အသုံးပြုပြီးသား Dragon Capsule ကို ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်အသုံးပြုနိုင်ခဲ့တဲ့ SpaceX

date_range 04 June 2017

အသုံးပြုပြီးသား Dragon Capsule ကို ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်အသုံးပြုနိုင်ခဲ့တဲ့ SpaceX

visibility 250 Views

                Elon Musk ကြီး ကိုယ်တိုင်ဦးစီးဦးဆောင်ပြုနေတဲ့ SpaceX ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်၊ ဧပြီလတုန်းက လွှတ်တင်ပြီးသား Falcon 9 လွန်းပျံယာဉ်ကို ပြန်လည်လွှတ်တင်နိုင်ခဲ့ပြီး အာကာသခရီးသွားသမိုင်းမှာ တဆစ်ချိုးနိုင်ခဲ့သလို (ဒီသတင်းကို ဒီမှာ ဖတ်ရှုပါ) အခုတစ်ကြိမ်မှာတော့ အသုံးပြုပြီးသား Dragon Capsule ကို ပထမဉီးဆုံးအကြိမ်အဖြစ် ပြန်လည်အသုံးပြုကာ နောက်ထပ်တစ်ကြိမ် အာကာသခရီးသွားသမိုင်းမှာ တဆစ်ချိုးနိုင်ခဲ့ပါပြီ။

                ဒီတစ်ခေါက်လွှတ်တင်မှုဟာ NASA ရဲ့ Space Mission အရေအတွက်ပေါင်း ၁၀၀ ပြည့်တဲ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လဲ ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာပေါ်သို့ သွားရောက်ရမယ့် လွန်းပျံယာဉ်ကို လွှတ်တင်ပေးခဲ့တဲ့ Kennedy Space Center ကနေ Falcon 9 ကို လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

                SpaceX ရဲ့ Falcon 9 လွန်းပျံယာဉ်ဟာ ISS (International Space Station) အတွက် လိုအပ်တဲ့ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပြီးတဲ့ အခါမှာတော့ ဇွန်လ ၃ ရက်နေ့၊ မနေ့ကပဲ ကမ္ဘာမြေပြင်သို့ အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

                ဒီတစ်ကြိမ်မှာတော့ Falcon 9 ဟာ အမေရိကန်နိုင်ငံ Florida ပြည်နယ်၊ Cape Canaveral မြို့မှာတည်ရှိတဲ့ Landing Zone 1 မှာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။ ISS အတွက် ပစ္စည်းတွေကိုတော့ အသုံးပြုပြီးသား Dragon Capsule ထဲမှာ ထည့်သွင်းပြီး Falcon 9 နဲ့အတူ သယ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

                Dragon Capsule ဟာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတုန်းကလည်း SpaceX ရဲ့ လေးကြိမ်မြောက် Resupply Mission အနေနဲ့ NASA အတွက် ပစ္စည်းတွေကို အာကာသထဲကို ပို့ဆောင်ပေးဖို့အတွက် အသုံးပြုခဲ့ပါသေးတယ်။ အခုတစ်ခေါက် ပျံသန်းမှုမှာ SpaceX ဟာ အသုံးပြုပြီးသား Cargo Capsule (လွန်းပျံယာဉ်အတွင်း ပစ္စည်းများထည့်သွင်းနိုင်သည့် သီးသန့်အခန်း) ကို ပြန်လည်အသုံးပြုနိုင်ခဲ့တဲ့ ပထမဦးဆုံး ပုဂ္ဂလိက အာကာသခရီးသွားကုမ္ပဏီတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

                Dragon Capsule ဟာ ISS မှာ နေထိုင်နေကြတဲ့ သိပ္ပံပညာရှင်တွေနဲ့ အာကာသယာဉ်မှူးတွေအတွက် ပေါင် ၆,၀၀၀ အလေးချိန်ရှိတဲ့ သိပ္ပံစမ်းသပ်ပစ္စည်းတွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို သယ်ဆောင်သွားတာ ဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် SpaceX လက်ထဲမှာ၊ Falcon 9 ကိုပါ ထည့်တွက်မယ်ဆိုရင်၊ အောင်မြင်စွာလွှတ်တင်နိုင်လို၊ ကမ္ဘာမြေပြင်ပေါ်ကိုလည်း အောင်မြင်စွာပြန်လည်ဆင်းသက်နိုင်ခဲ့တဲ့ လွန်းပျံယာဉ်အစီးပေါင်း ၁၁ စီး ရှိနေပြီ ဖြစ်ပါတယ်။ 

                SpaceX အနေနဲ့ အနာဂါတ်မှာ Dragon Capsules တွေကိုပဲ ပြန်လည်အသုံးချသွားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဘာလို့လဲဆိုတော့ SpaceX က အင်ဂျင်နီယာတွေအနေနဲ့ Crew Dragon သို့မဟုတ် Dragon 2 လို့ အမည်ပေးထားတဲ့ လွန်းပျံယာဉ်သစ်ထုတ်လုပ်မှု အပေါ်မှာပဲ အာရုံအပြည့်အဝ စူးစိုက်ထားချင်လို့ ဖြစ်ပါတယ်။ ဒီလွန်းပျံယာဉ်သစ်ဟာ အာကာသယာဉ်မှူးတွေကို ISS နဲ့ အသွား၊ အပြန် ပို့ဆောင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

                နောက်ပြီး ဒီလွန်ပျံယာဉ်သစ်ဟာ ကမ္ဘာမြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်တဲ့အခါကျရင် Falcon 9 လိုမျိုး၊ သာမန်လွန်းပျံယာဉ်တွေလို လေထီးတွေအသုံးပြုပြီး ဆင်းသက်မှာမဟုတ်ပဲ၊ လွယ်ကူစွာထိန်းချုပ်နိုင်တဲ့ Thrusters တွေနဲ့ ဆင်းသက်မှာ ဖြစ်ပါတယ်။

                SpaceX လက်ထဲမှာရှိတဲ့ Falcon 9 ၁၁ စင်းထဲက၊ ခြောက်စင်းကို ၂၀၁၇ အကုန်ပိုင်းမတိုင်ခင် ပြန်လည်လွှတ်တင်သွားနိုင်မယ်လို့လည်း SpaceX က တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ SpaceX အနေနဲ့ လွန်ခဲ့တဲ့နှစ်ပါတ်လောက်ကမှ လွန်းပျံယာဉ်လွှတ်တင်ခဲ့တာပါ။ နောက်နှစ်ပါတ်နေရင်လည်း နောက်ထပ်လွန်းပျံယာဉ်တစ်စင်းကို လွှတ်တင်ဦးမှာပါ။ SpaceX ရဲ့ အမှုဆောင်အရာရှိချုပ် Gwynne Shotwell ကလည်း ဒီနှစ်ထဲမှာ လွန်းပျံယာဉ်တွေအများကြီး လွှတ်တင်သွားဖို့ အစီစဉ်ရှိပါတယ်လို့ ပြောကြားသွားပါသေးတယ်။

References
The Verge
About Author
Assinged Tags
SpaceX Dragon Capsule Space Travel Space Transportation International Space Station Falcon 9
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed