Lithium-Ion ဘက်ထရီ စတင်တီထွင်ခဲ့သူက ဘက်ထရီသုံးဆပိုခံတဲ့ ဘက်ထရီနည်းပညာအသစ်ကို မိတ်ဆက်

date_range 06 March 2017

Lithium-Ion ဘက်ထရီ စတင်တီထွင်ခဲ့သူက ဘက်ထရီသုံးဆပိုခံတဲ့ ဘက်ထရီနည်းပညာအသစ်ကို မိတ်ဆက်

visibility 550 Views

                ယခုခေတ် အီလက်ထရောနစ်ပစ္စည်းတွေနဲ့ လျှပ်စစ်ကားတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ Lithium-Ion ဘက်ထရီအမျိုးအစားကို စတင်တီထွင်ခဲ့သူတစ်ဦးဖြစ်တဲ့ John Goodenough ဟာ ဘက်ထရီနည်းပညာအသစ်တစ်မျိုးကို ထပ်မံတီထွင်လိုက်နိုင်ပါပြီ။

                Texas Austin တက္ကသိုလ်ရဲ့ Cockrell School of Engineering ဌာန ပရော်ဖက်ဆာတစ်ဦးဖြစ်သူ၊ Lithium-Ion ဘက်ထရီကို ပူးတွဲတီထွင်ခဲ့သူတစ်ဦးလည်းဖြစ်တဲ့ အသက် ၉၄ နှစ်အရွယ် John Goodenough ဟာ မကြာသေးမီက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ပိုမိုကောင်းမွန်တဲ့ဘက်ထရီအသစ်တစ်မျိုးကို တီထွင်ခဲ့တာဖြစ်ကြောင်း Scientific American သတင်းစာမှာ ဖော်ပြပါရှိလာပါတယ်။

                သတင်းစာမှာ ဖော်ပြထားချက်အရ Goodenough ဦးဆောင်တဲ့အဖွဲ့ကနေ တီထွင်ခဲ့တဲ့ ဘက်ထရီနည်းပညာအသစ်ဟာ Solid-State Design နဲ့ ဖြစ်ပြီး၊ အခုလက်ရှိ Lithium-Ion ဘက်ထရီတွေထက် ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်ကာ၊ ပေါက်ကွဲမှုလည်း လုံးဝမဖြစ်ပေါ်နိုင်ဘူးလို့ သိရပါတယ်။

                လက်ရှိ Lithium-Ion ဘက်ထရီဆဲလ်တွေမှာ အသုံးပြုထားတဲ့ မီးလောင်ကျွမ်းနိုင်တဲ့ Liquid Electrolyte (လျှပ်စစ်စီးဝင်နိုင်သော လျှပ်လိုက်ရည်) အစား အခဲဖြစ်တဲ့ Glass ကို အသုံးပြုထားပြီး၊ ဒီဘက်ခေတ်ဘက်ထရီတွေလို ပူတာလောင်တာတွေ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

                တခြား Solid-State ဘက်ထရီတွေနဲ့ မတူတာက Goodenough ရဲ့ ဘက်ထရီအသစ်မှာ လျှပ်ကူးဖို့အတွက် Lithium ဒြပ်စင်အစား စျေးသက်သာပြီး၊ ပင်လယ်ရေကနေ ထုတ်ယူနိုင်တဲ့ ဆိုဒီယမ်ဒြပ်စင်ကို အသုံးပြုနိုင်မှာဖြစ်တာကြောင့် ထုတ်လုပ်မှုစရိတ်က တော်တော်နည်းမှာပါ။

                တီထွင်သူအဖွဲ့ရဲ့ပြောကြားချက်အရ Glass-Electrolyte သုံး Solid-State Battery ရဲ့ အားသာချက်က Charge လုပ်တာရော Battery Discharge လုပ်တာမှာပါ ပိုမြန်မြန်ဆန်ဆန်လုပ်နိုင်ပြီး၊ ဘက်ထရီသက်တမ်းလည်း ပိုခံမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီ့အပြင် စွမ်းအင်သိပ်သည်းဆပိုမြင့်တာကြောင့် စွမ်းအင်သိုလျောင်နိုင်မှုပမာဏ တိုးမြှင့်စရာမလိုဘဲ ဘက်ထရီအားများများ သိုလျောင်ထားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

                လက်ရှိအချိန်မှာတော့ ယခုဘက်ထရီအသစ်ဟာ စမ်းသပ်တီထွင်ဆဲအဆင့်မှာပဲရှိသေးပြီး၊ တကယ်စျေးကွက်ဝင်ထုတ်လုပ်နိုင်ဖို့က နှစ်တော်တော်ကြာအချိန်ယူရဦးမှာပါ။

                အခုလက်ရှိမှာ တစ်ချို့ကုမ္ပဏီတွေက Goodenough တို့ရဲ့ ဘက်ထရီဒီဇိုင်းနဲ့မတူတဲ့ Solid-State Battery တွေကို စျေးကွက်ဝင်ထုတ်လုပ်လျက်ရှိပြီး၊ ပြင်သစ်ကုမ္ပဏီ Bollore က ထုတ်လုပ်တဲ့ BlueCar လျှပ်စစ်ကားတွေမှာ အသုံးပြုလျက်ရှိပါတယ်။


References
Yahoo Venture Beat
About Author
Assinged Tags
Science Battery Lithium-Ion Battery Solid-State Battery
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed