“Infinity Warranty” ပေးမယ့် Tesla ရဲ့ ဆိုလာအမိုးပြားတွေကို စတင်မှာယူနိုင်ပြီ

date_range 12 May 2017

“Infinity Warranty” ပေးမယ့် Tesla ရဲ့ ဆိုလာအမိုးပြားတွေကို စတင်မှာယူနိုင်ပြီ

visibility 200 Views

                Tesla ကုမ္ပဏီက ထုတ်လုပ်ရောင်းချမယ့် ဆိုလာအမိုးပြား “Solar Roof Tiles” တွေကို ယနေ့ကစတင်ကာ မှာယူတပ်ဆင်နိုင်ပြီဖြစ်ကြောင်း ကုမ္ပဏီ CEO ဖြစ်သူ Elon Musk က Twitter စာမျက်နှာကနေ တရားဝင်ကြေငြာလိုက်ပါပြီ။

                Tesla ရဲ့ ဆိုလာအမိုးပြားတွေဟာ သာမန်ဆိုလာပြားတွေလို ရုပ်ဆိုးဆိုးမှန်ချပ်ကြီးတွေ မဟုတ်ဘဲ၊ အိမ်တွေမှာ တပ်ဆင်နေကြ အုပ်ကြွပ်ပြားတွေပုံစံပါပဲ။ သာမန်အုပ်ကြွပ်ပြားတွေထက်တောင် ဒီဇိုင်းပိုမိုက်ပြီး၊ အိမ်မှာ ဆိုလာအမိုးတပ်ထားမှန်းတောင် သိသာမှာမဟုတ်ပါဘူး။

                Solar Roof ကို စတင်မိတ်ဆက်ခဲ့တုန်းက ပြသခဲ့တဲ့ ဆိုလာအချပ်ဒီဇိုင်းလေးမျိုးထဲက လောလောဆည်မှာ “Textured” နဲ့ “Smooth” ဒီဇိုင်းနှစ်မျိုးကိုပဲ မှာယူတပ်ဆင်နိုင်ဦးမှာဖြစ်ပြီး၊ ကျန်တဲ့ ဒီဇိုင်းနှစ်ခုကိုတော့ ၂၀၁၈ ခုနှစ်ကျမှ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။


                ဆိုလာအမိုးပြားတွေကို အကြမ်းခံမှန်ပြားတွေနဲ့ ပြုလုပ်ထားပြီး၊ သာမန်ခေါင်မိုးအုပ်ကြွပ်ပြားတွေထက် သုံးဆ ပိုမိုခံနိုင်ရည်ရှိပါတယ်။ ဒီထက်ထူးခြားတာကတော့ Tesla ကုမ္ပဏီဟာ ဒီဆိုလာအမိုးပြားတွေကို “အဆုံးအစမရှိ အာမခံ” ပေးသွားမှာဖြစ်ပါတယ်တဲ့။




                လက်ရှိမှာ US က အိမ်ထောင်စုတွေပဲ မှာယူတပ်ဆင်လို့ရဦးမှာဖြစ်ပေမယ့်၊ နောက်နှစ်ထဲမှာ တခြားနိုင်ငံတွေကိုလည်း ဝန်ဆောင်မှုပေးဖို့ရှိကြောင်း Musk က ပြောကြားခဲ့ပါတယ်။

                စျေးနှုန်းအနေနဲ့ကတော့ Solar Roof တစ်စတုရန်းပေကို ၂၁.၈၅ ဒေါ်လာလောက်ကျသင့်မှာဖြစ်ပြီး၊ စတုရန်းပေ ၃,၀၀၀ လောက် မိုးမယ်ဆိုရင် ဒေါ်လာ ၆၅,၀၀၀ လောက် ကျသင့်မှာပါ။ စတုရန်းပေ ၃.၀၀၀ ကိုပဲ သာမန်သင်ပုန်းအုပ်ကြွပ်မိုးမယ်ဆိုရင် ဒေါ်လာ ၄၅,၀၀၀ လောက် ခန့်မှန်းခြေကျသင့်မှာဆိုတော့ စျေးနှုန်းက သိပ်မကွာပေမယ့်၊ တစ်အိမ်လုံးသုံးဖို့ လျှပ်စစ်ဓာတ်အားလည်းရမယ်၊ မီတာခလည်း သက်သာမှာဆိုတော့ စျေးက အားလုံးခန့်မှန်းထားတာထက် တော်တော်တန်တယ်လို့ ပြောရမှာပါ။ ဒါပေမယ့် တပ်ဆင်ခတွေ၊ လက်ရှိ ခေါင်မိုးဖြုတ်ခတွေတော့ ထပ်မံပေးဆောင်ရဦးမှာပါ။

                တပ်ဆင်ခထဲမှာ 14 kWh ရှိတဲ့ Powerwall 2 Battery လည်း ပါရှိပြီး၊ ဆိုလာအမိုးကနေ ရရှိတဲ့ လျှပ်စစ်ဓာတ်အားကို သိုလှောင်ထားနိုင်ကာ၊ အိပ်ခန်း ၄ ခန်းတွဲပါ အိမ်တစ်လုံးရဲ့ သာမန်လျှပ်စစ်အသုံးပြုမှုကို တစ်ရက်တိတိ အေးဆေးထောက်ပံ့ပေးနိုင်ပါတယ်။

                ဒါပေမယ့် Solar Roof တပ်ပြီးသွားရင် ပြန်ကာမိမယ့် လျှပ်စစ်ဓာတ်အားခတွေနဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် နှစ် ၃၀ အတွင်းမှာ Solar Roof တပ်ဆင်ခကိုတောင် ပြန်ကျော်သွားမှာဖြစ်တယ်လို့ Tesla က ဆိုပါတယ်။ ဓာတ်အားလိုင်းတွေကို မှီခိုနေစရာမလိုဘဲ ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားနဲ့ အေးအေးဆေးနေနိုင်မယ့် အကျိုးကျေးဇူးကိုလည်း ထည့်တွက်ကြည့်ပေါ့။ Solar Roof တပ်ဆင်ခနဲ့ နှစ် ၃၀ အတွင်း လျှပ်စစ်ဓာတ်အားခ သက်သာမယ့်တန်ဖိုးတွေကို တွက်ချက်နိုင်မယ့် Online Calculator ကို Tesla က ထုတ်ပေးထားပေမယ့်၊ US က User တွေပဲ ဝင်တွက်လို့ရပါသေးတယ်။ 

                Tesla Solar Roof နဲ့ ပတ်သတ်ပြီး သိထားသင့်တာတစ်ခုက ခေါင်မိုးပြားတိုင်းက ဆိုလာပြားတွေ ဖြစ်မှာမဟုတ်ဘဲ၊ နေရောင်ခြည်ရရှိမှုနဲ့ အိမ်အခြေအနေပေါ်မူတည်ပြီး၊ Non-Solar အပြားတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ Non-Solar ကော Solar အပြားတွေကော အိမ်အပြင်ဘက်ကကြည့်ရင် ဒီဇိုင်းတစ်ခုတည်း မြင်ရမှာဖြစ်တာကြောင့် အိမ်အလှပျက်ယွင်းသွားမှာမဟုတ်ပါဘူး။ Teslar Solar Roof တပ်ဆင်ထားတဲ့ အိမ်ပုံစံကို အောက်မှာကြည့်ရင် သိနိုင်ပါတယ်။


References
DailyMail
About Author
Assinged Tags
Renewable Energy Tesla Solar Roof
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed