၁၀ နှစ်အရွယ် ကောင်မလေးပို့ပေးခဲ့တဲ့ စာတစ်စောင်ကြောင့် Video Contest လုပ်ပေးတော့မယ့် Tesla

date_range 07 March 2017

၁၀ နှစ်အရွယ် ကောင်မလေးပို့ပေးခဲ့တဲ့ စာတစ်စောင်ကြောင့် Video Contest လုပ်ပေးတော့မယ့် Tesla

visibility 180 Views

                မတ်လ ၁ ရက်နေ့တုန်းက ၁၀ နှစ်အရွယ် ငါးတန်းကျောင်းသူလေးက သူ့အဖေအကူညီနဲ့ Tesla ကုမ္ပဏီရဲ့ CEO လည်းဖြစ်၊ SpaceX ရဲ့ CEO လည်းဖြစ်သူ Elon Musk ကို အကြံပေးစာတစ်စောင် ပို့ခဲ့ပါတယ်။ (ကျွန်တော်တို့ TechX ဆိုတဲ့ နာမည်ကလည်း SpaceX ကုမ္ပဏီရဲ့နာမည်ကို Inspiration ယူထားတာဖြစ်ပါတယ်။)

စာထဲမှာ

“Elon Musk ရှင့်၊

                သမီးနာမည်ကတော့ Bria ဖြစ်ပြီး Ms. Esparza တာဝန်ယူထားတဲ့ စာသင်ခန်းမှ ငါးတန်းကျောင်းသူလေး ဖြစ်ပါတယ်။ အခုစာရေးလိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ ဦးတို့ကုမ္ပဏီကို အကြံညဏ်လေးတစ်ခုလောက် ပေးချင်လို့ပါ။ နောက်ပြီး Tesla ကထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေဟာ သဘာဝပတ်ဝန်းကျင်ကိုပါ မထိခိုက်စေရဘူးဆိုတဲ့ Idea ကိုလည်း သမီးကြိုက်ပါတယ်။

                Tesla က ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေကို မကြော်ငြာဘူးဆိုတာ သမီးသတိထားမိပါတယ်။ ဒါပေမယ့် Tesla ပရိတ်သတ်တွေက သူတို့ကိုယ်တိုင် ကြော်ငြာဗီဒီယိုလေးတွေ လုပ်ထားကြတာကို သမီးကြည့်ရပါတယ်။ Professional လည်းဆန်သလို၊ Entertaining လည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Video Contest လေးတစ်ခု လုပ်ပေးပြီးတော့ အနိုင်ရတဲ့သူတွေရဲ့ ကြော်ငြာဗီဒီယိုကို ပစ္စည်းတွေကြော်ငြာတဲ့နေရာမှာ သုံးပေးလို့ရပါတယ်။ ဒီလိုမျိုးလုပ်ပေးလိုက်တာကြောင့် ကြော်ငြာဗီဒီယိုတွေအတွက် သုံးရမယ့် အချိန်အား၊ လူအားကို လျှော့ချနိုင်သလို၊ Tesla ရဲ့ပရိတ်သတ်တွေကလည်း Tesla ကိုပိုချစ်သွားမှာပါ။ အနိုင်ရတဲ့သူတွေကိုတော့ Tesla ရဲ့ Supercharging နဲ့ Model 3 Easter Egg တွေတော့ တစ်နှစ်စာ အလကားပေးသင့်တာပေါ့။

                သမီးအဖေကလည်း InsideEVs.com နဲ့ U.S. News & World Report မှာ မော်တော်ကားတွေအကြောင်း ရေးသားနေတဲ့ စာရေးဆရာတစ်ယောက်ပါ။ သူပြောလို့ Tesla ကုမ္ပဏီရဲ့ အကြောင်းကိုသိရှိခဲ့တာပါ။ သမီးတို့နှယောက် Tesla အတွက် ပရိသတ်တွေလုပ်ထားတဲ့ ကြော်ငြာဗီဒီယိုတွေကို ကြည့်ဖူးပါတယ်။ ဒီ့အပြင် Troy, Michigan က Somerset Mall မှာပြသထားတဲ့ Model X ကားထဲမှာလဲ ထိုင်ကြည့်ဖူးပါတယ်။

                ပြီးတော့ Tesla က ထုတ်လုပ်လိုက်တဲ့ကားတွေဟာ သမီးဘဝမှာ အကောင်းဆုံးကားတွေအဖြစ် မြင်ဖူးခြင်းပါ။ ကြီးလာရင်လည်း Tesla ကထုတ်တဲ့ကားတွေပဲ စီးချင်ပါတယ်။ Michigan မှာ Tesla တွေရောင်းခွင့်မရှိကတော့ ဝမ်းနည်းစရာကောင်းပါတယ်။ ကိုယ်စီးချင်တဲ့ကားကို တခြားပြည်နယ်ထိသွားစီးရတာ မမိုက်ပါဘူး။ သမီးကြီးလာရင် နိုင်ငံရေးသမားတစ်ယောက် ဖြစ်ချင်ပါတယ်။ ဖြစ်လာခဲ့ရင်လည်း Tesla ကားတွေကို ပြည်နယ်တိုင်းမှာ ဝယ်လို့ရနိုင်အောင် လုပ်သွားမယ့်အပြင်၊ အစိုးရဘက်ကလည်း သဘာဝပတ်ဝန်းကျင်တွေကို ထိန်းသိမ်းအောင်ကြိုးစားသွားမှာပါ။

                သမီးအဖေက ဒီစာကို Twitter ကနေလည်း ပို့ပေးဦးမှာပါ။ ဦးစာပြန်တာ ပိုမြန်အောင်လို့ပါ။ ဦးဆီကပြန်စာကို မြန်မြန်ရမယ်လို့ မျှော်လင့်ပါတယ်။ ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ အတန်းဖော်တွေကို ပြောပြချင်လို့ပါ။

ကျေးဇူးတင်ပါတယ်။

Tesla လိုမျိုး အစိမ်းရောင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ချင်သူ ပရိတ်သတ်တစ်ဦး

Bria

စာကြွင်း။    ။Tesla T-Shirt လေးတစ်ထည်လောက် လက်ဆောင်ပေးရင် ကောင်းမှာပဲ။”

လို့ ရေးထားပါတယ်။ အောက်မှာ ကလေးမလေးရေးထားတဲ့စာကို ဓာတ်ပုံအနေနဲ့ပြထားပါတယ်။


                ကောင်မလေးရဲ့ အဖေကလည်း Twitter မှာ ကောင်မလေးရေးထားတဲ့ စာကို ဓာတ်ပုံအနေနဲ့ Tweet လုပ်ထားပါသေးတယ်။ အောက်ကဓာတ်ပုံမှာ ကြည့်ရှုနိုင်ပါတယ်။


                Elon Musk လည်း ဒီကလေးလေးရဲ့စာကိုဖတ်ပြီး အရမ်းသဘောကျသွားပြီး ကောင်မလေးပြောတဲ့ Idea အတိုင်း Tesla က Video Contest ပြုလုပ်သွားမယ်လို့ သူ့ရဲ့ Twitter မှာ Tweet လုပ်ထားပါတယ်။


                အဲ့ဒီ့နောက်မှာတော့ Tesla က Project Loveday ဆိုတဲ့ Video Contest လေးတစ်ခုပြုလုပ်သွားမယ့်အပြင် ဒီပြိုင်ပွဲထဲက အကောင်းဆုံး စက္ကန့် ၉၀ စာ ဗီဒီယိုကြော်ငြာတစ်ခုကို ရွေးထုတ်သွားမယ်လို့ သိရပါတယ်။

                စည်းကမ်းချက်တွေကတော့ ရှင်းပါတယ်။ ယှဥ်ပြိုင်ချင်တဲ့သူတွေဟာ သူတို့ပြုလုပ်ထားတဲ့ ဗီဒီယိုကို အင်တာနက်ပေါ်မှာ တင်ထားရမှာဖြစ်ပြီး Tesla ကို ဗီဒီယိုရဲ့လင်ခ့်ကို ပေးပို့ရမှာပါ။ ဗီဒီယိုဟာ Tesla ရဲ့ နေရောင်ခြည်စွမ်းအင်သုံးတဲ့ ပစ္စည်းတွေအကြောင်းနဲ့ Tesla ရဲ့ ကမ္ဘာတစ်ခုလုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးနိုင်ရမယ်ဆိုတဲ့ အဓိကရည်ရွယ်ချက် ပါဝင်ရမှာ ဖြစ်ပါတယ်။ 

                နောက်ပြီး ဗီဒီယိုတွေဟာ အသက်အရွယ်အားလုံးကြည့်ရှုနိုင်တဲ့ ဗီဒီယိုဖြစ်ရမှာဖြစ်ပြီး သွေးထွက်သံယိုတွေ၊ လိင်ပိုင်းဆိုင်ရာတွေ၊ ယုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ မပါရှိရပါဘူး။ Submit လုပ်ထားတဲ့ ဗီဒီယိုတွေကို ဒိုင်လူကြီးတွေက စစ်ဆေးပြီး အကောင်းဆုံး ဗီဒီယို ၁၀ ခုကိုရွေးချယ်ပြီး၊ အဲ့ဒီ့ ၁၀ ခုထဲကမှ သုံးခုကို ထပ်မံရွေးချယ်ပြီး အရွေးခံရတဲ့ ဗီဒီယိုတွေကို လူမှုစာမျက်နှာတွေမှာ Share သွားမှာပါ။ 

                ပထမဆုရတဲ့ ဗီဒီယိုကို ပြုလုပ်တဲ့သူဟာ Tesla ကုမ္ပဏီဆီသို့ ဖိတ်ခေါ်မှာဖြစ်ပြီး နောက်ထွက်လာမယ့် Tesla ပစ္စည်းသစ်တွေ မိတ်ဆက်တဲ့ပွဲကို တက်ရောက်ခွင့်လည်းရရှိမှာပါ။

References
The Verge
About Author
Assinged Tags
Elon Musk Tesla Video Contest Project Loveday Sustainable Energy Tesla Model X SpaceX
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed