဝေပေးခဲ့တဲ့ Imagination Technologies ဆိုတဲ့ကုမ္ပဏီနဲ့ Apple တို့ လက်တွဲဖြုတ်လိုက်ပြီ (ဒီသတင်းကို ဒီမှာ ဖတ်ရှုပါ) ဆိုတဲ့ သတင်းရဲ့နောက်မှာ ကျွမ်းကျင်သူတွေကလည်း ခန့်မှန်းချက်တွေထုတ်ကြပြီ ဖြစ်ပါတယ်။

ခန့်မှန်းချက်ကဘာလဲ?

                ခန့်မှန်းချက်ကတော့ Apple အနေနဲ့ အခုလိုမျိုး Imagination Technologies နဲ့လက်တွဲဖြုတ်ပြီး Hardware ရော၊ Software ရော သူတို့လက်ထဲမှာပဲ ထားချင်တော့တာဖြစ်တာကြောင့်၊ Mac တွေအတွက်လည်း Intel က CPU တွေမသုံးတော့ပဲ Mac မှာသုံးမယ့် Processor ရဲ့ Architecture ကို ကိုယ်ပိုင်ဒီဇိုင်းဆွဲနိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။

                Processor ရဲ့ Architecture ကိုယ်ပိုင်ဒီဇိုင်းပြန်ဆွဲမယ့်အခါမှာလည်း ARM (Advanced RISC Machines)-Based Processor တွေအဖြစ် ဒီဇိုင်းဆွဲမယ်လို့လည်း ဆိုထားပါသေးတယ်။ ARM-Based Processor တွေဟာ ပိုပြီးမြန်ဆန်တဲ့အပြင်၊ တစ်စက္ကန့်အတွင်းမှာ လက်ခံတွက်ချက်နိုင်တဲ့ တွက်ချက်မှုအရေအတွက်တွေလည်း ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။ 

                နောက်ပြီး Processor ကိုတည်ဆောက်ရာမှာ Transistor တွေသုံးရတာနည်းတာကြောင့် IC (Integrated Circuit) ရဲ့အရွယ်အစားလည်း ပိုမိုသေးငယ်ပါတယ်။ ဒါကြောင့် Processor ရဲ့အရွယ်အစားလည်း သေးငယ်သွားမှာ ဖြစ်ပါတယ်။ 

                ဒီလိုမျိုး ပိုမိုသေးငယ်သွားတာဟာ Processor ရဲ့ Power Consumption လည်းလျော့နည်းသွားမှာ ဖြစ်တာကြောင့် အကယ်လို့များ Apple က Mac မှာသုံးမယ့် Processor ရဲ့ Architecture ကို ကိုယ်ပိုင်ဒီဇိုင်းဆွဲတော့မယ်ဆိုရင် နောက်ထွက်လာမယ့် Mac အသစ်တွေဟာ အခု Mac တွေထပ် Battery ပိုခံမှာ ဖြစ်ပါတယ်။

ဘာကြောင့်မို့ ဒီလိုခန့်မှန်းချက်မျိုး ထုတ်နိုင်ရတာလဲ?

                အဓိကအချက်ကတော့ Apple အနေနဲ့ Hardware ရော၊ Software ရောကို သူတို့လက်ထဲမှာပဲ ထားချင်လို့ပါ။ ဒီအချက်ကိုလည်း Apple က အရမ်းအရေးပေးပါတယ်။ ဒီအချက်ကပဲ Apple ကထုတ်တဲ့ Product တွေရဲ့ Software နဲ့ Hardware ဟာ Compactible ဖြစ်တာပါ။ ဒီအချက်ကြောင့်ပဲ အဓိက Product ဖြစ်တဲ့ iPhone မှာအသုံးပြုမယ့် Chip ရဲ့ Architecture ကို Apple ကိုယ်တိုင်ဒီဇိုင်းဆွဲရတာပဲ ဖြစ်ပါတယ်။ 

                နောက်တစ်ချက်က Apple အတွက် အမြတ်ငွေနဲ့ ပစ္စည်းထုတ်လုပ်မှု ကုန်ကျစရိတ်ပါ။ ကိုယ်ပိုင်ဒီဇိုင်းဆွဲမှာဖြစ်တာကြောင့် မည်သည့်အတွက်မျှ အပိုကုန်ကျစရိတ်မရှိတော့ပါဘူး။ ပစ္စည်းထုတ်လုပ်မှုတွေအကုန်လုံးကို တရုတ်နိုင်ငံကနေ အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ထုတ်လုပ်ရမှာ ဖြစ်တာကြောင့် ထွက်ငွေတွေများနေတဲ့ Apple အနေနဲ့ တစ်ဖက်တစ်လမ်းကနေ ထွက်ငွေကိုလျှော့ချသွားဖို့ စီစဉ်ဖို့ကလည်း လိုအပ်ပါသေးတယ်။

အသုံးပြုသူတွေအတွက်ကော ကောင်းကျိုးရှိလား?

                ရှိပါတယ်။ ရှိတာမှ ဒီလိုမျိုးကိုယ်ပိုင်ဒီဇိုင်းဆွဲထားတဲ့ Processor သုံးမယ့် Mac တွေဟာ အခု Mac တွေနဲ့မတူအောင် ပိုမိုကောင်းမွန်သွားတဲ့အထိကို ရှိမှာပါ။

ကောင်းကျိုးနံပါတ်တစ်

                ကောင်းကျိုးကို ပြောမယ်ဆိုရင် Apple ရဲ့ဖခင်ကြီး Steve Jobs ရဲ့စကားကို အရင်ပြောရပါလိမ့်မယ်။ Steve Jobs ပြောခဲ့တာကတော့

“မင်း Hardware ရောင်းစားမယ်ဆိုရင် အဲ့ဒီ့ Hardware နဲ့ကိုက်ညီမယ့် Softwarre ကိုပါမင်း Develop လုပ်သင့်တယ်”

 ဆိုပြီး ဖြစ်ပါတယ်။

                Steve Jobs လက်ထက်ထဲကစပြီး Apple အနေနဲ့ Hardware ရော၊ Software ရော ကိုယ်တိုင်ထုတ်လုပ်ရောင်းချခဲ့တာ ယနေ့အထိပါပဲ။ ဒီအချက်ကြောင့်ပဲ Apple Product တွေဟာ သူမတူကောင်းမွန်သလို၊ အသုံးပြုသူကိုလည်း စိတ်ချမ်းသာစေပါတယ်။ 

                Apple ဘက်ကကြည့်ရင်လည်း Hardware ရော၊ Software ရော လက်ထဲမှာကိုင်ထားတာဖြစ်တဲ့အတွက် Hardware ပဲဖြစ်ဖြစ်၊ Software ပဲဖြစ်ဖြစ် Upgrade လုပ်လို့ လွယ်ကူသွားတာဖြစ်တဲ့အတွက် နည်းပညာရေစီးကြောင်း ဘယ်လောက်ကြီးပဲ ကြမ်းပါစေ၊ လိုက်ပါနိုင်တဲ့ အစွမ်းရှိပါတယ်။

                iPhone တွေ၊ iPad တွေကို ကြည့်ကြည့်ပါ။ Battery Life ပိုခံတယ်။ Performance ကောင်းမွန်တယ်။ Performance လည်းကျမသွားဘူး။ ဒီအချက်တွေဟာ Apple က Hardware ရော၊ Software ရော လက်ထဲမှာကိုင်ထားပြီး နှစ်ခုစလုံးညီတူမျှတူ အလုပ်လုပ်လို့ရအောင် အမြဲတမ်းပြုပြင်ခဲ့လို့ ဖြစ်ပါတယ်။

ကောင်းကျိုးနံပါတ်နှစ်

                နောက်ပြီး Mac အတွက် Processor ဟာ အမြဲတမ်း Update ဖြစ်နေမှာပါ။ Intel က CPU တွေဟာ ကောင်းပါတယ်။ ဒါပေမယ့် Apple အတွက်ကတော့ ပြဿနာတစ်ခု ရှိပါတယ်။ Intel အနေနဲ့ တစ်နှစ်တစ်မျိုး Processor အသစ်တွေ ထုတ်နေပေမယ့် အသစ်ထုတ်လိုက်တဲ့ Processor တွေကို Windows အသုံးပြုမယ့်စက်တွေအတွက်ပဲ ရည်ရွယ်ပြီးထုတ်တာဖြစ်တာကြောင့် Mac အသစ်တစ်ခု မိတ်ဆက်မယ်ဆိုရင်တောင် Intel Processor မျိုးဆတစ်ခု အမြဲတမ်းနောက်ကျပါတယ်။

                ဒီအချက်ဟာ Apple ကိုယ်တိုင် Mac မှာသုံးမယ့် Processor ရဲ့ Architecture ကိုဒီဇိုင်းဆွဲမယ်ဆိုရင် ဖြစ်မလာတော့ပါဘူး။ တစ်နှစ်တစ်မျိုး Performance ပိုမိုကောင်းလာမယ့် Processor အသစ်တွေကို Mac တွေမှာ တပ်ဆင်နိုင်တော့မှာ ဖြစ်ပါတယ်။


ကောင်းကျိုးနံပါတ်သုံး

                Intel က Mac အတွက်ထုတ်ပေးထားတဲ့ CPU တွေဟာ RAM ကန့်သတ်ချက်ရှိပါတယ်။ အများဆုံး 16GB အထိပဲ ထည့်လို့ရပါတယ်။​ ဒီ့အတွက်ကြောင့်လည်း အသစ်ထွက်လာတဲ့ 2016 MacBook Pro တွေမှာ အများဆုံး RAM ပမာဏ 16GB ထိပဲ တိုးနိုင်တာကြောင့် MacBook Pro တွေဟာ Pro တွေကိုင်သင့်တဲ့ Laptop မဟုတ်ဘူးလို့ အလှောင်ခံခဲ့ရပါတယ်။

                ဒီပြဿနာဟာ Apple ကိုယ်တိုင် Mac မှာသုံးမယ့် Processor ရဲ့ Architecture ကိုဒီဇိုင်းဆွဲမယ်ဆိုရင် အေးဆေးဖြစ်သွားပါပြီ။ MacBook Pro သမားတွေအတွက်ကတော့ RAM များများပါမယ့် Mac တစ်လုံးကို အသုံးပြုရမှာ ဖြစ်ပါတယ်။


Apple အနေနဲ့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ?

                အဓိကအနေနဲ့ တိုင်ပတ်မှာက Software ပါ။ Processor Architecture မတူညီတော့တာကြောင့် macOS ကိုလည်း အစကနေ ပြန်ရေးရသလို ဖြစ်နေမှာပါ။ 

                ဒါပေမယ့်လည်း ဒီအခက်အခဲဟာ Apple အတွက် နှစ်ခါတိတိရင်ဆိုင်ခဲ့ပြီးဖြစ်တာကြောင့် စိတ်ပူစရာတော့ သိပ်လိုမှာမဟုတ်ပါဘူး။ ၁၉၉၄ ခုနှစ်တုန်းက Motorola 68000 ကနေ PPC ကို ပြောင်းတုန်းကတစ်ခါ၊ ၂၀၀၆ ခုနှစ် PPC ကနေ Intel ကို ပြောင်းတုန်းကတစ်ခါ၊ Apple အနေနဲ့ Sotware ကိုပါ ပြန်လည်ပြုပြင်ခဲ့ပြီးပြီးဆိုတော့ သိပ်တော့စိတ်ပူစရာမရှိပါဘူး။

                နိဂုံးအနေနဲ့ Apple ဘက်က ဒီလိုမျိုးလုပ်လိုက်တယ်ဆိုရင်တော့ Mac တွေဟာ Performance ပိုင်းမှာ အရင်ကထက်ပိုမိုကောင်းမွန်လာမယ် ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။

References
9to5Mac
About Author
Assinged Tags
macOS MacBook Pro Intel Processor ARM Processor
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed