Tesla ရဲ့ စွမ်းအင်သိုလှောင်တဲ့ နည်းပညာကို အသုံးပြုမယ့် UK က အဆောက်အဦး

date_range 17 June 2017

Tesla ရဲ့ စွမ်းအင်သိုလှောင်တဲ့ နည်းပညာကို အသုံးပြုမယ့် UK က အဆောက်အဦး

visibility 240 Views

                UK မှာရှိတဲ့ အိမ်ခြံမြေ စီမံကိန်း ကုမ္ပဏီတစ်ခုက Elon Musk ပိုင်တဲ့ Tesla ရဲ့ ဘက်ထရီနည်းပညာကို အသုံးချပြီး သူတို့ပိုင်တဲ့ အဆောက်အဦးတစ်ခုကို ဓာတ်အားပေးဖို့အတွက် စီစဉ်နေပြီး စွမ်းအင်အတွက်ကုန်ကျနေတဲ့ အသုံးစားရိတ်တွေကို အပြီးတိုင် ဖြတ်တောက်လိုက်နိုင်ဖို့ ကြံရွယ်ထားတယ်လို့ သိရပါတယ်။


စတုရန်းပေ ၆၉,၀၀၀ အကျယ်ရှိ HUB69

                စက်မှုဇုန်တွေကို စီမံကိန်းရေးဆွဲ တည်ဆောက်ပေးနေတဲ့ IM Properties ကုမ္ပဏီက Tesla ရဲ့ နည်းပညာကို West Midlands မှာရှိတဲ့ သူတို့ရဲ့ စတုရန်းပေ ၆၉,၀၀၀ အကျယ်အဝန်းရှိ HUB69 လို့ အမည်ရတဲ့ အဆောက်အဦးမှာ အသုံးချဖို့အတွက် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

                အဲဒီအဆောက်အဦးဟာ UK မှာရှိတဲ့ အဆောက်အဦးတွေထဲမှာ Tesla ရဲ့ နည်းပညာကို ဦးဦဖျားဖျားအသုံးပြုလာတာဖြစ်ပြီး Tesla အနေနဲ့လည်း အဲဒီနည်းပညာက အသုံးပြုသူတွေအတွက် ကုန်ကျစရိတ်ကို ဘယ်လောက်ထိချွေတာပေးနိုင်မလဲ၊ နောက်ပြီး သဘာဝပတ်ဝန်းကျင်အတွက်ရော ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာတွေကိုပါ လေ့လာစောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

                Tesla ကုမ္ပဏီရဲ့ အဆိုအရတော့ အဲဒီနည်းပညာက စွမ်းအင်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာဖြစ်သလို စွမ်းအင်အတွက် ကုန်ကျတဲ့ စားရိတ်ကိုလည်း မရှိသလောက်နီးပါးအထိ လျှော့ချပေးနိုင်မယ်လို့ သိရပါတယ်။ IM ရဲ့ ပြောစကားအရလည်း ဒီနည်းပညာကို အသုံးပြုမယ်ဆိုရင် အဆောက်အဦးမှာ နေထိုင်သူတွေအတွက် တစ်နှစ်ကို ပေါင် ၃၇,၀၀၀ (သုံးသောင်း ခုနှစ်ထောင်) သက်သာစေမှာဖြစ်ပြီး အဆောက်အဦးအတွက် စုစုပေါင်းတန်ဖိုးကိုလည်း မြင့်တက်လာစေမှာ ဖြစ်ပါတယ်။

                အဆောက်အဦးရဲ့ ခေါင်မိုးပေါ်မှာ တပ်ဆင်မယ့် Photovoltaic လို့ခေါ်တဲ့ အလင်းရောင်ကနေ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးတဲ့ cell panel တွေက ရတဲ့ စွမ်းအင်ကို Tesla Powerpack battery တွေထဲမှာ ပို့လွှတ်ပေးမှာဖြစ်ပါတယ်။ အဆိုပါစွမ်းအင်တွေကို အဆောက်အဦးအတွက် ချက်ချင်းအသုံးပြုနိုင်မှာဖြစ်သလို ညအခါမှာအသုံးပြုဖို့နဲ့ UK လို နေရာမျိုးမှာ ကြုံတောင့်ကြုံခဲအခြေအနေလို့ ပြောရမယ့် နေမသာတဲ့ နေ့မျိုးတွေမှာ အသုံးပြုဖို့အတွက်လည်း သိုလှောင်ထားလို့ ရနိုင်မယ်လို့ သိရပါတယ်။ 


“အခုနည်းပညာသာ တကယ်တမ်း အကောင်အထည်ပေါ်လာပြီဆိုရင် အခုလက်ရှိ အဓိကအသုံးပြုနေတဲ့ စွမ်းအင်အရင်းအမြစ်ကို အရံအနေနဲ့ အသုံးပြုဖို့သက်သက်ပဲ လိုတော့မှာပါ”

                လို့ Tesla မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုပါတယ်။

“တကယ်လို့ ခင်ဗျားကသာ လျှပ်စစ်မီတာခအတွက် ကုန်ကျစရိတ် ဒီလောက်၊ ဒီလောက် ပေးရမယ် ဆိုပြီး တစ်ယောက်ယောက်ကို ပြောဖို့ဆိုတာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စပဲ။ အဲ... ဒါပေမယ့် ခင်ဗျားကသာ ခင်ဗျားမှာ ဒီလိုနည်းပညာရှိတယ်၊ ဒီလိုမျိုး ဝန်ဆောင်မှုတွေရှိတယ်။ အဲ့ဒါတွေကြောင့် လျှပ်စစ်မီတာခအတွက် ပိုက်ဆံကုန်တော့မှာ မဟုတ်ဘူးဆိုတဲ့အကြောင်းကိုတော့ အတော်ကို ရှင်းပြယူရမှာပဲ”

                လို့ UK မှာရှိတဲ့ IM ရဲ့ Development Director ဖြစ်သူ Kevin Ashfield က ဆိုပါတယ်။ 

“ကျွန်တော်တို့ John Lewis လုပ်ပြခဲ့သလိုမျိုးပဲ လုပ်ငန်းစုတွေ အများကြီးကို မကုန်ဆုံးနိုင်တဲ့ စွမ်းအင်အရင်းအမြစ်တွေရဲ့ အရေးပါတဲ့အကြောင်းကို ရှင်းပြတာတွေ လုပ်ခဲ့ပြီးပါပြီ။"

(John Lewis ဆိုတာကတော့ UK မှာရှိတဲ့ စတိုးဆိုင်လုပ်ငန်းဖြစ်ပြီး 2013 ခုနှစ်မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ တစ်သက်တာစွမ်းအင်သုံးစွဲမှုအတွက် ကုန်ကျစရိတ်ကို နှိုင်းယှဉ်တွက်ချက်ပြခဲ့ပါတယ်။ တွက်ချက်မှုတွေအရ အမျိုးအစားမတူတဲ့ အဝတ်အခြောက်ခံစက် နှစ်လုံးမှာ တစ်လုံးက နောက်တစ်လုံးထက် ကိုးနှစ်တာကာလအတွင်းမှာ ဒေါ်လာ ၁,၄၀၀ ပိုပြီး ကုန်ကျမယ် ဆိုတာမျိုးတွေကို တွက်ချက်ပြနိုင်ခဲ့ပါတယ်။)

"ဒါကြောင့် တကယ်လို့ သူတို့မှာ ပုံစံတူ အဆောက်အဦးနှစ်ခုရှိတယ်ဆိုရင်တောင်မှ ဘယ်အဆောက်အဦးကို ရွေးချယ်မလဲဆိုတာကို ကျွန်တော် သိနေပါပြီ”

                လို့ Kevin Ashfield က ဆက်လက်ပြောသွားခဲ့ပါတယ်။

                UK မှာတင် မဟုတ်ဘဲ ကမ္ဘာ့နေရာအနှံ့မှာရှိတဲ့ တချို့အဆောက်အဦးတွေမှာလည်း Tesla ရဲ့ ဘက်ထရီနည်းပညာကို အသုံးပြုနေကြပါတယ်။

Tesla ၏ နည်းပညာကို အသုံးပြုထားသော StudHub Center  (LA Galaxy အသင်း၏ အိမ်ကွင်း)

                မေဂျာလိဂ် ကလပ်ဖြစ့်တဲ့ LA Galaxy အသင်းရဲ့ အိမ်ကွင်း StudHub Center မှာဆိုရင်လည်း စွမ်းအင်အသုံးစရိတ်ကို ထိန်းချုပ်ဖို့အတွက်နဲ့ Southern California မှာရှိတဲ့ လျှပ်စစ်ဓာတ်အားရုံကနေ စွမ်းအင်အမြောက်အမြား သုံးစွဲတာကို လျှော့ချဖို့အတွက် Tesla ရဲ့ နည်းပညာကို သုံးစွဲနေပါပြီ။

                အဲဒီစနစ်ကြောင့် ဓာတ်အားသုံးစွဲမှုမများတဲ့  off peak hour အချိန်တွေမှာ ဓာတ်အားရုံကနေ ပို့လွှတ်လာတဲ့ ပိုလျှံနေတဲ့ စွမ်းအင်တွေကို သိုလှောင်ထားနိုင်မှာဖြစ်ပြီး ဓာတ်အားရုံကနေ ဓာတ်အားထုတ်ယူသုံးစွဲမှုများပြားတဲ့ ညနေပိုင်း peak hour တွေမှာတော့ သိုလှောင်ထားတဲ့ စွမ်းအင်တွေကို ပြန်လည်သုံးစွဲနိုင်မှာဖြစ်ပါတယ်။

                တောင်အာဖရိကနိုင်ငံ၊ Kruger National Park မှာရှိတဲ့ Singita Lebombo နဲ့ Sweni Lodges တို့မှာဆိုရင်လည်း ဓာတ်အားရုံနဲ့ ချိတ်ဆက်ထားစရာ မလိုတဲ့ powerpack စနစ်ကို ထည့်သွင်းထားပြီး SolarAfrica က on-site solar panel တွေနဲ့ ချိတ်ဆက်ထားတာကြောင့် lodges (အပန်းဖြေအိမ်ရာ) တွေအတွက် လိုအပ်တဲ့စွမ်းအင်တွေကို ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်ဖြစ်တဲ့ နေရောင်ခြည်ကနေ လုံလုံလောက်လောက်ထုတ်လုပ် အသုံးချလျက် ရှိပါတယ်။ ဒီ့အပြင် Tesla ကုမ္ပဏီအနေနဲ့ လက်ရှိမှာလည်း US အိမ်ထောင်စုတွေအတွက် Infinity Warranty ပေးမယ့် Solar Roof ( ဆိုလာအမိုး) တွေကို စတင်ရောင်းချလျက်ရှိပြီး၊ ဆိုလာစွမ်းအင်ကို လူသားတွေ အကောင်းဆုံးအသုံးချနိုင်အောင် ကြိုးစားလျက်ရှိပါတယ်။

This Article is Contributed by Min Hein Kyaw
References
Forbes EGI
About Author
Assinged Tags
Science Tesla technology Tesla Battery Solar Power Battery Technology
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed