AR နဲ့ Eye Tracking နည်းပညာကုမ္ပဏီတစ်ခုကို Apple ဝယ်ယူ

date_range 28 June 2017

AR နဲ့ Eye Tracking နည်းပညာကုမ္ပဏီတစ်ခုကို Apple ဝယ်ယူ

visibility 260 Views

                Apple ဟာ ဂျာမနီအခြေစိုက် Computer Vision ကုမ္ပဏီတစ်ခုဖြစ်တဲ့ SensoMotoric Instruments ကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

                SensoMotorics Instruments ကုမ္ပဏီဟာ ၁၉၉၁ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ AR Glasses တွေနဲ့ VR Headsets တွေမှာ အသုံးပြုတဲ့ မျက်လုံးလှုပ်ရှားမှုအာရုံခံနည်းပညာ ( Eye-Tracking Technology ) ပိုင်းကို အဓိကလုပ်ဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

                AR နဲ့ VR ကုမ္ပဏီတစ်ခုဖြစ်တဲ့ SensoMotorics ကို ဝယ်လိုက်တာကို ကြည့်မယ်ဆိုရင် Apple အနေနဲ့ AR နဲ့ VR ပိုင်းမှာ တော်တော်အာရုံစိုက်နေတယ်ဆိုတာ သိသာပါတယ်။ Apple ဟာ မကြာသေးမီကလည်း အစ္စရေးအခြေစိုက် Face Recognition ကုမ္ပဏီ RealFace ကို ဒေါ်လာ ၂ သန်းနဲ့ ဝယ်ယူခဲ့သလို၊ Oculus နဲ့ HoloLens မှာ လုပ်ဖူးတဲ့ အင်ဂျင်နီယာတွေကို ခေါ်ယူထားပါတယ်။

                Apple ရဲ့ ထုံးစံအတိုင်း ကုမ္ပဏီတစ်ခုခုကို ဝယ်ပြီးရင် ဝယ်လိုက်ကြောင်းတောင် မကြေငြာတတ်သလို၊ အဆိုပါကုမ္ပဏီကို Apple အတွက် ဘယ်လိုအသုံးချဖို့ ရှိလဲဆိုတာ ပြောပြလေ့မရှိတဲ့အတွက် SensoMotoric Instruments နဲ့ ပတ်သတ်ပြီးလည်း Apple ရဲ့ အနာဂတ်အစီအစဉ်တွေကို အသေအချာမသိရသေးပါဘူး။ ဒါပေမယ့် Apple CEO Tim Cook ကတော့ သူ့အနေနဲ့ AR နည်းပညာအပေါ် အကြီးအကျယ်စိတ်လှုပ်ရှားနေကြောင်း ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။

                iOS 11 ကို မိတ်ဆက်ခဲ့တဲ့ WWDC 2017 ပွဲမှာလည်း Apple ဟာ Developers တွေအနေနဲ့ iPhones, iPads က ကင်မရာနဲ့ Sensors တွေကို ကောင်းကောင်းအသုံးချပြီး Apps အသစ်တွေကို ဖန်တီးနိုင်မယ့် ARKit Platform ကို မိတ်ဆက်ပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒီအချက်တွေ အားလုံးကို စုပေါင်းကြည့်မယ်ဆိုရင် သိပ်မဝေးတော့တဲ့ အနာဂတ်မှာ စိတ်လှုပ်ရှားစရာ Apple Software ဖြစ်ဖြစ် Hardware ဖြစ်ဖြစ် Product အသစ်တစ်ခုကို တွေ့မြင်ရတော့မှာ သေချာသလောက်ရှိပါတယ်။

References
The Verge
About Author
Assinged Tags
Augmented Reality Virtual Reality Apple Acquisitions
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed